(ဃ)-ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲ မြို့နယ်၊ ကျိုင်းတောင်မြို့တွင် ဆက်သွယ်ရေး မိုဘိုင်းဖုန်း အမြန်ဆုံးတပ်ဆင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၉)ရက်မြောက်နေ့ (၅.၆.၂၀၁၅)

ဦးစိုင်းကျော်မြင့် (မိုးနဲ) ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူထားသည်မှာ ကြာပြီဖြစ်သော်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ယနေ့အထိ ဆက်သွယ်ရေးမိုဘိုင်းဖုန်း အသုံးပြုခွင့် မရရှိသေးပါကြောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီးနှင့် တွေ့စဉ်က နိုင်ဝင်ဘာ၊ ဒီဇင်ဘာလတွင် ရမည်ဟု မိမိအား ပြောပြထားပြီးဖြစ်သော်လည်း ဒေသခံပြည်သူများ၏ လိုအင်ဆန္ဒအရ လွှတ်တော်သို့ ထပ်မံတင်ပြ ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေးလံခေါင်သီသော ကျိုင်းတောင်းမြို့တွင် မိုဘိုင်းဖုန်းဆက်သွယ် အသုံးပြုနိုင်ရေး အခြေအနေနှင့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်းမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းတိုးချဲ့ခြင်း (1+3) စီမံကိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကျေးသီး၊ မိုင်းနောင်၊ ဟိုမိန်း၊ မိုင်းပွန်၊ မောက်မယ်၊ မိုင်းပန်၊ ပင်းတယ၊ နောင်ကား၊ တောင်ကြီးနှင့် ကျိုင်းတောင်း မြို့အပါအဝင် ရေဒီယိုစခန်း ၁၀ ခု တည်ဆောက်ရာ အခြေခံလုပ်ငန်းများအားလုံး ပြီးစီးနေပြီဖြစ်ပါကြောင်း၊ စခန်းများအားလုံးအတွက် စက်တပ်ဆင်ခြင်းလုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် KSGM Co.,Ltd တို့ ပူးပေါင်းပြီး ဆောင်ရွက်နေသော Phase(1) နှင့် (2) စီမံကိန်းအရ တပ်ဆင် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ကျိုင်းတောင်းအပါအဝင် မိုင်းနောင်၊ မိုင်းပွန်၊ ပင်းတယ၊ နောင်ကားရေဒီယိုစခန်းများတွင် စက်တပ်ဆင်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလတွင်  ပြီးစီးမည်ဖြစ်ပါကြောင်း။

ထို့အပြင် ယခုလက်ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် Telenor Myanmar Limited ကတာဝါတိုင် ၅ တိုင်နှင့် Ooredoo Myanmar Limited မှတာဝါတိုင် ၂ တိုင်ကို မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရန်အတွက် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ သို့ရာတွင် ကျိုင်းတောင်းမြို့၍ Telenor Myanmar Limited နှင့် Ooredoo Myanmar Limited များ ယခုအချိန်တွင် တာဝါတိုင်တည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။