မေးခွန်း အကြောင်းအရာ
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် မကွေးမြို့တော်ခန်းမ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် ၂၀၁၄-၁၅ ခုနှစ်တွင် မွေးဖွားမှု၊ သေဆုံးမှုစာရင်း၊ မှတ်ပုံတင်ရေးအဖွဲ့၏ ပြောကြားချက်အရ မြန်မာနိုင်ငံလူဦးရ ၅၁ သန်းကျော်တွင် မွေးဖွားမှုဦးရေ ၆၄၅၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှုဦးရေ ၂၃၅၀၀၀ လောက်ဖြစ်ကြောင်း၊ ကျေးလက်နေ ကလေးသူငယ်များသည် မြို့ပြနေကလေးသူငယ်များသေဆုံး နှုန်းထက် ပိုမိုများပြားနေကြောင်း၊ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အတွင်း ၆၅၀၀၀ နီးပါးသေဆုံးပြီး တစ်နာရီလျှင် ကလေးရှစ်ဦးခန့် သေဆုံးနေပါကြောင်း ပြောကြားသွားသည်ကို သိရှိရပါကြောင်း၊ ၅-၅-၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း (၂၅) ကြိမ်မြောက် အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်ကလည်း မြန်မာနိုင်ငံ၏ မိခင်သေနှုန်း၊ မွေးကင်းစ၊ တစ်နှစ်အောက်နှင့် ငါးနှစ်အောက် ကလေးသေနှုန်းသည် နိုင်ငံတော်၏ အရေးကြီးသည့် ကျန်းမာရေး အညွှန်းကိန်းတစ်ခုဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ ယခု ၂၀၁၅ ခုနှစ်သည် ထောင်စုနှစ်ရည်မှန်းချက်သက်တမ်း ပြည့်မြောက်သည့် ကာလဖြစ်သည်နှင့် အညီ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် လွန်ခဲ့သည့် ၁၅ နှစ် ကာလက ကတိပြုခဲ့သည့် မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ မည်သည့်အဆင့်ထိ အောင်မြင်မှုရှိခဲ့သည်ကို ဆန်းစစ်ရန် လိုအပ်သောကြောင့် မိခင်နှင့်ကလေးသေဆုံးမှု ကျဆင်းရေး အရှိန်အဟုန်မြှင့် လုပ်ငန်းစတင်ခြင်း အခမ်းအနားဟု ဆိုသဖြင့် ယခုမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပါသလား၊ ယခင်ကတည်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည်နှင့်အညီ လျော်ညီစွာမည်သည့်အချိန်က စတင်ဆောင်ရွက်ခဲ့ပြီး မိခင်နှင့် ကလေးသေဆုံးနှုန်း မည်သည့်ကာလတွင် မည်မျှလျှော့ချနိုင်ပါသနည်း။ ၂၀၀၀ ခုနှစ်မှ ၁၅ ခုနှစ်အတွင်း ကျန်းမာရေးဘတ်ဂျက်၏ ရာခိုင်နှုန်းမည်မျှကို ကုသရေးနှင့် ဤစီမံချက်အတွက် အသုံးပြုခဲ့ပါသနည်း။ ကျေးလက်ရှိ ကလေးများသေဆုံးနှုန်းမှာ မြို့ပြကလေးများ၏ သေဆုံးနှုန်းထက် မြင့်မားနေသည်ကို လျှော့ချရန် ကျေးလက်ကျန်းမာရေးဌာနများနှင့် ကုသရေးဆေးဝါးများအတွက် ဘတ်ဂျက်၏ မည်သည့်ရာခိုင်နှုန်းကို အသုံးပြုခဲ့ကြောင်းနှင့် နောင်တွင်မည်မျှအထိ တိုးမြှင့်သုံးစွဲရန် လျာထားပါကြောင်းတို့ကို အများပြည်သူများသိရှိနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
မြန်မာနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် စတင်အကောင်အထည် ဖော်ခဲ့သည့် ကာလမှစ၍ မြို့ပေါ်ရပ်ကွက်နှင့် ဆင်ခြေဖုန်းဒေသများရှိ မိခင်များနှင့်ကလေးသူငယ်များ၏ စောင့်ရှောက်မှုကို ဒေသန္တယကျန်းမာရေးဌာန မိခင်နှင့်ကလေးကျန်းမာရေး ဌာနများဖြင့်လည်းကောင်း၊ ဆေးရုံ တက်ရောက်သည့် မိခင်နှင့်ကလေးများအတွက် ဆေးရုံပေါ်ရှိ ဆရာဝန်များ၊ သူနာပြုများ အသီးသီးမှလည်းကောင်း စောင့်ရှောက်မှု ပေးလျက်ရှိပြီး ကျေးလက်ဒေသရှိ မိခင်နှင့်ကလေးများ အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ကျေးလက်ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများဖြင့် စောင့်ရှောက်မှုပေးခြင်းဖြစ်ပါကြောင်း၊
