မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်တမ်း တစ်နည်းအားဖြင့် ဝန်ထမ်းလုပ်သက် ကို သက်တမ်း တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ပတ်သက်၍ သိရှိလိုပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ယနေ့ အခြေအနေတွင် လူမှုစီးပွားအခြေနေအရပ်ရပ်က တိုးတက်လာပြီဖြစ်သောကြောင့် နိုင်ငံဝန်ထမ်းများ၏ သက်တမ်းကို တိုးမြှင့်ပေးရန် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်အသက်ကို သတ်မှတ်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကြောင်းရင်းများကို ဘက်စုံဒေါင့်စုံလေ့လာသုံးသပ်ပြီးမှသာ သတ်မှတ်ဆောင်ရွက်လေ့ရှိပါကြောင်း၊ အချက်အချို့ကို တင်ပြရမည်ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ၊ လူဦးရေတိုးနှုန်း (Population Growth)၊ အသက် ၁၅ နှစ် မှ ၆၀ နှစ်ရှိ အလုပ်လုပ်နိုင်သည့်လူဦးရေ (Labour Force)၊ စာတတ်မြောက်မှုနှုန်း (Literacy Rate)၊ စီးပွားရေးတောင့်တင်းခိုင်မာမှု၊ နောက် နိုင်ငံတော်၏ GDP၊ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံနှင့် အင်အား၊ လူများ၏သက်တမ်း (Life Expectancy)၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် အချက်များကို အခြေခံ စဉ်းစားသတ်မှတ်လေ့ရှိပါကြောင်း။
ထို့အပြင် မိမိနိုင်ငံ၏ အခြေခံအကြောင်းရင်းများကိုသာမက မိမိတု့ိ ဒေသတွင်းရှိ နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိကျင့်သုံးနေသော အငြိမ်းစားယူရမည့် အသက် သတ်မှတ် ချက်ကို လေ့လာနှိုင်းယှဉ်ပြီး အချိုးအစားသင့်တင့်မျှတအောင် သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဒေသတွင်းက ဂျပန်၊ ကိုရီးယား နိုင်ငံတွေ ပင်လျှင် ဝန်ထမ်းများ၏ အငြိမ်းစားယူရမည့်အသက်ကို ၆၀ နှစ်ဟူ၍ သတ်မှတ်ကျင့်သုံး နေသည်ကို တွေ့ရှိ ရပါကြောင်း၊ မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အငြိမ်းစားယူရမည့် အသက်ကို ယခု သတ်မှတ်ထားသော ၆၀ နှစ်ထက် တိုးမြှင့်သတ်မှတ် ခဲ့မည်ဆိုပါက ရာထူးအဆင့်အလိုက် လစ်လပ်နေရာ မရှိသည့်အတွက် နိုင်ငံဝန်ထမ်းများ၏ အဆင့်ဆင့်ရာထူးတိုးမြှင့်ရေးအတွက် စဉ်းစားရာတွင် ရာထူးနေရာ ပိတ်ဆို့မှုများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင်ပင် ဘွဲ့ရလူငယ်များကို နိုင်ငံ့ဝန်ထမ်းအဖြစ် အပြည့်အဝခန့်ထားပေးနိုင်ခြင်း မရှိဘဲ အလုပ်လက်မဲ့ပြဿနာများ ပေါ်ပေါက်နေသည့်အချိန်တွင် အငြိမ်းစားယူရမယ့်အသက်ကို တိုးမြှင့်သက်မှတ်ပေးခဲ့မည်ဆိုပါက ဘွဲ့ရလူငယ်များအတွက် အလုပ်အကိုင် ရရှိရေးသည် ပိုမို ကြပ်တည်းလာနိုင်ပါကြောင်း၊ ထို့ပြင် နိုင်ငံဝန်ထမ်းအများစုအနေဖြင့် သက်ပြည့်ပင်စင် ခံစားနိုင်ဖို့အတွက် အချိန်ပိုမို ကြာမြင့်စွာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ခြင်းကြောင့် အချို့သော ဝန်ထမ်း များအနေဖြင့် သတ်မှတ်အသက် မပြည့်မီ အငြိမ်စားယူခဲ့ပါက သက်ပြည့်ပင်စင်ခံစားခွင့် နစ်နာဆုံးရှုံး နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ အသက်များ တဖြည်းဖြည်းပို ကြီးလာသည်နှင့်အမျှ ကျန်းမာရေးများ ကျဆင်းလာသည့်အတွက် နိုင်ငံတော်အနေဖြင့် ဆေးဝါးကုသမှုစရိတ် ပိုမိုကုန်ကျလာနိုင် သကဲ့သို့ ဝန်ထမ်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ကျန်းမာရေးကျဆင်းမှုအခြေအနေကြောင့် အပြည့်အဝ ရယူအသုံးပြုနိုင်မည့် အနေအထား မရှိပါကြောင်း၊ အငြိမ်းစားယူရမယ့်အသက်ကို လက်ရှိ ၆၀ ထက် တိုးမြှင့် သတ်မှတ်ခဲ့မည်ဆိုပါက အာဆီယံနှင့် တခြားနိုင်ငံများ၏ အငြိမ်းစားယူရမယ့်အသက် ၎င်းတို့ဆီတွင် ပေါ်ပေါက်နေသော တစ်ဦးကျဝင်ငွေရရှိမှု၊ နိုင်ငံတာကာစံနှုန်းဖြင့် သတ်မှတ်ထားသည့် Human Develop ment Index (HDI) တို့လိုမျိုးတွင် မလိုလားအပ်သော ရှုပ်ထွေးမှုများ၊ ဂယက် ရိုက်ခတ်မှုများ ကြုံတွေ့လာနိုင်ဖွယ်ရှိသည်ဟု ရှုမြင်သုံးသပ်ရသည့်အတွက် အချုပ်အနေဖြင့်တင်ပြရမည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်ခံစားရမည့်အသက်ကို တိုးမြှင့်ပေးရန် ယခုအချိန်တွင် သင့်လျော်ခြင်း မရှိဟု ယူဆပါကြောင်း၊ နိုင်ငံတော်၏ အကျိုး၊ နိုင်ငံ့ဝန်ထမ်းအများစုတို့၏ အကျိုးကို ထောက်ရှုပြီး ဘက်စုံထောင့်စုံမှ ချိန်ဆဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
