(ဃ)-ပြည်ထောင်စုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ(၁၈)ရက်စွဲပါစာအမှတ် ၃၀၀/၂-၄/ ဦး၁ ဖြင့်ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အားပြည်သူ တစ်ရပ်လုံးသိရှိစေရန်လွှတ်တော်သို့ရှင်းပြနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၅)ရက်မြောက်နေ့ (၁၃.၅.၂၀၁၅)

မိမိအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ စီမံအုပ်ချုပ်ရေးရာများမှာ စီမံအုပ်ချုပ်ပုံ တပြေးညီ တူညီမှုရှိ/မရှိဟူသော ကြယ်ပွင့်မပြမေးခွန်းအား ပထမအကြိမ်ပြည်သူ့ လွှတ်တော် ဒသမပုံမှန်အစည်းအဝေးကြီးတွင် မေးမြန်းခဲ့ရာမှာ ပြန်လည်ဖြေကြားလွှာ အဖြေလွှာပါ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် ရက်စွဲပါစာအမှတ် ၃၀၀/၂-၄/ ဦး ၁ ဖြင့် ထုတ်ပြန်သော ညွှန်ကြားချက်တွင် မြေယာသိမ်းဆည်းခြင်းများနှင့် ပတ်သက်၍ မည်သို့ညွှန်ကြား ဆောင်ရွက်ရမည်ဟူသော ညွှန်ကြားချက်အပြည့်အစုံကို ပြည်သူတစ်ရပ်လုံး သိရှိခြင်းမရှိသေးပါ၍ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် ရက်စွဲပါစာအမှတ် ၃၀၀/၂-၄/ ဦး ၁ ဖြင့် ထုတ်ပြန်ခဲ့သော မြေသိမ်းဆည်းခြင်းဆိုင်ရာများ၌ လိုက်နာရန် ညွှန်ကြားချက် အပြည့်အစုံကို ပြည်သူတစ်ရပ်လုံး သိရှိနိုင်ပါရန် လွှတ်တော်သို့ ရှင်းလင်းတင်ပြ ဖြေဆိုနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

အဖြေ

မိမိတို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၈-၁၁-၂၀၁၁ ရက်စွဲပါ စာအမှတ် ၃၀၀/၂-၄/ ဦး ၁ ဖြင့် ပြည်နယ်နှင့်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို မြေသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း မိမိတို့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ရက်စွဲပါစာအမှတ် ၃၀၀/၂-၄/ ဦး ၁ နဲ့ တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအားလုံးကို မြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြ သွားမည်ဖြစ်ပါကြောင်း၊

