(ဂ)-ရန်ကုန်မြို့တွင်း ရောင်းချနေသောလမ်းဘေးဈေး ဆိုင်များစနစ်တကျရှိရေးနှင့် နေ့လယ် ၃ နာရီမှည ၁၀ နာရီအထိရောင်းချခွင့်ပြုရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၇)ရက်မြောက်နေ့ (၂၅.၈.၂၀၁၅)

မေးခွန်း အကြောင်းအရာ 

ရန်ကုန်မြို့သည် နိုင်ငံတကာက ဧည့်သည်များ ဝင်/ထွက်သွားလာနေသော အဓိကမြို့ကြီးလည်းဖြစ်ပါကြောင်း၊ ယခင် ပါလီမန်အစိုးရလက်ထက်တွင် ညဈေးတန်းများကို ညလုံးပေါက် ဖွင့်လှစ်မှုများရှိခဲ့ပါကြောင်း၊ ဥပမာ လဟာပြင်ဈေးကဲ့သို့သော ဈေးများ၊ ကြည့်မြင်တိုင်ညဈေးတန်းကဲ့သို့ဈေးများ ဖွင့်လှစ်ပေးခြင်း၊ လမ်းစဉ် ပါတီခေတ်တွင်လည်း နေ့လယ် ၂ နာရီမှ ည ၁၁ နာရီအထိ ရောင်းချခွင့်ပေးထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ နဝတ၊ နရက၊ လက်ထက်အထိ အချိန်အတိုင်း ရောင်းချခွင့်ပြုထားခဲ့ပါကြောင်း၊ ယခုအခါတွင် နေ့လယ် ၃ နာရီမှ  ည ၈ နာရီအထိသာ ခွင့်ပြုထားသည့်အတွက် ဈေးရောင်းချနေသူများအနေဖြင့် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များ ရောင်းချချိန်သည် ၃ ၊ ၄ နာရီ ပတ်ဝန်းကျင်သာ ရှိသည့်အတွက် ၎င်းဈေးသည်များ၏ စားဝတ်နေရေးအတွက် အချိန်ကိုတိုးမြှင့်ဖွင့်လှစ် ပေးနိုင်ရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ပြီး ဆောင်ရွက်ပေးရန် အရေးကြီးလိုအပ်ပါကြောင်း၊ မိမိတို့ အိမ်နီးချင်းနိုင်ငံများတွင်လည်း လမ်းမကြီးတချို့တွင် ညနေမှစပြီး ည ၁၀ နာရီခန့်အထိ အခွန်အခပေးသည့် ဆိုင်များကိုရောင်းချခွင့်ပြု ပြီး ည ၁၀ နာရီနောက်ပိုင်းတွင် လူမှုဝန်ထမ်းဝန်ကြီးဌာနက ၎င်းတို့ကျောင်းများမှ ထုတ်လုပ်သည့် ပစ္စည်းကို အခွန်အခမရှိ ညလုံးပေါက် ရောင်းချခွင့်ပြုထားသည် ကိုလည်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရန်ကုန်မြို့တွင်ရှိနေသည့် လမ်းဘေးဈေးသည်များ အနေဖြင့်လည်း စည်းကမ်းစနစ်တကျ သန့်သန့်ရှင်းရှင်း ရောင်းချမည့် ဆိုင်များကို စနစ်တကျရောင်းချခွင့်ပြုရန်နှင့် လက်ရှိသတ်မှတ်ထားသော ည ၈ နာရီ အစား ည ၁၀ နာရီခန့်အထိ ရောင်းချခွင့် ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

ဖြေကြားချက် 

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် မြို့နယ်အသီးသီးရှိ ရောင်းချလျက်ရှိသော လမ်းဘေး ဈေးသည်များကြောင့် ယာဉ်သွားလာမှုပိတ်ဆို့ခြင်း၊ အမှိုက်အညစ်အကြေးများ လမ်းပေါ်သို့စွန့်ပစ်ခြင်း၊ လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ပြည်သူလူထုစားသုံးရန်မသင့်တော်သော ကျန်းမာရေး နှင့် ညီညွတ်မှုမရှိသည်‌့ အစားအသောက်များ ရောင်းချခြင်းစသည်‌့ ဆိုးကျိုးများဖြစ်ပေါ်စေသည်‌့အတွက် နှစ်စဉ်ရရှိနေသည့် လမ်းဘေးပျံကျ ဈေးကောက်ငွေကျပ် ဝ.၈ ဘီလီလျံအားဆုံးရှုံးခံ၍ ၁-၆-၂၀၁၅ မှစ၍ ဈေးကောက် ကောက်ခံခြင်းမရှိဘဲ လမ်းဘေးဈေးသည်များအား ရှင်းလင်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ မြို့တွင်းမြို့နယ်များရှိ အဓိကလမ်းမကြီးများတွင် လမ်းဘေးဈေးသည်များ စည်းကမ်းထိန်းသိမ်းမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဌာနများမှ အင်အားများဖွဲ့၍ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အလိုက် အဓိကကျသည့် လမ်းများဖြစ်သော ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းစိန်လမ်း၊ ဝေဇယန္တာလမ်း စသည့်လမ်းများပေါ်တွင် လမ်းဘေးဈေးသည်များ ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်ယူ စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် မြို့တွင်းမြို့နယ်များရှိ အဓိကလမ်းမကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနှင့်‌ ဗိုလ်အောင်ကျော်လမ်းတို့တွင် ဖြေလျော့သည့်အနေဖြင့် ၁၅း၀၀ နာရီမှ ၂၀း၀၀ နာရီအတွင်း ဈေးရောင်းချခွင့်ပြုထားပြီး နံပါတ်တပ် လမ်းများနှင့် အခြားအမည်တပ်လမ်းတို့တွင် အဆိုပါလမ်း၌နေထိုင်သူများ၏ သဘောထားပေါ် မူတည်၍ အချိန်ကန့်သတ်ချက်မထားရှိဘဲ ရောင်းချခွင့်ပြုထားပါကြောင်း၊ သို့ပါ၍ လမ်းအသုံးပြုသူများ အဆင်ပြေစွာ သွားလာနိုင်ရေးနှင်‌့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဝန်ထမ်းများ လုပ်ငန်း လုပ်ဆောင်ရာတွင် အဆင်ပြေနိုင်ရေးအတွက် မြို့တွင်းမြို့နယ်များရှိ အဓိကလမ်းမကြီးများတွင် နေ့စဉ် နံနက် ၀၆း၀၀ နာရီ မှ ညနေ ၁၅း၀၀ နာရီထိ စည်းကမ်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ၁၅း၀၀ နာရီမှ ၂၀း၀၀ နာရီအတွင်း ဖြေလျော့သည့်အနေဖြင့် ဈေးရောင်းချခွင့်ပြုထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။