(က) - ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင်ကျေးရွာအုပ်စုအပိုင်ရေလယ်ခုံ(သဲခုံ ကြီး)တွင်ကျော်လွှမ်းမိုးနှင့်ညီအစ်ကိုများကုမ္ပဏီမှငါး၊ ပုစွန်၊ဂဏန်းမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၇)ရက်မြောက်နေ့ (၁၈.၅.၂၀၁၅)

ရေလယ်ခုံကြီးဆိုသည်မှာ သက္ကယ်သောင် နာဂစ်မုန်တိုင်းမတိုက်မီက သက္ကယ်သောင်၏ ရပ်ကွက်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ၎င်းနေရာသည် မိမိတို့ ဒေသခံတောင်သူများ ရေလုပ်ငန်းနှင့် အသက်မွေးပြီး လုပ်ကိုင်စားသောက်ကြရသည့် နေရာ လည်းဖြစ်ပါကြောင်း၊ မုန်တိုင်းဒဏ်များ လေပြင်းများ တိုက်ခတ်လာမည်ဆိုလျှင် ဒီကျွန်းလေးဆီသွားပြီး ငပုတောမြို့နယ်နှင့် လပွတ္တာမြို့နယ်အတွင်းမှာရှိသည့် ရေလုပ်သားများသည် ကျွန်းတွင် သွားရောက်ခိုလှုံပြီးမှ မိမိတို့လေမုန်တိုင်းဒဏ်ကို ကာကွယ်ခဲ့ရပါကြောင်း၊ ဒီ ၁၁ ကြိမ်မြောက်ပြီးသည့် အချိန်တွင် ကျော်လွှမ်းမိုးကုမ္ပဏီမှ ကျွန်းကြီးပေါ်ရှိ မိမိတို့ မွေးမြူးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများနှင့် တိုင်ပင်သည့်အခါ ဒေသခံပြည်သူများက သူတို့ကို ဧက ၇၀ ပေးပါကြောင်း၊ ဒီခုံကြီးကလည်း ရေကျသွားသည့် အခါတွင် ဧက ၄၀၀ လောက်ရှိသည့် ခုံကြီးဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့ ငပုတောမြို့ပေါ်ရှိ ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် စာဖြင့်တင်ပြလာသည့် အတွက်ကြောင့် ယခုမေးခွန်းကိုမေးရခြင်းဖြစ်ပါသည်။ ကျော်လွှမ်းမိုးကုမ္ပဏီနှင့် ညီအစ်ကိုများကုမ္ပဏီကို လုပ်ကိုင်ခွင်‌့ချ ထားပေးထားခြင်းရှိ/မရှိ၊ ရှိခဲ့မည်ဆိုပါက မည်သည့် နေ့ရက်မှ ခွင့်ပြုခဲ့ပါသနည်း။ ကျော်လွှမ်းမိုးကုမ္ပဏီမှ ဒေသခံပြည်သူများအပေါ် ပြုမူဆောင်ရွက်နေမှုများအား သိရှိခြင်းရှိ/မရှိနှင့် အသက်ပေါင်းများစွာ၊ ပစ္စည်းဥစ္စာပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ဒေသခံများအပါအဝင် ဆင်းရဲနွမ်းပါးပြီး ကျေးလက်နေပြည်သူ များအား လုပ်ကိုင်စားသောက်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိတို့အား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

အဖြေ

ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင်ကျေးရွာအုပ်စုပိုင် ရေလည်ခုံ(သဲခုံကြီး)တွင် ကျော်လွှမ်းမိုးနှင့်ညီအစ်ကိုများကုမ္ပဏီမှ ငါး၊ ပုဇွန်၊ ဂဏန်းမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် လုပ်ငန်းလုပ်ကိုင် ချထားပေးခြင်း၊ ခွင့်ပြုပေးထားခြင်း မရှိပါကြောင်း၊ သက္ကယ်သောင်ကျေးရွာ အုပ်စုပိုင် ရေလည်ခုံကြီးသည် ငါးလုပ်ငန်း ဦးစီးဌာနမှ တင်ဒါချက်အဖြစ် နှစ်စဉ် လုပ်ငန်းလိုင်စင်ချထားပေးပြီး ငါးလုပ်ငန်းကို လုပ်ကိုင်စေခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစ၍ တင်ဒါချက်အား ဖျက်သိမ်းပြီး ဘုံငါးဖမ်းကွက်အဖြစ် လုပ်ကိုင်ခဲ့ပါကြောင်း၊ ရေလည်ခုံကြီးသည် အခြေချ နေထိုင်သူ နည်းပါးပြီး ရေလုပ်ငန်းလုပ်ကိုင်သူများသာ ရှိခြင်းကြောင့် တင်ဒါချဖျက်သိမ်းပြီး နောက်ပိုင်းမှ ယနေ့အချိန်အထိ ငါးလုပ်ငန်းဦးစီးဌာနမှ သွားရောက်၍ အခွန်အခကောက်ခံခြင်းများ မရှိတော့ပါကြောင်း၊ သက္ကယ်သောင်ကျေးရွာ အုပ်စု ရေလည်ခုံကြီးတွင် လုပ်ကိုင်စားသောက်လျက်ရှိသော ရေလုပ်သားများ၏ လုပ်ငန်းလိုအပ်ချက်များကို တင်ပြတောင်းခံလာပါက စိစစ်ပြီးလုပ်ငန်းအဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်သန်းမြင့်(ငပုတော)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။
  ငါးလုပ်ငန်းနှင့် ပတ်သက်၍ ခွင့်ပြုချက် ချထားပေးခြင်းမရှိဟု ဆိုသော်လည်း  ယခုအချိန်တွင် ကျွန်းပေါ်၌ စိုးနိုင်ဖြိုးကုမ္ပဏီက အဆောက်အဦများဆောက် ထားပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း၊

သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း

မိမိဖြေသွားသည့် အထဲတွင်လည်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ကိုယ်စား ပါပြီးသားဖြစ်ပါကြောင်း၊ ရေလည်ခုံ ကြီးတွင် စားသောက်လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများမှ လုပ်ငန်းလိုအပ်ချက်များကို တင်ပြ တောင်းခံလာမည်ဆိုလျှင်လည်း စိစစ်ပြီးလုပ်ငန်း အဆင်ပြေဆောင်ရွက် သွားပြီ ဆိုတာပါပြီး သားဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။