မြန်မာနိုင်ငံတွင် လက်ရှိတည်ဆဲဥပဒေများမှ ပြင်ဆင်ရန်ဥပဒေပေါင်းမည်မျှရှိပြီး ယခုအချိန်တွင် နိုင်ငံတော်အတွက် အသစ်ပြဋ္ဌာန်းပေးသင့်သော ဥပဒေများရှိ/မရှိနှင့် ရှိပါက အသစ်ပြဋ္ဌာန်းပေးမည့် ဥပဒေကြမ်းများ၏ အမည်များအား သိရှိလိုကြောင်း မေးမြန်းပါသည်။
ဥပဒေတစ်ရပ်သည် ခေတ်နှင့် လိုက်လျောညီထွေမှု မရှိပါက နိုင်ငံတော်၏ ပကဓိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲရှိခြင်း၊ ပြစ်ဒဏ်ပြဋ္ဌာန်းချက်များလည်း တိုးမြှင့်ရန်လိုခြင်း စသည့် အခြေအနေများ ပေါ်ပေါက်ပါက ယင်းဥပဒေကို ပြင်ဆင်ရန် ယင်းဥပဒေကို စီမံခန့်ခွဲသော ဝန်ကြီးဌာနှင့် အဖွဲ့အစည်းများက ပြင်ဆင်သော ဥပဒေ(မူကြမ်း)ကို ကနဦးရေးဆွဲပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပါကြောင်း၊ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ရာတွင် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းသည့် နည်းလမ်းနှင့် ဥပဒေအသစ် အစားထိုးပြဋ္ဌာန်းသော နည်းလမ်းဟူ၍ နည်းလမ်း ၂ ခု ရှိပါကြောင်း၊ တည်ဆဲဥပဒေပါ အချက်အလက်အနည်းငယ်ကိုသာ ပြင်ဆင်လိုပါက ပြင်ဆင်သည့် ဥပဒေ၊ ပြဋ္ဌာန်းသည့် နည်းလမ်းကို ကျင့်သုံးလေ့ရှိပြီး ပြင်ဆင်လိုသည့် အချက်အလက်များ အများအပြားရှိပါက မူရင်းဥပဒေကို ရုပ်သိမ်းပြီး ဥပဒေအသစ် အစားထိုးပြဋ္ဌာန်းသည့် နည်းလမ်းကို ကျင်းသုံးလေ့ရှိပါကြောင်း၊ ဥပဒေတစ်ရပ်ပါ ပြဋ္ဌာန်းချက်များသည် ခေတ်နှင့် လိုက်လျောညီထွေမှုရှိ/မရှိ၊ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲရှိ/မရှိ၊ ဥပဒေတွင် ပျော့ကွက်ဟာကွက်များရှိ/မရှိဆိုသည်မှာ ဥပဒေကို စီမံခန့်ခွဲသည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများကသာ အဓိကသိရှိနိုင်သော အချက်များဖြစ်ပါကြောင်း၊ ပြင်ဆင်ရန် လိုအပ်ချက်များရှိနေကြောင်း ပေါ်ပေါက်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ကို ကနဦးရေးဆွဲဆောင်ရွက်ရပါကြောင်း၊ တင်ပြပါအတိုင်း တည်ဆဲဥပဒေများကို ပြင်ဆင်ရန် လိုအပ်ခြင်းရှိ/မရှိ သည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ရသည့် ကိစ္စဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ပြင်ဆင်ရန် ဥပဒေမည်မျှရှိကြောင်း အတိအကျ ဖြေကြားရန် အခက်အခဲရှိပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ကလည်း တည်ဆဲဥပဒေများအနက် ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို အခါအားလျော်စွာ အတည်ပြုပြဋ္ဌာန်းလျက်ရှိရာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ်၊ မတ်လမှ ယနေ့အထိ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအနက် ပြင်ဆင်သည့်ဥပဒေ စုစုပေါင်း ၆၆ ခုရှိပြီး မူရင်းဥပဒေကို ရုပ်သိမ်းပြီး အစားထိုးပြဋ္ဌာန်းသည့်ဥပဒေ စုစုပေါင်း ၃၃ ခု ရှိသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတွက် အသစ်ပြဋ္ဌာန်းပေးသင့်သော ဥပဒေများ ရှိ/မရှိနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နယ်ပယ်အလိုက် ဝန်ကြီးဌာနအဖွဲ့အစည်းများသည် လေ့လာသုံးသပ်စဉ်းစားရမည့် ကိစ္စဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည်လည်း အသစ်ပြဋ္ဌာန်းသင့်သော ဥပဒေကြမ်းများကို ပြုစုရေးဆွဲပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အဓိက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလျက်ရှိသော အခြေအနေ အချိန်အခါအရ နယ်ပယ်အသီးသီးတွင် အသစ်ပြဋ္ဌာန်းရန် လိုအပ်သော ဥပဒေများ အခါအားလျော်စွာ ရှိမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်အကြံပြုခဲ့သည့် ဥပဒေကြမ်းများအနက် ဥပဒေကြမ်း ၂၀ ခုကို အသစ်ပြဋ္ဌာန်းရန်ဖြစ်သော ဥပဒေကြမ်းများအဖြစ် ပြန်ကြားပေးခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းများမှာ နယ်စပ်ဒေသလုံခြုံရေးနှင့် လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဆိုင်ရာဥပဒေ၊ မြန်မာ့လေဆိပ်များအာဏာပိုင်ဥပဒေ၊ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံနယ်ကြားစောင့်ရဲတပ်ဖွဲ့ဥပဒေ၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ၊ ကိုယ်ပိုင်တက္ကသိုလ်မှတ်ပုံတင်ဥပဒေ၊ မန္တလေးမြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥပဒေ၊ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေ၊ မြန်မာနိုင်ငံကျန်းမာရေးမှူး ကောင်စီဥပဒေ၊ နိုင်ငံဝန်ထမ်းကြိုတင်စုဆောင်း ရန်ပုံငွေဥပဒေ၊ လယ်ယာစိုက်ပျိုးကုန်ထုတ်လုပ်မှု အတွက်ဥပဒေ၊ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ၊ အစိုးရဝယ်ယူရေးဥပဒေ၊ စက်မှုစုန်ဥပဒေ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အမျိုးသား ရုပ်ရှင်ကောင်စီဥပဒေ၊ အပင်မျိုးသစ် ကာကွယ်ပေးရေးဥပဒေ၊ သံအမတ်ကြီးများခန့်ထားမှုဆိုင်ရာဥပဒေ၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးဥပဒေ၊ တိကျစွာတိုင်းတာခြင်းနည်းပညာဥပဒေ စသည်တို့ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
