မိမိအနေဖြင့် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးတွင် မုန်တိုင်းခံအဆောက်အဦများနှင့် စပ်လျဉ်း၍ ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့ရာတွင် လူမှုဝင်ထမ်း ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၂၁-၆-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁/၃-၅၅ လွှတ်တော် ၂၃၂ မြေပုံမြို့နယ် မုန်တိုင်းခံအဆောက်အဦ ၁၃ လုံး၊ ပေါက်တောမြို့နယ် ကျေးရွာသုံးရွာတွင် မုန်တိုင်းခံ အဆောက်အဦ ၅၄ လုံး၊ ရသေ့တောင်မြို့နယ် သုံးရွာတွင် မုန်တိုင်းခံအဆောက်အဦ ၁၇ လုံး၊ မင်းပြားမြို့နယ် လေးရွာတွင် မုန်တိုင်းခံအဆောက်အအုံ ၄၉ လုံး စုစုပေါင်း ၂၅၁၊ တစ်လုံးလျှင် သန်းပေါင်း ၂၅ သန်းဖြင့် ကုန်ကျငွေ ၆၂၇၅ သန်းဖြင့် ဦးစားပေး တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များရရှိပါက ဆက်လက် အကောင် အထည်ဖော် ဆောင် ရွက်သွားမည်ကိုလည်း ဖြေကြားထားပါကြောင်း၊ ဒုတိယအကြိမ် မေးမြန်းရာတွင်လည်း ပထမအကြိမ်ကဲ့သို့ ဝန်ကြီးဌာနမှ ဖြေကြားသည့်အခါတွင် ယခုအဆင့်ထက် မပိုခဲ့ပါကြောင်း၊ ထို့ကြောင့် ယခု တတိယအကြိမ် မေးမြန်း ရခြင်းဖြစ်ပါကြောင်း၊ မေးခွန်း(၁) ပြည်ထောင်စုဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်အတွင်း ဦးစားပေးအဆင့်သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်မည့် မုန်တိုင်းခံ အဆောက်အဦ ၂၅၁ ထဲမှ အဆောက်အဦမည်မျှကို ဆောက်လုပ်ပေးပြီးစီးသည်၊ မည်သည့်မြို့နယ်/ မည်သည့်ကျေးရွာများတွင် ဖြစ်သည်၊ မေးခွန်း(၂) ကျန်အဆောက် အဦများ ဆောက်လုပ်နိုင်ရန် နှစ်စဉ်လျာထားသတ် မှတ်ချက် လုပ်ငန်းစဉ်နှင့် မေးခွန်း(၃) နိုင်ငံခြားအကူအညီ အထောက်အပံ့မရရှိပါကမုန်တိုင်းခံ အဆောက်အဦများ တည်ဆောက် နိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကို သာမန်အချိန်တွင် စာသင်ကျောင်း၊ ဘိုးဘွားရိပ်သာ၊ ဓမ္မာရုံစသည့် Community Shelter အဖြစ် အသုံးပြုနိုင်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက ယာယီခိုလုံရာ အဆောက်အဦအဖြစ် အသုံးပြုနိုင် သော Multipurpose Shelter တစ်လုံး ကို ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ကျပ်သိန်း ၆၀၀ သုံးစွဲလျက် မြေပုံမြို့နယ် လွန်းလုံးပိုက်ကျေးရွာတွင် Multipurpose Shelter တစ်လုံးနှင့် ပေါက်တောမြို့နယ် သာစည် ကုန်းကျေးရွာတွင် Multipurpose Shelter တစ်လုံးတို့အား ဆောက်လုပ်ပေးခဲ့ရာ မြေပုံမြို့နယ် လွန်းလုံးပိုက်ကျေးရွာတွင် Multipurpose Shelter အား ၂၅-၁၁-၁၄ ရက်နေ့တွင်လည်းကောင်း၊ ပေါက်တောမြို့နယ် သာစည်ကုန်းကျေးရွာတွင် Multipurpose Shelter တစ်လုံးအား ၂၅-၉-၁၄ ရက်နေ့တွင် လည်းကောင်း ဆောက်လုပ်ပေးခဲ့ပြီး ပြီးဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် စုစုပေါင်း ကျပ်သန်း ၃၅၀၀၀ တန်ဖိုးရှိသည့် Cyclone Shelter (၁၀) တစ်လုံးကို စစ်တွေမြို့နယ် ပလ္လင်ကျေးရွာ၊ မင်းလှကျေးရွာ၊ သဲချောင်းကျေးရွာ၊ ဘောတူဖကျေးရွာ၊ ပေါက်တောမြို့နယ် ကံပြင်ကျေးရွာ၊ မင်းပြားမြို့နယ် အိုင်ဝန်းကျေးရွာ၊ မြေပုံမြို့နယ် သင်ပေါင်းချောင်းကျေး ရွာ၊ ပြင်ချောင်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် သဲတန်းကျေးရွာနှင့် တောင်ကုတ်မြို့နယ် ငမောက်ချောင်း ကျေးရွာတို့တွင် တည်ဆောက်လျက်ရှိရာ စစ်တွေမြို့နယ်၊ ပေါက်တောမြို့ နယ်၊ မြေပုံမြို့နယ်၊ တောင်ကုတ်မြို့နယ်တို့တွင် ဆောက်လုပ်လျက်ရှိသည့် Cyclone Shelter များသည် ၉၀% ဆောက်လုပ်ပြီးစီးပြီး ကျောက်ဖြူမြို့နယ် သဲတန်းကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် Cyclone Shelter သည် (၅၀%)၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာရှိ Cyclone Shelter မှာ ရာနှုန်းပြည့် ဆောက်လုပ်ပြီးပြီဖြစ်ပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လွယ်သော နေရာများ၌ Multipurpose Shelter နှစ်လုံး ဆောက်လုပ်ပေး ခဲ့ပြီးပြီ ဖြစ်သည့်အပြင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း Cyclone Shelter ၁၀ လုံးအား တည်ဆောက်ပေးလျက်ရှိပါသဖြင့် ယခုအခြေအနေတွင် Cyclone Shelter ၁၂ လုံး တည်ဆောက်ထားပြီးပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ဘတ်ဂျက်သည် လတ်တလောအနေဖြင့် လျာထားတောင်းခံထားခြင်း မရှိပါကြောင်းနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့ကို မရရှိပါက နိုင်ငံတော်ဘတ်ဂျက် ခွဲဝေရရှိမှုအပေါ် မူတည်ပြီးဝန်ကြီးဌာနအနေဖြင့် တိုးမြှင့် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း(မြေပုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုဖြေကြားချက်များတွင် မုန်တိုင်းခံအဆောက်အဦ ၂၅၁ လုံးကို ဦးစားပေးအစီအစဉ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်းပါရှိပါကြောင်း၊ ဆယ်ဂဏန်းခန့်သာရှိသည့် မိမိတို့ ရခိုင် တစ်ပြည်နယ် လုံးတွင်ရှိသည့် ကုန်းမြင့်မရှိသည့် ရွာပေါင်း ၃၀၀ ကျော်၊ ၄၀၀ ကျော် ပတ်ဝန်းကျင်ကို အကာအကွယ်မပြုနိုင်ပါကြောင်း၊ နိုင်ငံခြားအကူအညီရယူမှုနှင့် စပ်လျဉ်း၍ မိမိတို့အသက်၏ အသက်အိုးအိမ် စည်းစိမ်တည်မြဲရန် အတွက် နိုင်ငံခြားအကူအညီအပေါ် မှီခိုနေရခြင်းသည် သင့်လျော်ခြင်း ရှိ/မရှိနှင့် နိုင်ငံတော်မှ ယခုကဲ့သို့ သေရေးရှင်ရေး ပြသာနာကို ပေါ့ဆစွာ ဖြေကြားနေရသည်နှင့် ကျန်သည့် အဆောက်အဦများကို ဆောက်လုပ်ပေးရန် အချိန်ကိုလည်း အလျဉ်းသင့်သလို ဆောင်ရွက်ပေးမည်ဆိုသည့် သဘောမျိုးသာ ဖြေပါကြောင်း၊ ၎င်း ကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် မည်ကဲ့သို့ အခက်အခဲကြောင့် ဆောက်လုပ်မပေးနိုင်သည်ကိုလည်းကောင်း၊ နိုင်ငံတော်မှ အဘယ့်ကြောင့် ၎င်း အပေါ်တွင် မကူညီနိုင်သည်ကိုလည်းကောင်း၊ နိုင်ငံခြားအကူအညီရရှိမှ ဆောင်ရွက်ပေးမည်ဆိုသည်မှာ အဓိပ္ပာယ်ရှိ/ မရှိကိုလည်းကောင်း ထပ်ဆင့် မေးမြန်းပါသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်
ပြည်ထောင်စုအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနအနေနှင့် ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ခွင့်ပြုချက် အတိုင်း မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တင်ပြတောင်းခံထားပါကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင် လိုအပ်နေသည့် Cyclone Shelter များကိုလည်း ဘတ်ဂျက်အလိုက် ထည့်သွင်းပြီး တောင်းဆိုပါကြောင်း၊ သို့သော်လည်း ဘတ်ဂျက်၏ ခွင့်ပြုချက်ရရှိသည့် အပေါ်တွင် မိမိတို့ ပြည်ထောင်စုအဆင့်အနေဖြင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်မှာရှိသည့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် သော်လည်းကောင်း အစိုးရအဖွဲ့မှ တောင်းဆိုချက်အတိုင်း ထိုက်လျောက်သည့် လုပ်ငန်းစဉ်များအတိုင်း ထည့်သွင်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံခြားအကူအညီ အထောက်အပံ့သည် ၎င်းတို့ပေးနိုင်သည့် အချိန်မှရရှိနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံ၏ဘတ်ဂျက်အပေါ်၊ ရရှိသည့်အပေါ်တွင် ဦးစားပေးပြီး ဆောင်ရွက်သွားခြင်း ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ဖြစ်ပေါ်လာပါက တောင်ကုန်း အကာအကွယ်များ မရှိသည့် နေရာများတွင်ပင် အပြည့်အဝ Cyclone Shelter များကို ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ဘတ်ဂျက်ရရှိသည့် အပေါ်တွင် ၁၀ လုံးရလျှင် ၁၀၊ ၅ လုံးရလျှင် ၅ လုံးအတိုင်း ထိုက်သင့်သည့် အလျောက်သွားနေရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ခွဲဝေမှုပေါ် နည်းပါးစွာရရှိသည့် ဝန်ကြီးဌာနဖြစ်သည့်အတွက် တောင်းခံသော်လည်း ဘတ်ဂျက်၏ အတိုင်းအတာ အရ ဆောင်ရွက်နေ ရခြင်းဖြစ်ပါကြောင်း၊ ယခု ဆက်လက်ပြီးလာမည့် ဘတ်ဂျက်အလိုက်အတိုင်းလည်း လိုအပ်နေသည့် နေရာများအတိုင်း Cyclone Shelter များကို ထပ်ဆင့်ထည့်သွင့််ပြီး စီမံကိန်းရေးဆွဲထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
