
ထီးချိုင့်မြို့ပေါ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိသည့်အနက် အမှတ်(၂) ရပ်ကွက်သည် လူဦးရေ နေထိုင်မှုသည် အခြားရပ်ကွက်များထက်ပိုများပါကြောင်း၊ ပညာရေးအတွက် အခြေခံ ပညာအလယ်တန်းကျောင်းခွဲ တစ်ကျောင်းနှင့် ကျောင်းသားဦးရေ ၅၅၀ ဦးရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ကျောင်းဆောင် ဟောင်း ကောင်းမွန်ခြင်းမရှိသည်ကို ပညာရေးဝန်ကြီးဌာနကို တင်ပြရာ၌ ကျပ်သိန်း ၃၆၀ ခွင့်ပြုချထားပေးခဲ့သည့်အတွက် ပေ ၁၂၀x ၃၀ နှစ်ထပ် ကျောင်းဆောင် ဆောက်ခဲ့လုပ်ခဲ့ပါကြောင်း၊ ထိုသို့ဆောက်လုပ်ခဲ့ရာတွင် ပေညာရေးဝန်ကြီးဌာနက ခွင့်ပြုထားငွေ ကျပ်သိန်း ၃၆၀ နှင့် ရပ်ကွက်မိဘများက လှူဒါန်းငွေ သိန်း ၂၀၀ စုစုပေါင်း သိန်း ၅၆၀ ခန့် ကုန်ကျခဲ့ပါကြောင်း၊
၇-၉-၂၀၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လာရောက်ပြီး ကျောင်းဆောင်ကို လာရောက်စစ်ဆေးခဲ့ရာ ကျောင်းသားဦးရေများပြားနေခြင်းကြောင့် ကျောင်းသားနှင့်ကျောင်းဆောင် မျှတရေးဦးတည်ပြီး RC နှစ် ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်နိုင်ရေးတွက်ချက်မှုနှင့်အတူ တင်ပြသွားရန် လမ်းညွှန်ချက် အရ မြို့နယ်ကလည်း အဆင့်ဆင့်ထောက်ခံချက်တွေရယူပြီးတော့မှ ၁-၁၀-၂၀၁၃ ရက်နေ့တွင် တင်ပြခဲ့သည်ကို သိရှိရပါကြောင်း၊ သို့သော် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုချက်တွင် ပါဝင်လာခြင်းမရှိသည့်အတွက် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာနက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ် အောက်မှ လျာထားတင်ပြဆောင် ရွက်ပြီးဖြစ်သည်ဟု ဖြေကြားခဲ့သော်လည်း ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်၏ ခွင့်ပြုချက်တွင် ပါရှိလာခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အမှတ်(၂)ရပ်ကွက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသားဦးရေများပြား နေခြင်းကြောင့် အမှန်တစ်ကယ် လိုအပ်နေသော ကျောင်းဆောင်သစ်ရရှိရေးကို ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်း ဆောင်များ၊ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီးသတ်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်ကမ်း ကျောင်းဆောက် လုပ်ပေးသည့် သက်တမ်းကြာမြင့်မှု အန္တရာယ်ရှိမှုအခြေအနေ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မြို့နယ်ဦးစားပေးအစီအစဉ် ကျောင်းအလိုက် တန်းစီဇယားတွင် ထည့်သွင်းလျာထားခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် အညီ မြို့နယ်ဦးစားပေး အစီအစဉ် တန်းစီဇယားအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ၆၀ ပေ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် အသစ်ဆောက်လုပ်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ငွေကျပ် ၂၁.၆၀ သန်းကို ခွဲဝေပေးပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးစိုးစိုး(ထီးချိုင့်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အမှတ်(၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆောက်အဦသစ် ဆောက်လုပ်ရေးနှင့် စပ်လျဉ်း၍ မြိုန့ယ်၊ ခရိုင်၊ တိုင်း၏ ထောက်ခံတင်ပြချက်နှင့် ဝန်ကြီးဌာန၏ အဆောက်အဦပုံစံခွင့်ပြုဘဏ္ဍာ ငွေများ ကွာခြားနေပါကြောင်း၊ ထို့ကြောင့် ပညာရေး ဝန်ကြီးဌာနအနေနှင့် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်း ဆောင်သစ်ဆောက်လုပ်ရေးကိစ္စတွင် ခွင့်ပြုဘဏ္ဍာငွေကို ပြန်လည်စဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
မြို့နယ်၊ တိုင်းအသီးသီးတွင် ကျောင်းဆောင်လိုအပ်များရှိသည့်အတွက် မြို့နယ်အသီးသီးတွင် မျှတစွာ ရရှိရန်ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အနေဖြင့် လာမည့်နှစ်တွင် နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ချင်သည်ဆိုပါက ခွင့်ပြုငွေကို အနည်းငယ်ဆိုးမြှင့်ချပေးရန် ပြောကြားပေးမည်ဖြစ် ပါကြောင်း ဖြေကြားခဲ့ပါသည်။
