(ဂ)-မြို့နယ်အသီးသီးတွင်အိမ်ထောင်စုလူဦးရေစာ ရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်လက်ဝယ်မရှိသူများ အတွက်မည်သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၇)ရက်မြောက်နေ့ (၁၆.၃.၂၀၁၅)

ဦးတင်မောင်ဦး (ရွှေပြည်သာ)မိမိအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပတ်သက်သော ကာလကန့်သတ်ချက် မရှိဘဲ ထုတ်ပေးထားသည့် White Card ကိစ္စကိုလည်းကောင်း၊  အိမ်ထောင်စု လူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းများ၊ နိုင်ငံသားလက်မှတ်များထုတ်ပေးသော ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းများကို လည်းကောင်း မေးမြန်းလိုပါကြောင်း၊  မိမိအနေဖြင့် ပထမ မေးခွန်းနှင့် ယခုမေးခွန်းများကို အဆိုအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မေးခွန်းအနေနှင့် ပြောင်းလဲမေးမြန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ သမ္မတရုံးက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် White Card နှင့် ပတ်သက်ပြီး ထွက်ရှိလာသည့် ကြေညာချက်နှင့် ပတ်သက်၍လည်း  အသေးစိတ်ရှင်းလင်းပေးစေလိုပါကြောင်း၊  ဒုတိယမေးခွန်း အနေဖြင့် နိုင်ငံသားစိစစ်ရေး လက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်းများနှင့် ပတ်သက်၍ နိုင်ငံတော်က  မိုးပွင့်(၁)မှ (၇)အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ မိုးပွင့်အထူး စီမံချက်ကို ထပ်မံဆောင်ရွက်ဦးမည်ဖြစ်သည့်အပြင် ယင်းစီမံချက်အတွက် နိုင်ငံတော် ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၄၁၄.၃၃၁ သန်း သုံးစွဲသည်ဟုကြားသိရပါကြောင်း၊ မိမိအနေဖြင့် သိချင်သည်မှာ မိုးပွင့်အထူး စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့်သန်းခေါင် စာရင်းမရှိသေးသော သူမျးအားလုံးကို ထုတ်ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်အစီအစဉ်ဖြင့် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ မိုးပွင့်စီမံကိန်းများကို ရပ်ရွာများကို မိုးပွင့်အထူးစီမံကိန်းဟူ၍ တစ်နေ့လျှင် ၁၀ ယောက်ခန့်သာ ဆောင်ရွက်ပေးခဲ့ပြီး ကျန်သည့်ရက်များတွင် ရုံးများသို့ခေါ်ဆောင်ကာ အပေးအယူဖြင့် ဆောင်ရွက်နေကြခြင်း၊ လူကြီးများလာရောက်စစ်ဆေးသည့် နေ့ရက်များတွင်သာ  အခမ်းအနားနှင့် ဆောင်ရွက်၍ ကျန်သည့်ရက်များတွင် ပုံမှန်အတိုင်းသာဆောင်ရွက်ခြင်းများကို တွေ့ရှိရပါကြောင်း၊ ယနေ့ မိမိတို့နိုင်ငံတွင် အများဆုံး ကြုံတွေ့နေရသည်မှာ ကျူးကျော်ကိစ္စရပ်များဖြစ်၍ ယင်းနှင့် ပတ်သက်ပြီးလည်း  ၂၀၁၅  ရွေးကောက်ပွဲမီသည်ဖြစ်စေ နိုင်ငံတော်တွင် အစီအစဉ်တစ်ရပ်ရှိရန်လိုအပ်ပါကြောင်း၊    ထို့ကြောင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းပေးရန် အခက်အခဲများကို ဖြေရှင်းပေးရန်လည်း လိုအပ်ပါကြောင်း၊ ယခု အဓိကကြုံတွေ့ရသည်မှာ နိုင်(၂)၊ ပုံစံ(၁၆)၊ မျိုးရိုးစဉ်ဆက်ဖြည့်ခြင်းစသည်များတွင် Fax အသုံးပြုခြင်း၊ ဖုန်းနှင့် ဆက်သွယ်ခြင်းများကို ဆောင်ရွက်မည်ဆိုပါက ပြည်သူကိုယ်တိုင်သွားရောက်ရန် မလိုသည့်အတွက် ပိုမိုအဆင်ပြေချော့မွေ့နိုင်မည်ဖြစ်ရာ မြို့နယ်ရုံးများသို့ ယခုခွင့်ပြုထားသော ဖုန်း အသုံးပြုငွေကိုလည်း တိုးမြှင့်ပေးရန်လိုအပ်သည့်အတွက် အထက်ပါမေးခွန်းများ ကို ဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ကြီး(၃)ရပ်အနက် တာဝန် (၁) ရပ်ဖြစ်သော  အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်လုပ်ငန်းသည် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းအတွက် လုပ်ထုံးလုပ်နည်းအစဉ်အလာအရ ပြည်သူတစ်ဦးချင်းက လိုအပ်သောအထောက်အထားများဖြင့်လူကိုယ်တိုင် ရုံးသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ လူတစ်ဦးချင်း၏ နိုင်ငံသားဖြစ်တည်မှုကို စိစစ်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် ဆက်စပ်နေခြင်းကြောင့် မှားယွင်းမှုမရှိစေရေးအတွက် မိဘ၊ ဘိုးဘွားများ၏ အထောက်အထားများကို ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ပြီးမှ အတည်ပြုထုတ်ပေးရပါကြောင်း။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအနက် ပြည်သူ့ဆန္ဒ သဘောထားကို အလေးထားရန် ဆိုသည့်အချက်ကို လုပ်ငန်းလမ်းညွှန်ချက်အဖြစ် မှတ်ယူဆောင်ရွက်လျက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဥပဒေနှင့်အညီများစွာ ဖြေလျော့ပေးပြီး မိုးပွင့်စီမံချက် ဟူသောအမည်ဖြင့် တစ်နိုင်ငံလုံးကွင်းဆင်း၍ One Stop Service ဖြင်‌့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ထိုသို့ မိုးပွင့်စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေ စာရင်း လျှောက်ထားခြင်းအတွက် ယခင်လိုအပ်ချက် ၁၀ ချက်အစားမဖြစ်မနေလိုအပ်သော အချက် ၅ ချက်မှလွဲ၍ ကျန်အချက်များကို ဖြေလျော့ပေးခဲ့ပြီးဖြစ်သည့်အပြင် သတ်မှတ်အခငွေများအား လုပ်ငန်းအမျိုးအစားအလိုက် ၃ ကျပ်၊ ၆ ကျပ်၊ ၁၀ ကျပ်ကိုသာ ကောက်ခံ၍ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ပြီး မိုးပွင့်စီမံချက် အဆင့် ၁ ဖြင့် နိုင်ငံတစ်ဝှမ်း ဆောင်ရွက်ပေးခဲ့ဖြစ်ပါကြောင်း။

