နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ အနေဖြင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန် တပ်ဌာနချုပ်မှ စတင်ထွက်ခွာချိန်မှစတင်၍ စစ်ဆင်ရေး တာဝန်ပြီးဆုံးပြီး တပ်ရင်းဌာနချုပ်သို့ ပြန်လည်ရောက်ရှိချိန်ထိ တန်းပြည့်စစ်မှုထမ်းချိန်အတွင်း တပ်မတော်၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများအတိုင်း အမိန့်နာခံမှုကိုအဓိကထားပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ နယ်မြေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းမှ သည် တပ်တစ်ခုလုံးအသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်ကြရပါကြောင်း၊ စစ်ဆင်ရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေရသော တပ်မတော်သားများအနေဖြင့် စစ်ဆင်ရေး မထွက်ရသော အခြား စစ်သည်များ ဌာနဆိုင်ရာဝန်ထမ်းများထက် အသက်ပေးရမှုရာခိုင်နှုန်း ပိုများပြားလျက်ရှိပါကြောင်း၊ ဝေးလံ ခေါင်သီသောနယ်မြေရှိ ဌာန ဆိုင်ရာဝန်ထမ်းများ အတွက် လည်း နိုင်ငံတော်မှချီးမြှင့်တဲ့ လစာနှင့်ညီမျှသော ထောက်ပံ့ငွေအပါအဝင် လစာနှစ်ဆရရှိနေသည့်နည်းတူ စစ်ဆင်ရေး နယ်မြေဟုသတ်မှတ်သော နယ်မြေများရှိ တပ်မတော်သားများအတွက်လည်း လစာနှစ်ဆရရှိခံစားနိုင်ရန် သင့်မြတ်သည်ဟု ထင်ပါ ကြောင်း၊ တပ်မတော်သားတစ်ဦးတိုင်းပြည်အတွက် အသက် ပေးလှူရပါက ကျန်ရစ်သူ မိသားစုအတွက် တပ်မတော်ရန်ပုံငွေမှ ထောက်ပံ့ပေးလျက်ရှိပြီး လုံလောက်မှု မရှိသကဲ့သို့ နိုင်ငံတော်အနေ ဖြင့်လည်း တိကျသော မူဝါဒဥပဒေ၊ နည်းဥပဒေနှင့် ထောက်ပံ့ပေးမှုများပေးသည်ကိုလည်း မတွေ့ရှိရသေးပါကြောင်း၊ ထို့ကြောင့် (၁) နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် နေကြသည့် တပ်မတော်သားများအား တန်းပြည့် စစ်မှုထမ်းချိန်သတ်မှတ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်ချိန်တို့တွင် လစာနှင့် ညီမျှသောထောက်ပံ့ငွေချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ။ (၂) အစဉ်အစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိအနေဖြင့် တပ်မတော်သားများ၏ လက်ရှိဆောင်ရွက် နေရသော အခက်အခဲများကို စာနာ တင်ပြခဲ့သည့်အတွက် ကျေးဇူးတင်ရှိသည်ကို ဦးစွာပြောကြားလိုပါကြောင်း၊ ကာကွယ်ရေး ဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၅/အထူး/၂၀၁၄ ဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ တပ်မတော် သားများအတွက် လစာနှုန်းထားများကို စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်နှင့် သာမန် တာဝန် ထမ်းဆောင်နေချိန် ဟူ၍ ခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ အဆင့်အတန်းလိုက် တပြေးညီ သတ်မှတ်ခံစားစေလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာ၌ အချိန်ပြည့် ၂၄ နာရီ တာဝန်ရှိနေပြီး သက်စွန့်ကြိုးပမ်း စွန့်လွှတ်စွန့်စားဆောင်ရွက်နေရခြင်းများကြောင့် ပင်ပန်း ကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် လစဉ် ယခင်က ၅၀၀၀ ကျပ်စီ၊ ယခု ၁၀၀၀၀ ကျပ်စီကို တပ်သားအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်အထိ ခံစားစေလျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ တပ်မတော်သားများအတွက် လစာနှုန်းထားများကို စစ်ဆင်ရေး၊ လုံခြုံရေး တာဝန် ထမ်းဆောင်နေချိန်နှင့် သာမန်တာဝန်ထမ်းဆောင်နေချိန်ဟူ၍ ခွဲခြားသတ်မှတ်ထားမှု မရှိဘဲ အဆင့်အတန်း အလိုက်တစ်ပြေးညီ သတ်မှတ်ခံစားခွင့်ပြုထားခြင်းနှင့် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန် စရိတ်ကိုလည်း တပ်သားအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်အထိ ခံစားခွင့်ပြုထားခြင်း တို့ကြောင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအနေဖြင့် တန်းပြည့် စစ်မှုထမ်းချိန် သတ်မှတ်ထားသော စစ်ဆင်ရေး၊ လုံခြုံရေး တာဝန်ထမ်းဆောင်ချိန်တွင်လည်း လစာနှင့် ညီမျှသော ထောက်ပံ့ငွေချီးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးရဲထွဋ်ဦး(နတ်တလင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုအချိန်တွင် လောက်ကိုင်တွင် ဖြစ်ပွားသော တိုင်ပွဲများတွင် ဒဏ်ရာရစစ်သည်များကို ၁၀ သိန်း၊ အခြားသောစစ်သည်များကို သိန်း ၂၀ ပံ့ပိုးပေးဟု ကြားသိရသည့်အတွက် အဆိုပါကိစ္စနှင့် စပ်လျှဉ်း၍ မှန်/မမှန်သိလိုပါကြောင်းနှင့် မှန်ကန်ခြင်းရှိပါက အမြဲတမ်းပံ့ပိုးပေးနိုင်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးနေခြင်း ရှိ/မရှိ၊ ထုတ်ပြန်ဆောင်ရွက်ခြင်း မရှိသေးပါက ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်
မိမိတို့နောက်ဆုံး တပ်မတော်သားများ၏ လစာနှင့်စရိတ်များကိုလည်း သတ်မှတ်ထားသည့် အဆင့်အလိုက် နှုန်းထားအတိုင်း ခံစားစေလျက်ရှိပါကြောင်း၊ တပ်မတော်ပိုင်းအနေနှင့် ဒီအဖြေနှင့်ညီမျှသည့် ရာထူး ဥပမာပြောရမည်ဆိုလျှင် ဗိုလ်မှူးကြီးဆိုလျှင် ငါးသိန်း ခံစားခွင့်ပြုပါကြောင်း၊ အပြင်မှုလည်း မိမိတို့နှင့်ညီမျှသည့် အဆင့်တစ်ခုသည်လည်း ညွှန်ကြားရေးမှူးချုပ်ကိုလည်း ငါးသိန်းခံစားခွင့်ပြုပါကြောင်း၊ ထို့အတူ မိမိတို့ တိုင်းအနေဖြင့် ၎င်းနှင့်ပတ်သက်၍ အဆင့်အလိုက် သတ်မှတ်ထားသော လစာနှုန်းထား ခံစားလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
