(င)-ကျောက်တံခါးမြို့နယ်အတွင်းရှိသူဌေးကုန်း -တောင်ခင်-အလှိုင်-ငဖယ်အင်း-စစ်တောင်းတာ လမ်းမကြီးသည်မြေသားလမ်းဖြစ်ပြီးမိုးတွင်းကာလ တွင်လမ်းချော်ခြင်းများဖြစ်ပေါ်နေပါသဖြင့်မည်သည့် အချိန်တွင် ပြန်လည်ပြု ပြင်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၃)ရက်မြောက်နေ့ (၂၇.၅.၂၀၁၅)

ဒေါက်တာ ခင်မောင်ဆွေ( ကျောက်တံခါးမဲဆန္ဒနယ်)ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တောင်ခင်ကျေးရွာအုပ်စု တောင်ခင်ကျေးရွာ၊  လေးအိမ်စုကျေးရွာ၊ အလှိုင်ကျေးရွာ၊ နွားရေချောင်းကျေးရွာ၊ ကြိတ်ခင်းကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာနှင့် လက်ခံစုကျေးရွာအုပ်စု လက်ခံကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ငဖယ်အင်းကျေးရွာ၊ ကျောက်ဆစ်ကျေးရွာကို ဆက်သွယ်ထားသော သူဌေးကုန်း-အလှိုင်-ငဖယ်အင်း-စစ်တောင်းတာ လမ်းမကြီးသည် အရှည်အားဖြင့်  (၇)မိုင် (၂)ဖာလုံ၊ အကျယ် ၁၀ ပေ၊ အမြင့် ၉ လက်မရှိပါကြောင်း၊ ၎င်း လမ်းမကြီးသည် မြေသားလမ်းဖြစ်ပြီး မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်ပါကြောင်း၊ ထိုလမ်းမကြီးကိုအသုံးပြု၍ ပြည်သူလူထုနှင့် ကျောင်းသား/သူများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ လမ်းမကြီးကို ကျေးရွာပေါင်း ၁၀ ရွာ၊ အိမ်ခြေပေါင်း ၁၃၆၂ အိမ်ရှိပြီး လူဦးရေမှာ ၇၇၇၅ ဦးခန့်ရှိပါသည်။ ထိုကျေးရွာပေါင်း ၁၀ ရွာတွင် ကရင်တိုင်းရင်းသား တောင်သူလယ်သမားအများစု မှီတင်းနေထိုင်ကြပြီး ၎င်းလမ်းမကြီးကိုသာ အဓိကထား၍ အသုံးပြုနေရပါကြောင်း၊ ထို့အပြင် စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ ကျွန်းကြီးသုံးရွာနှင့် အနီးနားရွာပေါင်း ခုနစ်ရွာမှ ပြည်သူများကလည်း လက်ခံကူးတို့ကနေတစ်ဆင့် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းမသို့ အချိန်တိုအတွင်းရောက်အောင် သွားနိုင်ပါကြောင်း၊ ယခုအခါ ထိုလမ်းမကြီးသည် နွေ၊ မိုး၊ ဆောင်း သွားလာ၍ မရလောက်အောင် ပျက်ဆီးနေသည်ကို နိုင်ငံတော်မှ သိရှိခြင်းရှိ/မရှိ သိရှိပါက ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်း-အလှိုင်-ငဖယ်အင်း-စစ်တောင်းတာ လမ်းမကြီးသည် (၇)မိုင်(၂)ဖာလုံ မြေသားလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ကျောက်ချောလမ်းအဖြစ် ပြန်လည်ပြီး တည်ဆောက်မည်ဆိုလျှင် ခန့်မှန်းကုန်ကျငွေ (၈၇၃.၇၁)သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပဲခူးတိုင်းတစ်တိုင်းလုံးအတွက် (၅၄၉၃.၇၇)သန်းကို လမ်းတံတားအတွက် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊

ကျောက်တံခါးမြို့နယ်အနေဖြင့် တင်ပြရလျှင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ယခုနှစ် ဘတ်ဂျက်တွင် (၂၆၅.၄၈)သန်း လမ်းတံတားအတွက် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့်ပတ်သက်ပြီး  ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွင့်ပြုထားခြင်း မရှိသေးပါကြောင်း၊ လတ်တလောတွင်လည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေးအစီအစဉ်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။