ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြည်အနောက်ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာလမ်း၊ အမှတ် ၆၁ (က) သည် ဦးစိုးလွင်၊ ဒေါ်ခင်မြင့်ပိုင်ပြီး အိမ်အောက်ထပ်ကို ဒေါ်စီစီဆိုသူအား ၁၉၅၆ ခုနှစ်မှစ၍ ပညာသင်ကျောင်းဖွင့်ရန် ငှားရမ်းခဲ့ပါကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ကိုယ်ပိုင်ကျောင်းလုပ်ငန်းများကို ပြည်သူပိုင်သိမ်းသောအခါ ကျောင်းဖွင့်သူဒေါ်စီစီအနေဖြင့် ဆုံးရှုံးမှု မရှိသော်လည်း အိမ်ရှင်များအတွက် ဆုံးရှုံးခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံပြန်တမ်းပါ အမိန့်ကြော်ငြာစာအမှတ်-၉ အပိုင်း (၁) အပိုဒ် ၃ ပါ ဖော်ပြချက်အရ ကိုယ်ပိုင်ကျောင်းနှင့် သက်ဆိုင်သည့် ရပိုင်ခွင့်အားလုံးအပိုင်ပစ္စည်းကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ၏ လက်ဝယ်သို့ ရောက်ရှိစေရမည်ဟု ပါရှိသော်လည်း ယခုကျောင်းဖွင့်ခဲ့သော မြေနှင့် အဆောက်အဦမှာ ကိုယ်ပိုင်ကျောင်းအပိုင်ပစ္စည်း မဟုတ်သည့်အတွက် ပြည်ထောင်စုအစိုးရအား လွှဲပြောင်းပေးရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ်စံ ငှားရမ်းခနှုန်းအတိုင်း ပညာရေးဝန်ကြီးဌာနက ငှားရမ်းခများပေးပြီး မူလတန်းကျောင်းကို ဆက်လက်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ် နောက်ပိုင်း ပညာရေးဝန်ကြီးဌာနက ကျောင်းခန်းငှားရမ်းခများ မပေးချေတော့ပါကြောင်း၊ ထို့ကြောင့် ဦးစိုးလွင်၊ ဒေါ်ခင်မြင့်တို့သည် ၁၉၆၉၊ ၁၉၈၅၊ ၁၉၉၄၊ ၂၀၀၄ ခုနှစ်တို့တွင် အဆိုပါ အိမ်အောက်ထပ်အခန်းများကို ပြန်လည်ရရှိရန် လျှောက်ထားတောင်းခံခဲ့ပါကြောင်း၊ ဦးစိုးလွင်နှင့် ဒေါ်ခင်မြင့်တို့ ကွယ်လွန်ပြီး အမွေခံ သားအရင်းများဖြစ်သော ဦးစိုးမြင့်ဝင်းနှင့် ဦးစိုးမြင့်အောင်တို့ အမည်ပေါက်အမွေ ရရှိခဲ့ပြီးနောက် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄ ခုနှစ်တို့တွင် အကြိမ်ကြိမ်လျှောက်ထား တောင်းခံခဲ့ပါကြောင်း၊ ၁၉၈၅ ခုနှစ်၊ ဇွန်လ ၇ ရက်၊ နေ့စွဲပါ စာအမှတ် (၃၀၅/အမက(၁၁)-၈၅) ဖြင့် မြို့နယ်ပညာရေးမှူး ဒေါ်မြခင်က အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူပြီး အဆိုပါအိမ်ကို သိမ်းယူမှုမပြုဘဲ ကျောင်းကို ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခု ကျောင်းနှင့် ကိုက် ၂၀၀ ခန့်သာဝေးသော အ-ထ-က (၃) ဒဂုံသို့ ကျောင်းသားများ လွှဲပြောင်းပေးက လက်ခံနိုင်ကြောင်း တင်ပြခဲ့သကဲ့သို့ မြို့နယ် ပြည်သူ့ကောင်စီ၏ မှတ်ချက်တွင်လည်း ပညာရေးစနစ်အရ ရှိသင့်သည့်ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိကြောင်း အ-ထ-က (၃) ဒဂုံသို့ ကျောင်းများပူးပေါင်းပါက ငြင်းပယ်ရန်၊ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံခဲ့ပေးမည့် ပညာရေးဝန်ကြီးဌာနက ပြန်လည်ပေးအပ်ခဲ့ခြင်း မရှိပါကြောင်း။
