ကြိုးဝိုင်းကျူးများနှင့် ကျေးရွာအသစ်များ ဖွဲ့စည်းခြင်း၊ မြေကွက်များချထားပေးမှုနှင့် ပတ်သက်၍ ခြံမြေကွက်များ၏ အကျယ်ကို သတ်မှတ်ရာတွင် ကျေးရွာလူထု၏ အသက်မွေးဝမ်းကြောင်းဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ပူးတွဲဆောင်ရွက်ရသည့်အတွက် လိုအပ်သော သီးနှံသိုလှောင်ဂိုဒေါင်နှင့် တစ်နိုင်တစ်ပိုင် နွား၊ ဝက်မွေးမြူသည့် အဆောက် အဦ၊ နွားစာသိုလှောင်သော ကောက်ရိုးပုံ၊ သီးနှံ၊ ပဲ၊ နှမ်းချွေလှေ့သော တလင်းကွင်းများ လိုအပ်သည့်အတွက် မြေနေရာချထားသည့်နေရာတွင် မြေကွက်၏ အကျယ်ကို (၆၀ x ၁၂၀)ပေသို့ တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျေးရွာသစ် ခြံမြေကွက်များ၏ အကျယ်ကို သတ်မှတ်ရာတွင် လိုအပ်သော သီးနှံသိုလှောင် ဂိုဒေါင်၊ နွား၊ ဝက်မွေးမြူသော အဆောက်အဦနှင့် နွားစာ သိုလှောင်ရန် ကောက်ရိုးပုံ၊ သီးနှံ၊ ပဲ၊ နှမ်း ချွေလှေ့သော တလင်းကွင်းတို့ပါ လိုအပ်သဖြင့် ခြံမြေအကျယ်ကို ၆၀ x ၁၂၀ ပေ တိုးမြှင့်သတ်မှတ် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရှားပြင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျူးကျော်အခြေချနေထိုင်သော အိမ်ထောင်စုများကို ကျေးရွာသစ်များ ဖွဲ့စည်းနေရာချထားပေးနိုင်ရန်အတွက်ကို ကျွဲသေစခန်းမှ တဲစုများအတွက် ရှားပြင်ကြိုးဝိုင်းအကွက် အမှတ်(၆၄) တွင် မြိုင်သာယာရွာအမည်ဖြင့်လည်းကောင်း၊ တံတောင်ကွေ့စခန်းမှ တဲစုများအတွက် ရှားပြင်ကြိုးဝိုင်းအကွက် အမှတ်(၅၂)တွင် ရွှေပြည်သာရွာ အမည်ဖြင့်လည်းကောင်း ချထားပေးနိုင်ရေးကို စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးရာတွင် အိမ်ခြံမြေကွက် တစ်ကွက်ကို (၆၀ x ၁၀၀) ပေအကွက်များ၊ စုစည်းနေထိုင်မည့် အိမ်ထောင်စုများအတွက် အိမ်ကွက်၊ လမ်းနှင့် အများသုံးမြေများ (စာသင်ကျောင်း၊ သာသနာ့မြေ၊ သုဿာန်မြေ) အဖြစ် ၈၅ ဧက လျာထားပြီး လက်ရှိအသုံးပြုမှု ၃၂ ဧကနှင့် အနာဂတ်အတွက်အသုံးပြုရန် (အရန်)မြေအဖြစ် ၅၃ ဧက လျာထားသတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါမြေများကို သစ်တောပယ်ဖျက်ခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်အတွက် အသုံးပြုရန် (အရန်)မြေအဖြစ် လျာထားချက်များရှိသည့်အတွက် သစ်တောပယ်ဖျက်ခွင့် ရရှိပါက တင်ပြတောင်းဆိုထားသည့်အတိုင်း တိုးမြှင့်သတ်မှတ်ပေးနိုင်သည့် အနေအထားတွင် ရှိပါကြောင်း၊ ယခု သတ်မှတ်ထားသော (၆၀ x ၁၀၀)ပေ အကွက်များအတိုင်း ချထားပေးပါကလည်း ကျေးရွာလူထု စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေအနေအထားတွင် ရှိပါကြောင်းနှင့် သစ်တောကြိုးဝိုင်း/ကြိုးပြင်ဧရိယာပြင်ပတွင် ကျေးရွာသစ်များ တည်ထောင်လိုခြင်း (သို့မဟုတ်) ကျေးရွာဟောင်းများကို လူနေထိုင်ရန်အတွက် ရွာမြေများ တိုးချဲ့ပေးရန်တောင်းဆိုလာပါက (၆၀ x ၁၂၀) ပေ အကွက်များ ခွင့်ပြုပေးနိုင်ခြင်း မရှိပါကြောင်း၊ မြေကွက်များကို ကျေးရွာလူထု၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သော သီးနှံဂိုဒေါင်၊ တစ်နိုင်တစ်ပိုင် နွား၊ ဝက်မွေးမြူသော အဆောက်အဦနှင့် နွားစာသိုလှောင်ရန် ကောက်ရိုးပုံ၊ သီးနှံ၊ ပဲ၊ နှမ်းချွေလှေ့သော တလင်းကွင်းတို့ကိုပါ လိုအပ်သည့်အတွက် ခြံမြေအကျယ်ကို (၆၀ x ၁၂၀)ပေရှိမှ သင့်တော်မည်ဆိုသည်မှာ မှန်ကန်သော်လည်း အကွက်ရိုက်နိုင်သည့် မြေအကျယ်အဝန်း ပြည့်စုံလုံလောက်မှုရှိပါက အခက်အခဲမရှိသော်လည်း မြေကွက်အကျယ်အဝန်း ပြည့်စုံလုံလောက်မှုမရှိပါက သတ်မှတ်အကျယ်အဝန်း (၆၀ x ၁၂၀) ပေအတွက် အကွက်ရိုက်ပေးရန် အခက်အခဲရှိနိုင်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးရွာသစ်/မြေကွက်သစ်ကို သတ်မှတ်ပေးရာတွင် လူနေခြံမြေ ကွက်များသာမက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ ဈေး၊ ကျေးလက်လမ်းများစသည့် အခြေခံအဆောက်အဦများအတွက်ပါ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် စီမံခန့်ခွဲပေးနိုင်သော မြေနေရာ အကျယ်အဝန်းပေါ် မူတည်ပြီး မြေကွက်အကျယ်အဝန်းနှင့် မြေနေရာသတ်မှတ်အကျယ်အဝန်းကို ပြည့်စုံလုံလောက်ပါက ကျေးရွာလူထုအတွက် (၆၀ x ၁၂၀) ပေ အကျယ်အဝန်းကို သတ်မှတ်ချထားပေးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
