သိန္နီမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန် တစ်ဦး ခွင့်ပြုထားပြီး လက်ထောက်ဆရာဝန်နှစ်ဦးသည် သိန္နီမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် လပွတ္တာတိုက်နယ်ဆေးရုံသို့်လည်းကောင်း ၂၀၁၄ ခုနှစ် မေလတွင် အသီးသီးပြောင်းရွှေ့သွားခဲ့ပါကြောင်း၊ ထို့ကြောင့် တိုက်နယ်ဆေးရုံမှ တာဝန်ကျသော မိမိတို့မြို့နယ်တွင် နွေအကုန်မိုးဦး၊ မိုးအကုန်ဆောင်းအဝင် ကာလများတွင် ရာသီဥတု ကူးပြောင်းဒဏ်ကြောင့် မထင်မှတ်သော ရောဂါဝေဒနာများ ကျရောက်တက်သည့်အတွက် ဆရာဝန်များလုံလောက်ရန် အမြဲလိုအပ်ပါကြောင်း၊ ထို့အပြင် သိန္နီမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားဆရာဝန်တစ်ဦး ခန့်ထားပေးခဲ့ပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် နှစ်ဦးကာလတွင် တခြားဒေသသို့ ပြောင်းရွှေ့ သွားခဲ့ရသည့်အတွက်လည်း ပြည်သူလူထုများသည် သွားကျန်းမာရေးအတွက် ပြင်ပ ဆေးခန်းကိုသာ သွားရောက်ကုသနေရပါကြောင်း၊ ထို့ကြောင့် (၁) သိန္နီမြို့နယ် ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်နှစ်ဦး ပြန်လည်ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) လစ်လပ်သွားသော သွားဆရာဝန်ကိုပြန်လည်ခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ခန့်အပ်ပေးမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန် နှစ်ဦးအတွက် ရှမ်းပြည်နယ်၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ ပြည့်ဖြိုးကိုကို (ဆမ-၃၀၁၃၃) အား ကျန်းမာရေးဝန်ကြီးဌာန၏ ၂-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပသော စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၁၅) ၏ သဘောတူ ဆုံးဖြတ်ချက်အရ ၈-၁-၂၀၁၅ ရက်စွဲပါအမိန့်စာဖြင့် ပြောင်းရွှေ့ခန့်ထားပြီးဖြစ်ပါကြောင်းနှင့် ကျန်လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်တစ်ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် သစ်လွင်လက်ထောက်ဆရာဝန်များ စိစစ်ရွေးချယ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် လုပ်ငန်းအတွေ့အကြုံရရှိစေရန် သစ်လွင်ဆရာဝန် ၂၁ ဦးအား သင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါဆရာဝန်များ လုပ်သက်ရရှိချိန်မှသာ ပြောင်းရွှေ့တာဝန်ချထားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်လွင်ဆရာဝန်ခန့်ထားခြင်း၊ နေရာချထားခြင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားပေးသော နေရာများအတိုင်း ခန့်ထားပေးလျက်ရှိပါကြောင်း၊ လစ်လပ်နေသော သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ ၁၈-၃-၂၀၁၅ ရက်စွဲပါ အမိန့်ကြေငြာစာဖြင့် သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာရဲမင်းသိန်းအား သိန္နီမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ချထား ပြီးဖြစ်၍ ၁-၄-၂၀၁၅ ရက်နေ့တွင် အလုပ်စတင်တာဝန်ထမ်းဆောင်နေ ပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
