အုတ်တွင်းမြို့နယ် လှေဆွဲမြောင်းကျေးရွာရှိ ချောင်းကူးတံတားသည် မိုးရာသီတွင် မိုးများအဆက်မပြတ် ရွားသွန်းခြင်းများ၊ အင်းကွင်းကရေများ၊ ခပေါင်းဆည်ကရေများမှ ကျလာသည့်အတွက် ချောင်းကမ်းပါးများ ပြိုပြီး တံတားထပ်တွင် တော်တော်ပြိုကျနေပါကြောင်း၊ တံတား၏အနေအထားမှာလည်း တော်တော်ပျက်စီး နေပြီး စစ်တောင်းမြစ်ရေကြီးသည့် အခါတွင် တံတားအထက် (၃)ပေလောက်မြင့်ပြီး ရေကြီးနေပါကြောင်း၊ ထို့ကြောင့် အသက်အန္တရာယ်လည်း စိုးရိမ်နေရပါကြောင်း၊ ၎င်း တံတားသည် လှေဆွဲမြောင်း၏ ဂွေ့ကြီး၊ စမွတ်ကျေး ရွာ၊ ချောင်းကျိုးကျေးရွာတို့မှစပြီး အိမ်ထောင်စု ၈၀၀ နှင့် အိမ်ထောင်စု ၅၀၀၀ ကျော် သည် နေ့စဉ်နှင့် အမျှ ဖြတ်သန်းသွားလာပြီး ကျောင်းသားကျောင်းသူများလည်း သွားလာနေကြသည့် တံတားဖြစ်သည့် အပြင် တစ်ဖက်ကမ်းတွင်ရှိသော ထန်းတပင်မြို့နယ်ရှိ ပြည်သူများလည်း စီးပွားရေးအအရ ရောင်းဝယ်ဖောက် ကားရသည့် တံတားလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တံတားကို တည်ဆောက်ပေးမည်ဆိုလျှင် ပေ ၈၀၊ အကျယ် ၁၅ ပေ၊ အနက် ပေ ၂၀ ခန့်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအုပ်စု လှေဆွဲမြောင်းကျေးရွာရှိ တံတားအား အသစ်ပြန်လည် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုပြင် ပေးမည်နည်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာအုပ်စု လှေဆွဲမြောင်းကျေးရွာ တံတားသည် ပေအရှည် ၈၀ ခန့်ရှိပါပြီး ပျက်စီးနေသော သစ်သားတံတားလည်းဖြစ်ပါသည်။ ကျေးရွာ(၉)ရွာမှ ပြည်သူပေါင်း ၅၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိပါကြောင်း၊ အဆိုပါတံတားကို တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျ ငွေ ၅၆.၀၀ သန်းခန့်ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၁၉.၁၂၆ ဘီလီယံ ခွင့်ပြုထားခဲ့ပါကြောင်း၊ ကတ္တရာလမ်း ၂၁ မိုင် ၁ ဖာလုံ၊ ကျောက်ချောလမ်း ၁၅၂ မိုင်၊ မြေသားလမ်း မိုင် ၂၇၀ နှင့် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၆၀ ပေ၊ သစ်သားတံတား ၅၂၆၅ ပေ၊ ကွန်ကရစ်ရေပြွန် ၈၅၉ ပေနှင့် ရေပြွန် ၈၈၀ ပေတို့ကို ဆောင်ရွက်ခွင့်ပြုထားခဲ့ပါကြောင်း၊ အုတ်တွင်း မြို့နယ်ချုပ်အနေဖြင့် တင်ပြရမည်ဆိုလျှင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ အပါအဝင် ၄၃၇.၁၄ သန်း လမ်းတံတားကို ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၁၅-၁၆ အတွက်လည်း ၂၀၄.၉၂၉ သန်း ဆောင်ရွက်ရန် လျာထားထားပါကြောင်း၊ အုတ်တွင်းမြို့နယ် အတွင်းရှိ မြက်နီ ကွင်းကျေးရွာအုပ်စု လှေဆွဲမြောင်းကျေးရွာ တံတားကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားရာတွင် ပါဝင်ခြင်းမရှိပါ၍ လတ်တလော ဆောင်ရွက်ရန်လည်း မရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးညီညီမြင့် (အုတ်တွင်းမဲဆန္ဒနယ်) မှဆက်စပ် မေးခွန်းမေးမြန်းပါသည်။
ကျေးရွာတံတားသည် အလွန်ပျက်စီးနေပါသောကြောင့် တင်ပြထားသည့်အတိုင်း စစ်တောင်းမြစ်ရေ တက်လာပြီးဆိုလျှင် တံတားအထက် သုံးပေလောက်မြင့်သည့်အတွက် ကျောင်းသားကျောင်းသူများ ဖြတ်သန်းသွားလာရာတွင် ရံဖန်ရံခါ ရေထဲကျပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပါကြောင်း၊ လာမည့် Supplementary ထဲဖြစ်ဖြစ် ထည့်သွင်းပြီး ဆောင်ရွက်ပေးရန် အစီအစဉ်များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာ လှေဆွဲမြောင်းတံတားနှင့် ပတ်သက်၍ သွားရောက် စစ်ဆေးသည့် အခါတွင် အလွန်ပျက်စီးနေ သည်ကို တွေ့ခဲ့ပါကြောင်း၊ ဘဏ္ဍာငွေလျာထားသည့် အခါတွင်လည်း တတိယဦးစားပေး နေရာရောက်နေသည့် အတွက်ကြောင့် အခုနက တင်ပြသလို ဖြည့်စွက်တွင်ဖြစ်ဖြစ် မိမိတို့ အရံထောက်ပံ့ငွေတွင်ဖြစ်ဖြစ် ထည့်သွင်းလျာထားပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