မိခင်နှင့်ကလေးသေဆုံးမှု ကျဆင်းရေးလုပ်ငန်းများကို ၂၉-၅-၂၀၁၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာအရ သေဆုံးမှုများသော တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းတွင် မိခင်နှင့်ကလေးသေဆုံးမှု ကျဆင်းရေးလုပ်ငန်းများကို အထူးစီမံချက်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အတူ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းဝေးရေး ဆိုသည့် ရည်မှန်းချက်(၂)ရပ် ချမှတ်ပြီး ငါးနှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် ဦးစားပေးလုပ်ငန်း ရပ်များအဖြစ် ပိုမိုအလေးထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊
မီးတွင်းမိခင်သေဆုံးမှု ကိန်းဂဏန်းများကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက ၁၉၅၀ ခုနှစ် ပဏာမကျန်းမာရေး စောင့်ရှောက်မှု စီမံချက် စတင်မဆောင်ရွက်နိုင်ခြင်းမရှိသည့်ကာလ ၁၉၅၀ ခုနှစ် နှစ်ဦးပိုင်းတွင် အရှင်မွေး ၁၀၀၀၀၀ ၌ မီးတွင်းမိခင်သေဆုံးနှုန်း ၉၈၀၊ ၁၉၉၀ ခုနှစ်တွင် မီးတွင်းမိခင်သေဆုံးနှုန်း ၅၅၀၊ ၂၀၁၃ ခုနှစ် ခန့်မှန်းချက်လေ့လာ ဆန်းစစ်ချက်များအရ မီးတွင်းမိခင်သေဆုံးနှုန်း ၂၀၀ အထိကျဆင်းခဲ့ပြီး ဆက်လက်ကျဆင်းလျက်ရှိပါကြောင်း၊
ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ခန့်မှန်းတွက်ချက်မှုများအရ ၁၉၉၀ ခုနှစ်တွင် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုအနေဖြင့် အရှင်မွေး ၁၀၀၀ တွင် ၁၀၈.၆ ဦး၊ အသက်တစ်နှစ်အောက် ကလေးသေဆုံးမှု အရှင်မွေး ၁၀၀၀ တွင် ၇၇.၅ ဦးမှ ၂၀၁၃ ခုနှစ်တွင် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းကို ၅၀.၂ ဦး သို့လည်းကောင်း၊ အသက်တစ်နှစ်အောက် ကလေးသေဆုံးမှု နှုန်းကို ၄၂.၄ ဦး အောက်သို့လည်းကောင်း ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီးမိမိတို့ ဆောင်ရွက်နိုင်သည့် အချက်များမှာ ကျွမ်းကျင်သူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားသည့် နှုန်းကို ၂၀၀၅ ခုနှစ်မှာ ၅၇.၉ ရှိတာကနေ ၂၀၁၄ ခုနှစ်တွင် ၇၄.၁ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုနှုန်းကို ၂၀၀၅ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းရှိပါကြောင်း၊ အရှင်မွေး တစ်သိန်းတွင် မိမိတို့ မီးတွင်းမိခင်သေဆုံးနှုန်း ၂၀၀ နှင့် အခုလက်ရှိရှိနေသည့် တစ်နှစ်အောက်၊ ငါးနှစ်အောက်ကလေးများသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်သည့်အခါ နှစ်ပေါင်းများစွာ ကျန်းမာရေးအသုံးစရိတ် နည်းပါးခဲ့ရသည့် အပေါ်အခြေခံပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယိမ်းယိုင်လာသည့် အနေအထားဖြစ်သည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနသည် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ ပြည်သူလူထုနှင့် လူမှုရေးအဖွဲ့အစည်းများ အားလုံးနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို အခမ်းအနားများ ကျင်းပဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