၂၀၁၄ ခုနှစ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း အဆိုပါမြေနှင့် အဆောက်အဦအား မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်သင့်ကြောင်း အကြံပြုသုံးသပ်တင်ပြခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနက ပြန်လည် ပေးအပ်ခဲ့ခြင်း မရှိသည့်အတွက် အသက် ၅၀ ကျော်ပြီဖြစ်သော ညီအစ်ကိုနှစ်ဦး ယနေ့ထက်တိုင် အမွေခွဲဝေနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ယနေ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကူးပြောင်းနေသော အစိုးရလက်ထက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရသည့် ပြည်သူများကို တရားမျှတစွာ ပြန်လည်ပေးအပ်နေသည့် အချိန်တွင် ရန်ကုန်မြို့တော်ကြီး၌ ရာစုနှစ်တစ်ဝက် နှစ် ၅၀ မျှ အစိုးရအဆက်ဆက်အတွက် အနစ်နာခံကာ နိုင်ငံတော်၏ ပညာရေးဆိုင်ရာ အထောက်အကူပြုခဲ့ပြီးဖြစ်သည့်အတွက် ပြည်သူများအပေါ် စာနာထောက်ထားသောအားဖြင့် မူလပိုင်ရှင်များအား မည်သည့်အချိန်အခါတွင် ပြည်လည်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် မပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
၁၉၆၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရအဖွဲ့ရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်လမ်းအနောက်ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာလမ်း၊ အမှတ် ၆၁ (က) အောက်ထပ်ကို ပြည်သူပိုင်သိမ်းဆည်းခဲ့ပြီး ၂၃- ၄- ၁၉၆၆ ခုနှစ်ကတည်းက အမှတ် (၁၁) ဒဂုံ အခြေခံပညာ မူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံပညာရေးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ၃၀-၁၁-၂၀၀၄ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ရရှိလိုကြောင်း လျှောက်ထားခဲ့သော်လည်း ပြည်သူပိုင်သိမ်းဆည်းထားပြီး ပညာရေးဝန်ကြီးဌာနပိုင်ဖြစ်သည့်အတွက် ပြန်လည်လွှဲပြောင်းပေးနိုင်လိုခြင်း မရှိပါကြောင်း၊ ယခုအချိန်အထိ ဆရာ/ဆရာမ ၅ ဦးနှင့် ကျောင်းသူ/ကျောင်းသား ၃၀ ဦးတို့က ပညာသင်ကြားပေးနေလျက်ရှိပြီး အဆိုပါစာသင်ကျောင်းသည် ပြည်သူပိုင်သိမ်းစာသင်ကျောင်းအဖြစ် တည်ရှိနေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူပိုင်သိမ်း ကျောင်းပေါင်း ၁၄၅ ကျောင်းရှိပါကြောင်းနှင့် ၎င်းကျောင်းအားလုံးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိ စာသင်ကျောင်းအဖြစ် အသုံးပြုနေသည့် အမှတ် (၁၁) ဒဂုံအခြေခံပညာမူတန်းကျောင်းအား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးနန္ဒကျော်စွာ (ဒဂုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အခြေခံပညာမူလတန်းကျောင်း ၁ ကျောင်းဖြစ်ရန်အတွက် ပညာရေးဝန်ကြီးဌာနက စံသတ်မှတ်ချက်များ ရှိသည့်အတွက် မူလတန်းကျောင်းတစ်ကျောင်းဖြစ်ရန် ကျောင်းသားအရေအတွက် မည်မျှရှိရမည်နှင့် လက်ရှိကျောင်းသာဦးရေသည့် သတ်မှတ်ချက်နှင့် ပြည့်စုံညီညွတ်မှုရှိ/မရှိ သိရှိလိုပါကြောင်း၊ မူလတန်းကျောင်း ၁ ကျောင်းဖြစ်ရန် အကျယ်အဝန်းဧက မည်မျှသတ်မှတ်ထားရှိခြင်းနှင့် ယခုလက်ရှိ ရှိနေသော ကျောင်း၏ ဝ.