၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၏ အဋ္ဌမနေ့တွင် အရေးကြီးအဆိုနှစ်ရပ် တင်သွင်းခဲ့ရာ ဘားအံ မဲဆန္ဒနယ် ဒေါ်နန်းစေအွာ၊ ကျောက်ကြီးမဲဆန္ဒနယ် ဦးဉာဏ်ဆွေဝင်းတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်း အလေးအနက်ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူအတည်ပြုနိုင်ခဲ့ပါသည်။ မိမိသွင်းခဲ့သည့် အဆိုနှစ်ရပ်အနက် အဆိုတစ်ခုဖြစ်သည့် စစ်ဆင်ရေးအထောက်အကူပြု ဝန်ထမ်းအဖြစ် တပ်မတော်သားများနှင့် အတူလိုက်ပါ ဆောင်ရွက်စဉ် အသက်ခန္ဓာ၊ ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့သော ပြည်သူများ မနစ်နာစေရေးအတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒ သို့မဟုတ် ဥပဒေပြဋ္ဌာန်းပေးရေးအဆိုနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူများက စိတ်ဝင်တစားမျှော်လင့်စောင့်စား လျက်ရှိနေကြပါကြောင်း၊ အထူးသဖြင့် ကာယကံရှင်များနှင့် ၎င်းတို့၏ မိသားစုဝင်များက ပိုမိုပြီး မျှော်လင့်စောင့်စားလျက်ရှိပါကြောင်း၊ လွှတ်တော်များနှင့် အစိုးရအဖွဲ့၏ ပထမအကြိမ်သက်တမ်း ကာလအတွင်း ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒလည်းရှိနေကြပါကြောင်း၊ မိမိမေးမြန်းလိုသည်မှာ လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်သည့် အဆိုနှင့်စပ်လျဉ်းပြီး (၁) နိုင်ငံတော်မှ မည်သို့စီမံ ဆောင်ရွက်နေသည် (၂) မည်သည့်အဆင့်ထိ စီမံဆောင်ရွက်ထားပြီးဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဦးစိုင်းသန်းနိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ အပိုင်းနှစ်ပိုင်းတွေ့ရှိရပါကြောင်း၊ ပထမတစ်ပိုင်းက မိမိတို့ စစ်ဆင်ရေးအထောက်အကူပြု ဝန်ထမ်းများနှင့် ပတ်သက်ပြီး နောင်လုပ်ပေးနိုင်မည့် ယင်းတို့၏ ဘဝအဆင်ပြေစေရေးအတွက် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးရန် မူဝါဒနှင့် ဥပဒေပြဋ္ဌာန်းပေးရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှမည်သို့ စီမံဆောင်ရွက်နေသည်နှင့် မည်သည့်အဆင့်ထိ စီမံဆောင်ရွက်ထားမှုဖြစ်သည့် အပိုင်းနှင့် ပတ်သက်ပြီး မိမိတို့ ကျယ်ပြန့်စွာစဉ်းစားလုပ်ဆောင်ရမည့် အပိုင်းဖြစ်သည့်အတွက် လောလောဆယ် ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း တင်ပြအပ်ပါသည်။
နောက်တစ်ပိုင်းအနေဖြင့် လက်ရှိမိမိတို့ နိုင်ငံတော်နှင့် တပ်မတော်က ဆောင်ရွက်နေသည့် အပိုင်းများကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာနှင့် ကကနကောင်စီအမိန့်များကို တိကျစွာတင်ပြချင်သည့်အတွက် ဖြေကြားချိန်ပိုပေးနိုင်ပါရန် တင်ပြအပ်ပါသည်။ လက်ရှိ ဦးစိုင်းသန်းနိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ဖြေကြားရမည်ဆိုလျှင် ၁၇-၁၂-၂၀၀၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက် အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၀၉) ရဲ့ အခန်း(၇)မှာ ဂုဏ်ထူးဆောင်ဘွဲ့များဆိုင်ရာ အရည်အချင်းများ စာပိုဒ် ၁၅ တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်မတော်နှင့် တွဲဖက်ပေးထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူများကိုလည်း စွမ်းရည်သတ္တိအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မီသည်အထိ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါက အောင်ဆန်းသူရိယဘွဲ့ သို့မဟုတ် သီဟသူရဘွဲ့ သို့မဟုတ် သူရဘွဲ့တစ်ခုခု ချီးမြှင့်အပ်နှင်းနိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