မိုးပွင့်စီမံချက်များကို ၂ လအတွင်း ကွင်းဆင်း၍ ၁လရုံးထိုင် တိုက်ဆိုင်စစ်ဆေးသော စနစ်ဖြင့် ဆက်တိုက် ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မိုးပွင့်အဆင့် ၇ ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပြီး အိမ်ထောင်စု လူဦးရေ ဆိုင်ရာလုပ်ငန်းဖြစ်သော အိမ်ထောင်စု ၆၉၆၁၂၀ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၂၅၅၁၄၃ ကတ်ကို ထုတ်ပေးခဲ့ဖြစ်သော်လည်း မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်  အဓိကအခက်အခဲသည် ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ခရီးသွားလာခွင့်လတ်မှတ်အဖြစ်သာ သိရှိကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်းအားဖြင့် နိုင်ငံသား အခွင့်အရေး Right of Citizen နှင့် နိုင်ငံသားဖြစ်ခြင်း၏တန်ဘိုးကို ကျယ်ကျယ်ပြန့်ပြန့်မသိရှိနိုင်ခြင်းကြောင့် ကွင်းဆင်းဆောင်ရွက်ပေးသော်လည်း လာရောက် ပြုလုပ်ခြင်းမရှိသူများ၊ ဝမ်းရေးအတွက် ဦးစားပေးလုပ်ကိုင် နေကြရခြင်းများကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသော ပြည်သူများ ကျန်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ မိုးပွင့်စီမံချက်ကို ထပ်မံအားဖြည်‌့၍ မိုးပွင့်အထူးစီမံချက်ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ၆လတာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မိုးပွင့်(အထူး)စီမံချက်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ ကိုယ်တိုင်က ကျေးရွာအုပ်ချုပ်ရေးမှူးများထံစာရင်းပေးပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စာရင်း ဇယားအပေါ် အခြေတည်၍ မိမိဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးသည်‌့စနစ်ဖြစ်ပါကြောင်း၊ အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြား လက်ဝယ်မရှိသူများသည်လည်း ကိုယ်တိုင်ဆန္ဒပြု၍ ဝင်ရောက် ဆောင်ရွက်ခွင့် ရရှိကြမည်ဖြစ်သည့်အပြင် မိမိမူလနေထိုင်ရာမြို့နယ်မှ ပြောင်းရွှေ့ပုံစံ ၁၀ ထုတ်ယူလာခဲ့ခြင်း မရှိဘဲ အစဉ်အဆက်နေထိုင်လျက်ရှိသူများကိုလည်း အခက်အခဲမရှိဆောင်ရွက်ပေးနိုင်ရန်အတွက် မိမိဝန်ကြီးဌာနမှ မြို့နယ်အချင်းချင်းချိတ်ဆက်လျက် တစ်ဖက် မြို့နယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းအား ပယ်ဖျက်ခြင်း၊ ရောက်ရှိသည့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းထုတ်ပေးခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် မည်သည်‌့လိပ်စာဖြင့် နေထိုင်ကြောင်းကိုလည်းကောင်း၊  အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင်လည်း မည်သည်‌့ လိပ်စာတွင် မည်သည်‌့အခြေအနေဖြင့် နေထိုင်ကြောင်းကိုလည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် တင်ပြရမည်ဖြစ်ပါကြောင်း၊ တင်ပြရမှာဖြစ်ပါတယ်။ ယခု အိမ်ထောင်စုလူဦးရေ စာရင်းတွင်မရှိဘဲ နေထိုင်သူအများစုသည် ယခင်မည်သည်‌့နေရာတွင်မှ စာရင်း ပါဝင်သူမရှိသူများဖြစ်ပြီး ယခုလက်ရှိနေရာသည်လည်း ခွင့်ပြုချက်မရဘဲ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းဖြစ်၍ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ထောက်ခံချက်ထုတ်ပေးခြင်းမရှိသဖြင့် မိမိဝန်ကြီး ဌာနမှလည်း အိမ်ထောင်စုလူဦးရေစာရင်း ဆက်လက်ဆောင်ရွက်ပေး၍ မရခြင်းပဲဖြစ်ကြောင်း။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၅တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမြန်မာ နိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသမဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်း ထားသဖြင့် ထိုသူများသည် ဥပဒေနှင့်အညီသာ အခြေချနေထိုင်ခွင့်ရှိပါကြောင်း၊  မိုးပွင့်စီမံချက်ဆောင်ရွက်ရာတွင်လည်း ဖြေလျော့ပေးနိုင်သည်‌့ အချက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ အကြံပြုချက် တောင်းခံပြီးမှ အနည်းဆုံး လိုအပ်သော အချက်များဖြင့်သာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်၍ ထပ်မံဖြေလျော့ရန် မဖြစ်နိုင်ပါကြောင်း။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ  အခန်း ၄၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်သူဖြစ်လျှင် သက်ဆိုင်ရာကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအား ထိုသူကို မဲစာရင်းအား ထည့်သွင်းပြုစုမည်ဖြစ်သည့်အပြင် မိမိ၏ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုမှာ မွေးဖွား/ကြီးပြင်း၊ အခြေချနေထိုင်သည့် တိုင်းရင်းသားများနှင့် နိုင်ငံသားများအနက် အိမ်ထောင်စု စာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသား မှတ်ပုံတင်ကတ်ပြား မရှိသူ များကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲသည် မဲစာရင်းမှာ ထည့်သွင်းပြု စုမှာပဲဖြစ်ခြင်းကြောင့် မဲစာရင်းတွင်ပါဝင်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိမှာမည်ဖြစ်ပါကြောင်း။