၁၆ ဧကသည် မူလတန်းကျောင်းတစ်ကျောင်းဖြစ်ရန် စံသတ်မှတ်ချက်၊ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ၊ ယခင်က ကျောင်းသား ၂၄ ဦးရှိပြီး ယခု ၃၀ ဦးဆိုသည့်အတွက် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ ၅ ဦးနှင့် ကျောင်းသားအချို့သည် ကျောင်းဆရာတစ်ယောက်ကို ကျောင်းသား ၆ ယောက်သာ ရှိပါကြောင်း၊ တခြားကျောင်းများရှိမည်ဆိုပါက ပြင်ပကျူရှင်ဝိုင်းတစ်ဝိုင်းစာသာရှိသည့်အတွက် ဆရာနှင့် ကျောင်းသား၏ အချိုးသည် မျှတမှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
မိမိတို့အနေဖြင့် ကျောင်းသား ၃၀ ဦးထက် ကျော်ပါက အ.မ.က (ခွဲ) အဖြစ်ပေးပြီး ၃၅ ဦးရှိပါက မူလတန်းကျောင်းအဖြစ် သတ်မှတ်ပေးပါကြောင်း၊ ကျောင်း၏ ဧရိယာသတ်မှတ်ချက်စံနှုန်းမှာ နယ်တွင် အကုန်ရှိပြီး ရန်ကုန်တွင် စံနှုန်းမရှိပါကြောင်း၊ တစ်ချို့ ကျောင်းများသည် ပြည်သူပိုင်သိမ်းကျောင်း ဖြစ်သည့်အတွက် အားကစားကွင်းလည်းမရှိပါကြောင်း၊ ၎င်းကိစ္စသည် မိမိတို့အနေဖြင့် စဉ်းစားပြီး ပိုင်ရှင်လည်း သုံး၍ မရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနကလည်း ချဲ့၍ မရပါကြောင်း၊ သို့သော် ပြည်သူပိုင်သိမ်း ကျောင်းပေါင်း ၁၄၅ ကျောင်းရှိပါသဖြင့် တစ်ကျောင်းချင်းအတွက် စဉ်းစား၍ မရသောကြောင်း ၁၄၅ ကျောင်းကို မည်သို့ လုပ်နိုင်မည်၊ မည်သို့ ဖျက်ဖြစ်မည်ကို အားလုံးစဉ်းစားပြီးမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥက္ကဋ္ဌကြီးက အကြံပြုပြောကြားပါသည်။
စဉ်းစားသည့်နေရာတွင် အခြေအနေ၊ အချိန်အခါ အကျိုးသက်ရောက်မှုကိုလည်း ကြည့်ရန် လိုအပ်ပါကြောင်း၊ တင်ပြပါ မူလကျောင်းသား ၂၀ ဦး၊ ကျောင်းသား ၃၀ ဦးဖြစ်နေပြီး ဆရာ ၅ ယောက်ဖြစ်သည့်အတွက် ဆရာများ များနေပါကြောင်း၊ အကယ်၍ ယင်းကျောင်း မရှိခဲ့ပါက ယင်းကျောင်းတွင် တတ်နေသောကလေးများ အနီးဆုံး မည်သည့်ကျောင်းကို တတ်နိုင်မည်ကို စဉ်းစားပြီး တာဝန်ရှိသူများက ဆောင်ရွက်ပေးမည်ဆိုပါက ပို၍ အကျိုးရှိနိုင်သည့်အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ကိစ္စတိုင်း တပြေးညီ စဉ်းစား၍ မရနိုင်ပါသဖြင့် ချွင်းချက်အနေဖြင့် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းဆောင်ရွက်ရာတွင် အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး အချိန်အခါအခြေအနေအရ ဆောင်ရွက်မှသာ ပြုပြင်ပြောင်းလဲရေးဆိုသည်ကို အောင်မြင်မည်ဖြစ်ပါကြောင်း၊ တင်ပြပါကိစ္စသည် မူအရ ဆောင်ရွက်သည့် ကိစ္စတစ်ခု ဖြစ်သည့်အတွက် မိမိဘက်က ဖြည့်စွက်ဆောင်ရွက်ပါ။ သို့ရာတွင် တိကျသော အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမည်ဆိုပါက မျှတနိုင်ပါကြောင်း အကြံပြုဆွေးနွေးသွားပါသည်။
