(ခ)-တရားရုံးများသည်လန/၃၉တင်ပြနိုင်ခြင်းမရှိ ဘဲနှင်လိုမှုအဖြစ်တရားစွဲဆိုသောအမှုမျိုးကိုလယ်သ မားများနစ်နာမှုမရှိစေရန်မည်သို့ဆောင်ရွက်ပေးနိုင် မည်နည်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၆)ရက်မြောက်နေ့ (၁၄.၅.၂၀၁၅)

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ ဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများကို ဖြေရှင်းပေးရမည်ဟု ပါရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားနေလျှင် ဦးစီးဌာနမှ မှတ်ပုံတင်ပေးရန် အငြင်းပွားမှု အကြောင်းပြု၍ လယ်ယာမြေမှတ်ပုံတင်ထုတ်ပေးခြင်းလည်းမရှိပါကြောင်း၊ ထို့အပြင် လယ်ယာမြေပုံစံ  ၇ ထုတ်ပေးပြီး လက်ဝယ်ရှိသူကို နှင်ထုတ်၍ အခြားတစ်ဦးအား လုပ်ကိုင်စေခြင်းများလည်း ရှိနေပါကြောင်း၊ ဥပဒေအရ လုပ်ပိုင်ခွင်‌့ပေးထားသော်လည်း လုပ်ကိုင်ခွင့်မရသော ပြည်သူများလည်း တွေ့ရှိနေရပါကြောင်း၊ ထိုဖြစ်စဉ်များသည် လယ်ယာမြေလုံခြုံမှု အာမခံချက်မရှိဘဲ အားနည်းလျက် ရှိသည်ဟု တွေ့ရသည့်အပြင် လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့် ယခင် လန/၃၉ ရှိသော မြေအဖြစ် ပြောင်းလဲသတ်မှတ်ပြီးမှသာ တင်ဒါရုံးများမှ ယင်းအမှုကို စီရင်စစ်ဆေးပိုင်ခွင့် ရှိသည်ဟုလည်း လေ့လာသိရှိရပါကြောင်း၊ ဤသို့ ဥပဒေသတ်မှတ်ချက်ရှိသော်လည်း တရားရုံးများတွင် လန/၃၉ တင်ပြခြင်းမရှိဘဲ ငြင်းလိုမှုအဖြစ် တရားမမှုခင်းများ တရားဆိုနေကြောင်းကိုလည်း တွေ့ရှိနေရပါကြောင်း၊ ယင်းကဲ့သို့ တရားမမှုခင်းလယ်ယာမြေကို ငြင်းလိုမှု စွဲဆိုသောအမှုမျိုး အဆိုပါအမိန့်ကို တင်ပြခြင်းမရှိဘဲ တရားစွဲဆိုမှုများ မည်မျှရှိနေသည်ကိုလည်း သိရှိလိုပါကြောင်း၊ ယင်းကဲ့သို့ တရားစွဲဆိုနေသော အမှုများကို မိဘတောင်သူလယ်သမားများ နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင် ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေများကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေဥပဒေပုဒ်မ ၁၉ အရ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လယ်ယာမြေကော်မတီမဟုတ်ဘဲ သီးခြားပုဂ္ဂိုလ်ပြင်ပမှ တရားရုံးတွင် ကျော်နင်းမှု ပြစ်မှု ၄၄၇ ဖြင့် တရားစွဲဆိုမှုများ အမြောက်အမြားရှိနေပါသဖြင့် ပုဂ္ဂလိက လယ်ယာမြေကျူးကျော်မှုအဖြစ် ပြစ်မှု ၄၄၇ ဖြင့် တရားစွဲဆိုမှု တောင်သူလယ်သမားများ လက်ရှိမှ လက်မဲ့ဖြစ်ပြီး ထောင်ထဲသို့ရောက်ရှိပြီး လူမှုကိစ္စအဝဝ ခံစားနေရမှုကို မည်ကဲ့သို့ ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ

စားလှယ်တော်ကြ၏ မေးခွန်းနှင့် စပ်လျဉ်း၍ လယ်ယာမြေမှတ်ပုံတင်သည့် ကိစ္စမှာ တရားရုံးနှင့် မဆိုင်သည့်အတွက် မိမိအနေဖြင့် ဖြေကြားနိုင်ခြင်းမရှိပါကြောင်း၊ တရားရုံးနှင့်ဆိုင်သော မေးခွန်းများကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲပိုင်ခွင့် လန/၃၉ သတ်မှတ်ပေးခြင်းသည် ရုပ်သိမ်းခဲ့ပြီးဖြစ်သော ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေကို ရုပ်သိမ်းပြီးဖြစ်ပါကြောင်း၊ သို့သော် ယင်းဥပဒေတွင် လယ်ယာမြေကို အခြားနည်းသုံးစွဲပိုင်ခွင့် လန/၃၉ ရရှိပြီးမှသာ တရားရုံးများတွင် စစ်ဆေးရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း၊ လန/၃၉ အမိန့်မရရှိသေးသော်လည်း တရားမရုံးများက စစ်ဆေးပိုင်ခွင့်ရှိသည်ဆိုကာ ဦးစံသင်း ပါ ၄ ဦးနှင့် ဒေါ်ဝင်းတင် ပါ ၁၇ ဦး အမှု (၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၃၄) တွင် စီရင်ထုံးပြုပြီးဖြစ်ပါကြောင်း၊ ထို့အပြင် မိမိလယ်ယာမြေအတွင်း ကျူးကျော်ဝင်ရောက်နေသူကို ဖယ်ရှားပေးရန် စွဲဆိုသည့်အမှုကိုလည်း တရားများရုံးက စစ်ဆေးပိုင်ခွင်‌့ရှိကြောင်း ဒေါ်သိန်းဟန်နှင့် ဗိုလ်ကြီးမြင့်ဆွေ အမှု (၁၉၈၃ ခုနှစ်၊ မြန်မာနိုင်ငံတရားရုံးစီရင်ထုံး၊ စာမျက်နှာ ၇၃) တွင်လည်း ညွှန်ပြထားပြီးပါကြောင်း၊ ထို့ကြောင့် လန/၃၉ တင်ပြနိုင်ခြင်း မရှိဘဲ တရားရုံးများတွင် နှင်လိုမှုများကို စွဲဆိုနိုင်ခွင့်ရှိပါကြောင်း၊ ထိုသို့ တရားစွဲဆိုခြင်းသည် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေနှင့်လည်း ဆန့်ကျင်ခြင်းမရှိပါကြောင်း။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားသော လယ်ယာမြေလုပ်ပိုင် ခွင့်ရသူများ လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ထားရှိပါကြောင်း၊ ယင်းစည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ယင်းဥပဒေပုဒ်မ ၁၉ အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင်‌့ရသူအပေါ် ယင်းပုဒ်မမှာ ပြဋ္ဌာန်းထားသော အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်ပါကြောင်း၊ ပုဒ်မ ၁၉ အရ ချမှတ်သည့် အမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူက လိုက်နာခြင်းမရှိပါက အဆိုပါ အမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုနိုင်သည်ဟု ယင်းဥပဒေ ပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၀ အရ တရားစွဲဆိုခြင်းသည် ယင်းပုဒ်မ ၁၉ အရ ချမှတ်သည့်အမိန့်ကို လိုက်နားခြင်းမရှိသော လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအပေါ် တရားစွဲဆိုသည့်အမှု ဖြစ်ပါကြောင်း၊   ပြင်ပလူက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၇ အရ တရားစွဲသည့်အမှုသည် လယ်ယာမြေကို ကျူးကျော်နေသူအပေါ် တရားစွဲခြင်းဖြစ်သည့်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ရသူအပေါ် ပုဒ်မ ၂၀ အရ တရားစွဲဆိုသည့်ကိစ္စနှင့် သီးခြားစီဖြစ်ပါကြောင်း၊ အမှုချင်းလည်း မတူပါကြောင်း။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ သည် လက်ရှိဖြစ်ပျက်သူကို အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ဖြစ်၍  တောင်သူလယ်သမားများသည် လက်ရှိမှ လက်မဲ့ဖြစ်ကာ ထောင်ထဲကို ရောက်ရှိသွားသည်ဆိုသည်မှာ မှန်ကန်မှု မရှိပါကြောင်း၊ တောင်သူလယ်သမားများသည် လယ်ယာမြေကို လက်ရှိဖြစ်ပါက ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၄၇ အရ လက်မဲ့ဖြစ်ရန် အကြောင်းမရှိပါကြောင်း၊ သို့သော် တောင်သူလယ်သမားက သူတစ်ပါးလက်ရှိဖြစ်သော လယ်ယာမြေအပေါ် ကျော်နင်းမည်ဆိုပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ အရ ပြစ်မှုမြောက်နိုင်ပါကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ခြင်း/မဖြစ်ခြင်း ဆိုသည်မှာ အမှုတစ်ခုချင်းအလိုက် ပေါ်ပေါက်သည့် သက်သေခံအထောက်အထားများအပေါ် ဆုံးဖြတ်ရမည့်အမှု ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။