(င)- ချောင်းဆုံမြို့နယ်ရှိ ကညှော်-ကတောင်စိန် လမ်း၊ စိန်မြတောင် တောင်ကုန်းအားတောင်ဖြတ် လမ်းဖောက်လုပ်ခြင်းနှင့်အခြားကျေးရွာချင်းဆက် လမ်းများနှင့့်် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၇)ရက်မြောက်နေ့ (၁၈.၅.၂၀၁၅)

မော်လမြိုင်မှ ချောင်းဆုံသို့ ဆက်သွယ်မည့်မြစ်ကူးတံတားကို နိုင်ငံတော်မှ တည်ဆောက်လျက်ရှိရာ ချောင်းဆုံဘက်ကမ်းတွင် ကညှော်ကျေးရွာဆိပ်ကမ်းစပ်အား ချင်းကပ်နေရာအဖြစ် သတ်မှတ်ထားခဲ့ပါကြောင်း၊ ၎င်း ကညှော်-ချင်းကပ်လမ်းသည် ချောင်းဆုံမြို့နယ်၏ အဓိကကျသော ကျွန်းပတ်ကတ္တရာလမ်းမကြီးနှင့် ၃ မိုင်ခန့် ကွာဝေးပြီး ကညှော်-တောင်စိန် ရွာချင်းဆက်လမ်းနှင့် ဆက်သွယ်ထားပါကြောင်း၊ ၎င်းလမ်း သည် ကျေးလက်မြေသား လမ်းအဆင့်မျှသာရှိပြီး ဆွေးမြေ့နေသော သစ်သားချောင်းကူးတံတား ၆ စင်းရှိပါကြောင်း၊ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားကိစ္စရပ်များတို့၏ သယ်ယူပို့ဆောင်ရေးကိစ္စအတွက် အဆိုပါ ကညှော်-ကတောင်စိန် လမ်းကိုသာ မဖြစ်မနေ အသုံးပြုရမည့် တစ်ခုတည်းသော လမ်းဖြစ်ပါသဖြင့် ၎င်းလမ်းအား ကတ္တရာလမ်းအဖြစ်လည်းကောင်း၊ သစ်သားလမ်းကူးတံတား ၆ စင်းအား သံကူကွန်ကရစ်တံတားအဖြစ် လည်းကောင်း ပြုပြင် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။

ချောင်းဆုံမြို့နယ်ရှိ ကတောင်စိန်နှင့် ရွာလွတ်ကျေးရွာတို့သည် ရှေ့နှင့် နောက် တည်ရှိနေကြပြီး တစ်မိုင်ခန့်သာ ကွာလှမ်းပါသော်လည်း စိန်မြတောင်သည် အလယ်တွင် ရှိနေပါသဖြင့် ကတောင်စိန်မှ ရွာလွတ်သို့ သွားလိုပါက အဆိုပါတောင်ကုန်းကို ဖြတ်ကျော်ရန် လမ်းမရှိသောကြောင့် ၄ မိုင်ကျော်ခန့်ဝေးသော လမ်းခရီးကို ဂငယ်ကွေ့ ကွေ့ပတ်ပြီး သွားရောက်ရသောကြောင့် ကတောင်စိန်မှ ရွာလွတ်သို့ အချိန်တို၊ ခရီးတိုအတွင်း သွားလာနိုင်ရေးအတွက် စိန်မြတောင် တောင်ကုန်းအား တောင်ဖြတ်လမ်းဖောက်လုပ်ပြီး ကားလမ်း၊ လူသွားလမ်းအဖြစ် ပြုလုပ်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း။

မိမိတို့မြို့နယ်တွင် ကျေးရွာပေါင်း ၇၈ ရွာရှိပြီး ကျေးရွာချင်းဆက်လမ်းပေါင်း များစွာရှိပါကြောင်း၊ မူရစ်ကလေးမှ ဆယ်ပလာ၊ ရွာလွတ်မှ ကွမ်ရိုက်၊ ဖံဖမှ မူးရစ်ကလေး၊ ကော့မုပွန်မှ မုဒွန်း၊ ခရိုက်ဒူးမှ ဇီးကုန်း၊ ကရင်ဝင်း စိန်မှ တော်ပွန် ကျေးရွာချင်းဆက်လမ်းများအား ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


အဖြေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်-ကတောင်စိန်လမ်းသည် စုစုပေါင်း ၁ မိုင် ၄ ဖာလုံရှိပြီး အဆိုပါ လမ်းပေါ်တွင် တံတား ၅ စင်း ရှိပါကြောင်း၊ ရွာလွတ်မှ ကတောင်စိန်ကို ၃ မိုင် ၄ ဖာလုံ၊ မူးရစ်ကလေး-ဆယ်ပလာကို ၂ မိုင် ၂ ဖာလုံ၊ ကော့မုပွန်မှ မုဒွန်းကို ၄ မိုင် ၃ ဖာလုံ၊ ရွာလွတ်မှ ကွမ်ရိုက်ကို ၂ မိုင်၊ ဖံဖမှ မုရစ်ကလေးကို ၁ မိုင် ၆ ဖာလုံ၊ ခရိုက်ဒူးမှ ဇီးကုန်းကို ၃ မိုင်နှင့် ကရင်ဝင်းစိန်မှ တော်ပွန်ကို ၃ မိုင် စုစုပေါင်း လမ်း ၈ လမ်းရှိပြီး မိုင်အားဖြင့် ၂၁ မိုင်နှင့် ၃ ဖာလုံ ရှိပါကြောင်း၊ ယင်းလမ်းကို ကတ္တရာခင်းမည်ဆိုပါက စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ၂၂၇၀.၀၂၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ လမ်းတံတားအတွက် ၃.၆၁၂ ဘီလီယံ ခွင့်ပြုထားပါကြောင်း၊ ချောင်းဆုံမြို့နယ်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၅၇၅.၇၅ သန်းဖြင့် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း။

သို့သော်လည်း ချောင်းဆုံမြို့နယ် လုပ်ငန်းများအနက် ကညှော်-ကတောင်စိန်လမ်း ကျောက်ချောလမ်း ၁ မိုင်၊ မူးရစ်ကလေး-ဆယ်ပလာလမ်း ကျောက်ချောလမ်း ၁ မိုင်နှင့် ကော့မုပွန်- မုဒွန်း ကျောက်ချောလမ်း ၂ မိုင် ၃ ဖာလုံတို့အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း တင်ဒါများခေါ်ယူပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန်လုပ်ငန်းများအား ကျေးလက်ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက် တင်ပြပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။