အပိုဒ်(က)အနေဖြင့် နိုင်ငံတော်ကို တာဝန်ယူစီမံခန့်ခွဲလျက်ရှိသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရကာလနှင့် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရကာလများမှာ အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတော်အတွင်း အထူးစီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက်လည်းကောင်း၊ စီးပွားရေးဇုန်များ တည်ထောင်ရန်အတွက်လည်းကောင်း၊ ကာကွယ်ရေးဆိုင်ရာ အဆောက်အဦများ တည်ဆောက်အသုံးပြုရန်အတွက် လည်းကောင်း၊ ပြုသူလူထုအချို့၏ မြေယာများကို မလွှဲမရှောင်သာ၍ သိမ်းဆည်းခြင်း ဆောင်ရွက်ရာတွင် နစ်နာသူ ပြည်သူများအား လျော်ကြေးငွေပေးအပ်၍ သဘောတူညီမှသာ ဆောင်ရွက်ရန်အတွက် မြေသိမ်းယူလိုသော မြေရယူလိုသောဌာန၊ အဖွဲ့အစည်းတို့အား ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ မြေသိမ်းအမှုတွဲများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လျော်ကြေးငွေ ပေးအပ်ပြီးဖြစ်ကြောင်း အထောက်အထားများ ပါဝင်မှသာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ တင်ပြ၍ မြေသိမ်းဆည်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ (ခ) မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေသိမ်းဆည်းခြင်း ဆောင်ရွက်ပေးရာတွင် မြေကိုအသုံးပြုရန် အလိုရှိသောဌာန၊ သိမ်းယူရန် ရည်ရွယ်သော မြေအတွင်း လယ်ယာမြေများ ပါဝင်နေပါက ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ခွင့်ပြုအမိန့်ရရှိရေးအတွက်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် အဖွဲ့အစည်းသည် နိုင်ငံတော်သမ္မတရုံး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ သဘောတူညီခွင့်ပြုချက်ကို ဦးစွာရယူရန်လိုအပ်ပြီး တင်ပြခွင့်ပြုချက်ရယူ၍လည်းကောင်း၊ ပြည်သူလူထုတို့မှ နေထိုင်အသုံးပြုလျက်ရှိသည့် မြေယာများဖြစ်ပါက လျော်ကြေးငွေများ ပေးအပ်၍ သက်ဆိုင်ရာ ကာယကံရှင်ပြည်သူတို့၏ သဘောတူညီချက်ရယူ၍လည်းကောင်း၊ မြေယာပြောင်းလဲ အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု မရှိစေရေးအတွက်ကို ဆောင်ရွက်ပြီးမှသာ ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်းအက်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မ ၁၆ အရ ခရိုင်အုပ်ချုပ်‌ရေးမှူးမှ မြေသိမ်းဆည်းခြင်း ဆိုင်ရာများကို ဆက်လက်ဆောင်ရွက်ရကြောင်း၊ (ဂ) ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံမြေသိမ်းအက်ဥပဒေ ပုဒ်မ ၁၁ တွင် ဖော်ပြထားသည့်အတိုင်း ခရိုင်အုပ်ချုပ်ရေးမှူးမှ မြေသိမ်းဆောင်ရွက်ရန် လိုအပ်သည့် မြေဧရိယာအမှန်အခြေအနေ၊ လျော်ကြေးငွေအခြေအနေနှင့် ထင်မြင်ချက်၊ လျော်ကြေးငွေခွဲဝေပေးမှုတို့ကို လုပ်ထုံးလုပ်နည်းအတိုင်း သုံးသပ်ဆောင်ရွက်ရာ၌ ပုဒ်မ ၁၅ တွင် ဖော်ပြထားချက်အရ လျော်ကြေးငွေ သတ်မှတ်ပေးရာတွင် ပုဒ်မ ၂၃၊ ၂၄ ပါ ပြဋ္ဌာန်းချက်များအတိုင်း ပြည်သူလူထု နစ်နာမှုမရှိစေရေး စိစစ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ (ဃ) မည်သည့်အကြောင်းပြချက်ဖြင့် မြေယာများကို သိမ်းဆည်းရသည့်အခါတွင်ဖြစ်စေ လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၇-၂-၂၀၁၀ ရက်စွဲပါစာအမှတ် ၄၂၅/၃-၂/နယကဖြင့် ညွှန်ကြားထားရာတွင် လျော်ကြေးငွေပေးရသည့် မြေယာနှင့်သီးနှံပင်များ၏ တန်ဖိုးသတ်မှတ်ပေးရန် ညွှန်ကြားထားသည့် အပြင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးမှ ၂၅-၉-၂၀၁၁ ရက်စွဲပါစာအမှတ် ၁၀၇(၁)/၈/သမ္မတရုံးဖြင့် မြေသိမ်းဆည်းခြင်းဆိုင်ရာနှင့် ပတ်သက်၍ National Project မဟုတ်သည့် ကိစ္စများအား နှစ်ဦးနှစ်ဖက်ကျေနပ်အောင် စီမံဆောင်ရွက်ရန်၊ National Project ဖြစ်ပါကလည်း စိုက်ခင်းများဖြစ်နေပါက ပြန်ပေးရန် သို့မဟုတ် လျော်ကြေးပေးရန်ဖြစ်ကြောင်း ညွှန်ကြားထားပါသဖြင့် မြေသိမ်းဆည်းခြင်းဆိုင်ရာ ကိစ္စကို ဆောင်ရွက်ရာတွင် အလေးအနက်ထား ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စဖြစ်ကြောင်း၊ (င) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရသော တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ အဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများသည် မည်သည့် အကြောင်းကြောင့်ဖြစ်စေ အများပြည်သူတို့၏ မြေယာများကို သိမ်းဆည်းပေးရ မည်ဆိုပါက မြေယာနှင့် သီးနှံပင်များတန်ဖိုးအတွက် လျော်ကြေးပေးအပ်ခြင်းကို ၁၈၉၄ ခုနှစ် မြန်မာနိုင်ငံမြေသိမ်း အက်ဥပဒေအရလည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များအရ လည်းကောင်း ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ (စ) ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာတော်မင်းကြီးများရုံး၏ ၁၈-၉-၁၈၆၅ ရက် ရက်စွဲပါ စာအမှတ် ၃၉၅/၄၅၃/၂ မယ-ဂ/ ၆၅ ဖြင့် ထုတ်ပြန်ထားသော မြေသိမ်းမှုများအတွက် မြေလျော်ကြေး ပေးရန်ကိစ္စအမှာစာကိုလည်း လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းကို ဖော်ပြထားရှိပြီး ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ လ ၁၈ ရက် ရက်စွဲပါစာအမှတ် ၃၀၀/၂-၄/ ဦး ၁ ဖြင့် ထုတ်ပြန်ထားသော မြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဆင့်ဆင့်ထိ သိရှိဆောင်ရွက်ရန် ညွှန်ကြားထားရှိပြီးဖြစ်သည့်အပြင် ပြည်သူတစ်ရပ်လုံးသိရှိနိုင်ရန်အတွက် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။