နောက် အဆိုပါပြဋ္ဌာန်းချက်များ၏ အခန်း(၈)ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ အရည်အချင်း များ စာပိုဒ် ၂၂ မှာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်မတော်နှင့် တွဲဖက် ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူ များကိုလည်း စွမ်းရည်သတ္တိအတွက် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီသည်အထိ သက်စွန့်ကြိုးပမ်းဆောင်ရွက်လျှင် အောင်ဆန်းတံဆိပ် သို့မဟုတ် သီဟဗလတံဆိပ် သို့မဟုတ် သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်များတစ်ခုခုကို ချီးမြှင့်အပ်နှင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
ပြဋ္ဌာန်းချက်၏ အခန်း(၈)၊ စာပိုဒ် ၂၁ စာပိုဒ်ခွဲ(စ)တွင် ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှ စတင်လျက် ပြည်တွင်းသောင်းကျန်းမှုများနှင့် ပြည်ပကျူးကျော်မှုများ ချုပ်ငြိမ်းသည့်နေ့ဟူ၍ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားသည့် ကာလအတွင်း စစ်ဆင်ရေးများနှင့် နယ်မြေအလိုက် တိုက်ပွဲစဉ်များ၌ ရန်သူ့လက်ချက်ကြောင့် ခြေ၊ လက်၊ မျက်စိစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ တစ်ရပ်ရပ်ကို နိုင်ငံတော်အတွက် စွန့်လှူဒါန်းခဲ့ခြင်းနှင့် တိုက်ပွဲတွင်ရရှိသော ဒဏ်ရာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ ပျက်စီးချို့ယွင်းမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများတစ်ခုခု ဆေးခုံရုံးက ၆၀ ရာခိုင်နှုန်းနှင့်အထက် ဆုံးရှုံးသည်ဟု သတ်မှတ်ထားသော တပ်မတော်သားများနှင့် ၎င်းတို့နှင့်ပါဝင်ခဲ့သော ဝန်ထမ်းများ၊ အရပ်သားများကို ပြည်သူ့သားကောင်းတံဆိပ်ချီးမြှင့်နိုင် သည်လို့သတ်မှတ်ထားပါကြောင်း၊
ထို့အပြင် မိမိတို့ ကာကွယ်ရေးဝန်ကြီးဌာနကောင်စီ အမိန့်တစ်ခုအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ကိုလည်း ချီးမြှင့်နိုင်ကြောင်းရှိပါသည်။ နောက် ဂုဏ်ထူးဆောင် တံဆိပ်နှင့်အတူ အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရ၊ အောင်ဆန်းတံဆိပ်၊ သီဟဗလတံဆိပ်၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ပြည်သူ့သားကောင်းတံဆိပ်များ ချီးမြှင့်ပြီး အောင်ဆန်းသူရိယအပိုင်းတွင် လစဉ်ချီးမြှင့်ငွေ ၁၀၀၀၀၀၊ သီဟသူရဘွဲ့တွင် ၈၀၀၀၀၊ သူရဘွဲ့တွင် ၆၀၀၀၀၊ ပြည်သူ့သားကောင်းတံဆိပ်တွင် ၁၀၀၀၀ လစဉ်ချီးမြှင့်မှုရှိပါကြောင်း၊
နောက် တပ်မတော်တပ်ရင်း/တပ်ဖွဲ့များမှ စစ်ဆင်ရေးတွင် အရပ်သားအလုပ်သမားများ၊ နေ့စားအလုပ်သမားများအဖြစ် ငှားရမ်းအသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ မစွမ်းမသန်ဖြစ်ခဲ့ပါကလည်း မိမိတို့ တည်ဆဲအလုပ်သမား လျော်ကြေး ဥပဒေအရ လျော်ကြေးခံစားခွင့်ရှိပါကြောင်း၊ နောက်တစ်ပိုင်းအနေဖြင့် ကောက်နုတ်ပြီး တင်ပြရမည်ဆိုလျှင် ကျွန်တော်တို့ အရပ်သားလူနာများနည်းတူ ရဲဘက်များကိုလည်း ဆေးဝါးကုသခွင့် သတ်မှတ်ပြဋ္ဌာန်းမှုရှိပါကြောင်း၊ နောက် အရပ်သူ/အရပ်သားများကို စစ်ဆင်ရေးတွင် ထိခိုက်ဒဏ်ရာရခဲ့လျှင်လည်း တပ်မတော်ဆေးရုံများမှာ အတွင်း/အပြင်လူနာအဖြစ် ကုသခွင့်ရှိပါကြောင်း၊
ထို့အပြင် ကာကွယ်ရေးဌာနကောင်စီ အမိန့်အမှတ်၊ ၅/အထူး/၂၀၁၅ နောက်ဆုံး သေဆုံး/ ဒဏ်ရာရ စစ်ဆင်ရေး အလုပ်သမားများအတွက် လျော်ကြေးငွေအဖြစ် သေဆုံးလျှင် ၄၅၀၀၀၀၊ နောက် ဒဏ်ရာရဆေး ၁၀၀ ရာခိုင်နှုန်းရလျှင် ၆၀၀၀၀၀ ခံစားခွင့်ပြုထားပါကြောင်း၊ နောက်တစ်ပိုင်းကလည်း မိမိတို့ စစ်ဆင်ရေးမှအပ စစ်ဆင်ရေးအလုပ်သမားများအတွက် လျော်ကြေးငွေ သေဆုံးလျှင် ၄၅၀၀၀၀ နှင့် ဒဏ်ရာရလျှင် ၁၀၀ ရာခိုင်နှုန်းဆိုလျှင် ၆၀၀၀၀၀ ခံစားခွင့်ပြုထားပါကြောင်း၊ နောက်ဆုံးတင်ပြရမည်ဆိုလျှင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် အရပ်သား အလုပ်သမားများ ငှားရမ်းအသုံးပြုခဲ့မှုနှင့် ကွပ်ကဲမှု ဌာနချုပ်များမှ အမှုတွဲပေးပို့တင်ပြမှုအရ သေဆုံး ၇၈၁၇ ဦး၊ ဒဏ်ရာရ ၁၅၈၉ ဦး စုစုပေါင်း ၉၄၀၆ ဦးရှိပြီးတော့ လျော်ကြေးငွေပေးခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ကစပြီး ယနေ့အချိန်မှာ ကျွန်တော်တို့ အရပ်သားအလုပ်သမားများ ငှားရမ်းအသုံးပြုမှုမရှိတော့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