 သက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်၍ မဲဆန္ဒနယ်တစ်မဲ၏ နယ်တစ်ခုတွင် ပါဝင်သူတိုင်းသည် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး ပြဋ္ဌာန်းချက်နှင့် ညီညွတ်နေကြောင့် တစ်စုံ တစ်ဦး၏အခွင့်အရေးကို ထိခိုက်မှု မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးတင်မောင်ဦး(ရွှေပြည်သာ) က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။

White Card နဲ့ပတ်သက်၍ မည်သို့ဆောင်ရွက်ထားသည်ကို တစ်နိုင်ငံလုံး ရှင်းလင်းစွာ သိရှိနိုင်ရန် ပြန်လည်ဖြေကြားပေးလိုပါကြောင်း၊ မိမိ၏ ဒုတိယမေးခွန်းသည် ရွေးကောက်ပွဲအတွက်ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေး အခက်အခဲများစွာ တွေ့ကြုံရပါကြောင်း၊ ကျူးကျော်များနှင့် ပတ်သက်၍လည်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် လက်ရှိတည်ဆဲဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်             

မိမိအနေဖြင့်  White Card ကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြီး အသေးစိတ်ကို ဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ဥပဒေကြောင်းအရ ပြင်ဆင်ရန်နှင့် စပ်လျဉ်း၍ ယခုအချိန်တွင် သတ်မှတ်ထားသော နည်းဥပဒေတွင် ပုံစံ(၁၀)မပါရှိပါကမည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နိုင်ငံတော်အဆင့် မှ လိုအပ်သည်များ ဖြေလျှော့မှုများကို စီမံဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြထားပြီးလည်းဖြစ်ပါကြောင်းနှင့် ကျန်ရှိမေးခွန်းများနှင့် ပတ်သက်၍လည်း အသေးစိတ်ပြန်လည်ဆွေးနွေးညှိနှိုင်းပြီးမှ ဖြေကြားပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။