ပဲခူးတိုင်းဒေသကြီး အုတ်ဖို့မြို့နယ် ကျန်းမာရေးဝန်ကြီးဌာနသည် မိခင်နှင့်ကလေးကျန်းမာရေးဌာနအတွက် တာဝန်ခံဆရာဝန် ၁ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၁ ဦး၊ သားဖွားဆရာမ ၃ ဦးတို့ဖြင့် တာဝန်ဝတ္တရာ များပေးအပ်ကာ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြပါကြောင်း၊ ယခင်က မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ပိုင်ဆိုင်သော အဆောက်အဦတွင် မိခင်နှင့် ကလေးများကို ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ရပါကြောင်း၊ လွန်ခဲ့သည့် ၉ နှစ်ခန့်က မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ စာဖြင့် အကြိမ်ကြိမ်ဖယ်ရှားပေးရန် တောင်းဆိုမှုများကြောင့် ၁၇.၁၁.၂၀၀၄ ရက်နေ့မှစတင်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ အဝင်ပေါက်နေရာတွင် ခုတင်ချပြီး ကိုယ်ဝန်ဆောင်များကို စမ်းသပ်ပေးနေရခြင်း၊ ပြင်ပလူနာများ ကို စောင့်ရှောက်ပေးခြင်းများ ပြုလုပ်နေရပါကြောင်း၊ ဆေးရုံအဝင် ဝနေရာတွင် ကုသစောင့်ရှောက်နေရခြင်းသည် အမြင်မသင့်တော်သည့်အတွက် ဆေးရုံအတွင်းရှိ အစည်းအဝေးခန်းမအတွင်း ပြောင်းရွှေ့ဖွင့်လှစ်ခွင့် ပြုသည့်အတွက် လိုက်ကာဖြင့် ကာရံပြီးဖွင့်လှစ်ခဲ့ရပါကြောင်း၊ အစည်းအဝေးခန်းမတစ်ခြမ်းတွင် ယာယီအကာအရံ များဖြင့် နေရာပေးဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိသော်လည်း အစည်းအဝေးများကျင်းပခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း ဆောင်ရွက်တိုင်းတွင် ပြောင်းရွှေ့ကုသပေးနေရခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ စမ်းသပ်ပေးရာတွင် နေရာအခက်အခဲများနှင့် ကြုံတွေ့နေရပါကြောင်း၊ ဆေးခန်း အတည်တကျမရှိသည့်အတွက် စာရင်းဇယားများ ထိန်းသိမ်းမှုများ ခက်ခဲခြင်း၊ ဆေးခန်းပစ္စည်းများ သိမ်းဆည်းထားသိုရန်ခက်ခဲခြင်း၊ ကျန်းမာရေးအသိပညာပေးရန်နှင့် ပညာရေးပိုစတာများ ချိတ်ဆွဲရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်ဖို့မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ မိခင်နှင့် ကလေးကျန်းမာရေးဌာနအတွက် အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖို့မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တာဝန်ခံဆရာဝန် ၁ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၁ ဦး၊ သားဖွားဆရာမ ၃ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း အုတ်ဖိုမြို့နယ်၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနသည် ကိုယ်ဝန်ဆောင်မိခင်များ စမ်းသပ်ပေးရာတွင် နေရာအခက်အခဲများ ကြုံတွေ့ခြင်း၊ ဆေးခန်းအတည်တကျ မရှိသည့်အတွက် စာရင်းဇယားများ ထိန်းသိမ်းမှုခက်ခဲခြင်း အစရှိသည်တို့ကို မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်တိုင်းကွင်းဆင်းပြီး တွေ့ကြုံသိရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် အုတ်ဖိုမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ မိခင်နှင့် ကလေးကျန်းမာရေးဌာနအတွက် အဆောက်အဦ ဆောက်လုပ်ပေးရန် ဘဏ္ဍာငွေအနေအထားအရ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားမှု၌ ပါဝင်နိုင်ခဲ့ခြင်းမရှိပါသဖြင့် ဆောင်ရွက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
