(ခ)-ဂန့်ဂေါမြို့တွင် ခေတ်မီအားကစားကွင်းတစ်ခု၊ ပွဲကြည့်စင်နှင့်မိုးလုံလေလုံအားကစားရုံတစ်ရုံတို့ကို ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၉)ရက်မြောက်နေ့ (၅.၆.၂၀၁၅)

ဦးအောင်မြင့် (ဂန့်ဂေါ) ၂၀၁၄ ခုနှစ်၊ (၁၁)ကြိမ်မြောက် ပုံမှန်လွှတ်တော်အစည်းအဝေးတွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ခရိုင်အဆင့်နှင့်ညီညွတ်သော ခေတ်မီအားကစားကွင်းတစ်ခု၊ ပွဲကြည့်စင် နှင့် မိုးလုံလေလုံ အားကစားရုံတို့အား ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် တည်ဆောက် ပေးရန် တင်ပြတောင်းဆိုခဲ့မှုကြောင့်လည်း ယခုအခါ ဂန့်ဂေါမြို့တွင် မြို့နယ်အားကစားရုံ၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားပွဲကြည့်စင်တို့ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ကာ တည်ဆောက်ပေး ထားပြီးပြီဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရနှင့် အားကစားဝန်ကြီး ဌာနတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။ ယခု ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ တည်ဆောက်ရန်ကျန်ရှိနေသော မိုးလုံလေလုံအားကစားရုံတစ်ခုကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ တည်ဆောက်ပေးနိုင်ခြင်း မရှိပါကမည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည့်အစီ အစဉ်တို့အား သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း
အဖြေ

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်အဆင့်နှင့်ညီစေရန် ၂၀၁၄-၁၅ ခုနှစ်တွင် လက်ထောက်ညွှန်ကြားရေးမှူး ရုံးတစ်ရုံးနှင့် အိမ်တစ်ဆောင်၊  ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ကျပ်သန်း ၁၅၀ ပါဝင်၍ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေမှ ဂန့်ဂေါမြို့နယ် အားကစားကွင်း အဆင့်မြှင့်တင်ရေးအတွက် ကျပ်သိန်းပေါင်း ၅၀၀ ကို ခွင့်ပြု‌ပေးခဲ့ပြီးဖြစ် ပါကြောင်း၊ ဂန့်ဂေါမြို့နယ် ခရိုင်အဆင့်အားကစားကွင်း တစ်ခု၊ ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံနှင့် ပတ်သက်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်းခေါင်းစဉ်တွင် ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ တစ်ရုံအတွက်ကို လျာထားချက်အနေဖြင့် သိန်း ၂၇၀၀ ကျော် လျာထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်အရ ယခုနှစ် ခွင့်ပြုချက် ရန်ပုံငွေတွင် ပါရှိခြင်းမရှိသည့်အတွက် ဂန့်ဂေါခရိုင်အဆင့်မြှင့်တင်ရေး အားကစားကွင်း၊ ပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေးအတွက်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။