ဦးအောင်စိုး (လောင်းလုံး)
တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည်နှင့်အညီ ရေး- ထားဝယ်-မြိတ်-ကော့သောင်း ကား လမ်းမကြီး သည်လည်း တနင်္သာရီတိုင်း၏ တစ်ခု တည်းသော လမ်းမကြီးဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပြည်ထောင်စုလမ်းမကြီးလည်း ဖြစ် ပါကြောင်း၊ တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် ၈ မြို့နယ် သည် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင်တည်ရှိပြီး ပြည်သူများသည် လည်း ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေးဝဲယာတွင် နေထိုင်လာခဲ့ကြပါကြောင်း၊ ယခင်ကလမ်းမကြီး၏ နယ်နိမိတ်သည် ပေ ၁၀၀ ဟုဆိုသော်လည်း တချို့နေရာများရှိ မြို့တွင်းလမ်းများသည် ပေ ၅၀ ဝန်းကျင်ခန့်သာ ကျယ်ဝန်းပါကြောင်း။
ယနေ့အချိန်တွင် ပြည်ထောင်စုလမ်းမကြီးကို ပြုပြင်ခြင်း၊ ကတ္တရာထပ်ပိုးခြင်း၊ လမ်းချဲ့ခြင်းများ ပြုလုပ်ပေးလာသကဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ အကြောင်းကြားစာ များမှာ ၎င်းလမ်းသည် (AH-112) လမ်းဖြစ်ပြီး လမ်းနယ် နိမိတ် ပေ ၃၀၀ ရှိကြောင်းနှင့် လမ်းနယ်နိမိတ်အတွင်းရှိ ကျူးကျော်အိမ်ရာများ၊ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦများ ထပ်မံတိုးချဲ့မှုမရှိစေရန်၊ လက်ရှိတည်ရှိ ပြီးဖြစ်သော အဆောက်အဦနှင့် အိမ်ရာများရှင်းလင်းဖယ် ရှားဆောင်ရွက်သွားရန် အစီအစဉ်များပါရှိပါကြောင်း၊ ထို့ကြောင့် လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြသော ပြည်သူများသည် မည်သည့်အချိန်တွင် ၎င်းတို့၏အိမ်ရာများ ရှင်းလင်းဖယ်ရှားခံရမည်ကို စိုးရိမ်သောက ဖြစ်နေကြပါကြောင်း။
ထို့ကြောင့် အဆိုပါလမ်းမကြီးနှင့်ပတ်သက်၍ ပြည်သူများမနစ်နာစေရန် လမ်း၏နယ် နိမိတ်အကျယ်အဝန်းကို မြို့တွင်း/မြို့ပြင်၊ ကျေးရွာတွင်း/ကျေးရွာပြင်ပတို့တွင် မည်သို့သတ်မှတ်ထားရှိသည်ကို သိရှိလိုပါကြောင်းနှင့် စတင်မည့်အချိန်နှင့် ပြီးဆုံးမည့်ဘဏ္ဍာရေးနှစ်တို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းသည် ၅၀၄ မိုင် ၇ ဖာလုံ ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် အာဆီယံလမ်းကွန်ယက်ဖွံ့ဖြိုးရေးအတွက် ၁၉၉၉ ခုနှစ် စက်တင်ဘာလက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တို့တွင် ပြုလုပ်ခဲ့သော ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံလမ်း ကွန်ယက် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီချက်များအရ ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းကို အာရှ/အာဆီယံလမ်းမကြီး (AH-112)အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။ အာရှနှင့် အာဆီယံ လမ်းမကြီးများသည် စံချိန်စံညွှန်းနှင့်အညီ အဆင့်မီ နှစ်လမ်းသွား ကတ္တရာ လမ်းဖြစ်ပြီး ရန်ပုံငွေအပေါ်မူတည်ပြီး အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် China EXIM Bank ၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နှင့် အရင်အမြန်လမ်းကို လျာထားခဲ့သော လမ်းချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုဘဲ ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းကို အဆင့်မီလမ်းမကြီး အဖြစ် ဆောက်လုပ်သွားနိုင်ရန် လျာထားချက်ဖြင့် စီစဉ်ဆောင်ရွက်ထားလျက်ရှိပါကြောင်း၊ ထို့ကြောင့် တနင်္သာရီ တိုင်းဒေသကြီး အဆိုပါလမ်းပိုင်းသည် အဆင့်မီ ၂၄ ပေ နှစ်လမ်းသွား လမ်းမကြီးဖြစ်လာမည်ဖြစ်ပါကြောင်း။
အာဆီယံ/အာရှ လမ်းမကြီးများကို ASIAN, ASEAN and GMS Road Standard and Class များနှင့်အညီ သတ်မှတ်ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် အာဆီယံ/အာရှလမ်းမကြီးများ၏ နယ်နိမိတ်ကို မူလက ပေ ၃၀၀ သတ်မှတ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ၏ သတ်မှတ်ချက်အတိုင်း လမ်းနယ်နိမိတ်ကို ၇၀ မီတာ ၂၃၀ ပေ လမ်းအလယ်မှ တစ်ဖက် ၁၁၅ ပေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့သော် မြို့တွင်းနှင့် ရွာတွင်းရှိ လမ်းများကို လမ်းနယ်နိမိတ် အနည်းဆုံး ပေ ၁၀၀ သတ်မှတ် ထားရှိထားပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပြီး အနည်းဆုံး လိုအပ်ချက်အတိုင်း ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