၂၀၀၀ ခုနှစ်မှ ၁၅ ခုနှစ်အတွင်း ကျန်းမာရေး ဘတ်ဂျက်၏ ရာခိုင်နှုန်းမည်မျှကို ကုသရေးနှင့် ဤစီမံချက်အတွက် အသုံးပြုခဲ့ကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၀-၁၁ ခုနှစ် အစိုးရအသုံးစရိတ်၏ ၁.၀၃ ရာခိုင်နှုန်းကို ကျန်းမာရေးအသုံး စရိတ်အဖြစ် သုံးစွဲခဲ့ရာတွင် ၂၀၁၄-၁၅ ခုနှစ်တွင် ၃.၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲလာခဲ့ပါကြောင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုဖြစ်သော မွေးစမှသေဆုံးသည် အထိလည်းကောင်း၊ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေး၊ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်သန်စွမ်းရေး လုပ်ငန်းများကိုလည်းကောင်း၊ ပြည်သူလူထုအဆင့်မှသည် အထူးကု ဆေးရုံများအထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးရခြင်းဖြစ်သည့် အတွက်ကြောင့်လည်းကောင်း၊ မိခင်နှင့်ကလေးသေဆုံးမှု ကျဆင်းရေးအတွက် အခြားသော ကျန်းမာရေးစောင့်ရှောက်မှု နှီးနွယ်သည့် လုပ်ငန်းများဖြစ်သည့် ဥပမာ-အာဟာရလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များ၊ ရောဂါကာကွယ်ရေး လုပ်ငန်းဖြစ်သော ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အစရှိသည့် လုပ်ငန်းများ၏ အသုံး စရိတ်များကိုပါ ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါကြောင်း၊ မိခင်ကလေးအသုံးစရိတ် သီးသန့် အနေဖြင့် အမျိုးသားကျန်းမာရေး အသုံးစရိတ်စာရင်းအရ မိခင်ကလေးကျန်းမာရေးအတွက် အစိုးရကျန်းမာရေး အသုံးစရိတ်ဘတ်ဂျက်တွင် ၂၀၁၃ ခုနှစ်တွင် ဝ.၉၇ ရာခိုင်နှုန်း သုံးစွဲခဲ့ပြီး ပြည်သူ့ကျန်းမာရေးဘတ်ဂျက်မှ ၂၀၁၃ ခုနှစ်တွင် ၁၁.၉၆ ရာခိုင်နှုန်းသုံးစွဲခဲ့ပါကြောင်း၊ နောက်ဆုံးမေးခွန်းနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ကျေးလက်ကျန်းမာရေး ဆေးခန်းများ ဆောက်လုပ်ခြင်းအတွက် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ရရှိငွေလုံးငွေရင်အသုံးစရိတ် ၉၄ ရာခိုင်နှုန်း နှင့် ကုသရေးဆေးဝါးများအတွက် သာမန်အသုံးစရိတ် ၃၃ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးအသုံးစရိတ်ရရှိမှုအားလုံးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် ၂၅ ရာခိုင်နှုန်း သုံးလျက်ရှိပြီး ကုသရေးဦးစီးဌာနအတွက် ၆၆.၇ ရာခိုင်နှုန်း သုံးစွဲလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ကျေးလက်နေ ပြည်သူများအတွက် အထူးဦးစားပေးအလေးထား ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် စုစုပေါင်း ကျန်းမာရေးအသုံးစရိတ် ၂၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများအတွက် တိုးမြှင့်သုံးစွဲသွားမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ နိုင်ငံတော်မှ ကျန်းမာရေး အသုံးစရိတ်မှာ ယခုလက်ရှိ ၃.၃၈ ရာခိုင်နှုန်း ရရှိခဲ့ရာမှ GDP ၏ ငါးရာခိုင်နှုန်းရသည်အထိ တိုးမြှင့်ပြီး ပေးနိုင်ရန်အတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
