၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးမြှင့်တင်မှုကော်မတီ၏ ခွင့်ပြုချက် အရ ရွှေပြည်သာမြို့နယ်တွင် ဆေးခန်း ၂ ခု ခွင့်ပြုမိန့်ရရှိခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ၁၀၃ ပုဒ်မခွဲ (က) မှ (စ) အရ ပြည်ထောင်စုလွှတ်တော်၏ ပြဋ္ဌာန်းချက်အတိုင်း သက်ဆိုင်ရာနှစ်တွင် သုံးစွဲရမည်ဖြစ် ပါကြောင်း၊ သို့သော် မတ်လတွင် ခွင့်ပြုပေးသော ဆေးခန်း၂ ခုသည် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတင်းအစအန မရသည့်အတွက် မိမိအနေဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ကုန်တွင် ကမ္ဘာ့မေကုမ္ပဏီက ဗီနိုင်း ၂ ခု လာချိတ်ပါသဖြင့် မိမိအနေဖြင့် သွားရောက်မေးမြန်းရာ ၂၆-၁-၂၀၁၅ ရက်နေ့တွင် သူတို့အား တင်ဒါပေးသည်ဟု သိရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင် ယင်းဆောက်လုပ်ရေးလုပ်ငန်း ၂ ခုလုံးသည် မြေသားလုပ်ငန်းသာ လုပ်နိုင်ပြီး ဘတ်ဂျက်နှစ်လည်းကုန်သွားပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပေးလိုက်သော လုပ်ငန်းများသည် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပြီး တိုင်းဒေသကြီးက ဖြတ်တောက်သည့် အစီအစဉ်များရှိ/မရှိ၊ ရှိခဲ့ပါက ဥပဒေနှင့်ညီညွတ်မှု ရှိ/မရှိ၊ မည်သို့အရေးယူဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်း၊ (၂) နှစ်စဉ်မတ်လတွင် ခွင့်ပြုလိုက်သော ငွေများကို ဒီဇင်ဘာလအထိ ဆောင်ရွက်ခြင်းမပြုဘဲ ၉ ကျော် ၁၀ လခန့် ခွင့်ပြုငွေကို အသုံးမပြုဘဲထားသည်ကို သိရှိမှုရှိ/မရှိ၊ မည်သို့ထိန်းသိမ်းပြီး မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုပါကြောင်း၊ (၃) ယခုကဲ့သို့ လုပ်ငန်းစီမံကိန်းများ ဖြစ်ပျက်နေသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် သိရှိမှုရှိ/မရှိ၊ သိရှိပါက မည်သို့အရေးယူထားသည်နှင့် နောင်မဖြစ်စေရန် မည်သို့ စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုကြောင်း မေးမြန်း ပါသည်။
ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရွှေပြည်သာမြို့နယ်၊ (၆/၉)ရပ်ကွက် ဒေသန္တရဆေးပေးခန်း အကြီးစား မွမ်းမံခြင်း ဆောင်ရွက်ရန် ကျပ်သန်း ၂၀ နှင့် ရွှေပြည်သာမြို့နယ်၊ (ဎ)ရပ်ကွက် ဒေသန္တရ ဆေးပေးခန်း အကြီးစား မွမ်းမံခြင်းဆောင်ရွက်ရန် ကျပ်သန်း ၂၀ ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း ခွင့်ပြုချက်အရ ၎င်းဒေသန္တရဆေးပေးခန်း ၂ ခု အကြီးစားမွမ်းမံရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနသို့ ၂၅-၄-၂၀၁၄ ရက်စွဲပါစာအမှတ် ၁၆၀/ဘင(စ) ငွေလုံးငွေရင်း/၂၀၁၄-၂၀၁၅ ဖြင့် ရန်ပုံငွေခွဲဝေပေး ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေ ခွဲဝေပေးခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းများ မရှိပါကြောင်း၊ အဆိုပါ ဒေသန္တရဆေးပေးခန်း ၂ ခုသည် မြေပြင်လေ့လာချက်အရ ယိုယွင်းပျက်စီးလျက်ရှိသဖြင့် ယခင် တင်ပြခွင့်တောင်းထားသည့် အကြီးစားမွမ်းမံခြင်းအစား အဆောက်အဦအသစ် ဆောက်လုပ်သင့်သဖြင့် ဒေသန္တရဆေးပေးခန်းအသစ် ဆောက်လုပ်ရန်အတွက် အဆောက်အဦများ ရန်ပုံငွေခေါင်းစဉ် လွှဲပြောင်းသုံးစွဲခွင့် ရရှိရေးအတွက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့တို့သို့ ပေးပို့ညှိနှိုင်းခဲ့ပါကြောင်း၊ ဒေသန္တရဆေးပေးခန်းများ အသစ်ဆောက်လုပ်ရန်အတွက် ၁၅-၁-၂၀၁၅ ရက်နေ့တွင် တင်ဒါအောင်မြင်သောကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ငွေပေးချေရာတွင် လုပ်ငန်းပြီးစီးမှု အရ ငွေပေးချေခြင်းဖြစ်၍ လုပ်ငန်းပြီးစီးမှုမရှိသော လုပ်ငန်းများအတွက် ရန်ပုံငွေများကို ဘဏ်မှထုတ်ယူထားခြင်း မရှိပါကြောင်းနှင့် ဆေးရုံ၊ ဆေးပေးခန်းများ၊ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ လျင်မြန်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့များဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်မောင်ဦး (ရွှေပြည်သာ) က အကြံပြုပြောကြားသွားပါသည်။
လွှတ်တော်က တရားဝင်ခွင့်ပြုလိုက်သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ၁၀၃ ပုဒ်မခွဲ (က) မှ (စ)အပိုဒ်တွင် ပါဝင်ပါကြောင်း၊ ၎င်းငွေကို မိမိတို့ လွှဲပြောင်းသုံးစွဲခြင်း၊ ခေါင်းစဉ်ပြောင်းခြင်း မပါဝင်ပါကြောင်း၊ သို့သော် ပြောင်းခဲ့မည်ဆိုပါက မိမိတို့မြို့နယ်တွင် ခွင့်ပြုလိုက်သော အဆောက်အဦများသည် အသစ်များဖြစ်ပါကြောင်း၊ မြေကြီးသာရှိပြီး အဆောက်အဦမဟုတ်တော့ပါကြောင်း၊ ထို့ကြောင့် မတ်လ ၃၁ ရက်နေ့က ပေးလိုက်သောငွေများသည် ခေါင်းစဉ်ပြောင်းခဲ့ခြင်းဖြစ်ပါက ၁၀ လခန့်အထိ မကြာသင့်ပါကြောင်း၊ ထိုကဲ့သို့ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက မိမိတို့ တစ်မြို့နယ်တွင်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော မြို့နယ်ပေါင်း ၃၃၀ မြို့နယ်တွင် ကျန်ရှိသောမြို့နယ်များက တင်ပြခွင့်မရ၍ မတင်ပြခြင်းဖြစ်ပါကြောင်း၊ အချိန်မရသည့်အတွက် အဆောက်အဦများသည် တစ်လသာကျန်တော့သည့် အတွက် တူးရမည့်နေရာတွင် Earth Works သည် ၂ ပေ၊ ၃ ပေတူးရမည်ကို ခြောက်လက်မပင် မတူးရပါကြောင်း၊ စစ်မည့်သူလည်း မရှိပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများပြီးသည့်အခါ အရည်အသွေး နိမ့်ကျလာခြင်းများဖြစ်သည့် အတွက် နောင်လာမည့်နှစ် များတွင် ခေါင်းစဉ်ပြောင်း၍ သုံးခဲ့မည်ဆိုပါက ၁၀ လမကြာဘဲ လုပ်ကိုင်နိုင်သော အချိန်ပေးရန် အကြံပြုပြောကြားပါသည်။
