(က)-ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီဂေါက်ကွင်းအ တွက်သိမ်းယူထားသောလယ်မြေများကိုမူလပိုင် ရှင် တောင်သူများထံသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ (၂၄.၃.၂၀၁၅)

ဒေါ်ခင်သန္တာ( တံတားဦးမဲဆန္ဒနယ်) (1182)အထောက်အထားများရှိသည့် တောင်သူ ၃၇ ဦး ပိုင်ဆိုင်လုပ်ကိုင်ခဲ့သည့် ဧက ၁၀၀ နီးပါးကို တစ်နေ့ လူ ၁၀ ယောက်သာလျှင် အပန်းဖြေခံစားရန်အတွက် ၂၀၀၄ ခုနှစ်မှ စတင်သိမ်းဆည်းခဲ့ခြင်းဖြစ် ပါကြောင်း၊ မြေသိမ်းမိန့်နှင့် သိမ်းဆည်းထားခြင်းမျိုးလည်း မဟုတ်ပါကြောင်း၊ လျော်ကြေးဆိုပြီး လယ်မြေ ၁၂.၂၂ ဧကအတွက် ၅၀၀၀၀ နှုန်း၊ ယာမြေ ၇၅.၅ ဧကအတွက် ၃၀၀၀၀ နှုန်းကို ခွဲပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ အမှန်တကယ် ဂေါက်ကွင်းအတွက် အသုံးပြုသည်မှာ ၂၅ ဧကခန့်သာရှိပါကြောင်း၊ ကျန်ရှိသည့်မြေများကို သိမ်းဆည်းခံရသည့် တောင်သူများက တစ်ဧကကို ၃၀၀၀၀ နှုန်းဖြင့် ဆက်လက် သီးစားချသီးစားပြန်ယူ လုပ်ကိုင်နေရပါကြောင်း။

မိမိတို့ ပြည်ထောင်စု လွှတ်တော်တွင်၂၀၁၂ ခုနှစ်ကတည်းက တင်ပြတိုင်ကြား ထားသော်လည်း ပြန်လည် ရရှိခြင်းမျိုး၊ စုံစမ်းစစ်ဆေးပြီးမှ လာရောက်ပေးသည့် တစ်စုံတရာဖြေရှင်းမှုမျိုး မရှိသေးပါကြောင်း၊ သို့ပေမယ့် သီးစားချလုပ် ကိုင်နေခြင်းကြောင့် ပေးရှိရသည့် ၃၀၀၀၀ မပေးရတော့ဘဲ ၎င်းအတိုင်း လုပ်ကိုင်ခွင့် ရရှိနေခြင်းဖြစ်ပါကြောင်း၊ အမှန်တကယ် ဥပေဒနှင့်အညီ ဖြေရှင်းထားခြင်းမျိုး မဟုတ်ပါကြောင်း၊ ပြဿနာကို အမှန်တကယ်မဖြေရှင်းဘဲ မသိနားမလည်သည့် မိမိတို့၏ တောင်သူများကို နစ်နာအောင် လုပ်မည်ဆိုသည့် ပုံစံမျိုးလည်း ဖြစ်နေပါကြောင်း၊ မိမိအနေဖြင့် ဂေါက်ကွင်းအတွက် သိမ်းထားသည့် မြေများကို မူလပိုင်ရှင်တောင်သူများအား ပြန်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်းမန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဇော်ဂျီဂေါက်ကွင်းသည် သင်တောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၄၄)၊ သင်တောင်းအင်းကွင်း၊ ကွင်းအမှတ်(၁၄၇)၊ သင်းတောင်းတောင် ကွင်းအတွင်း ကွင်းအမှတ် ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် အရှေ့ဘက်၊ မင်းမွေးတောင်၏ မြောက်ဘက်တွင် တည်ရှိပါကြောင်း၊ ၎င်းမြေများကို ဂေါက်ကွင်းအဖြစ် အသုံးမပြုစဉ်က လယ်မြေ ၁၃.၅၀ ဧက၊ ယာမြေ ၉၅.၅၂ ဧက၊ အခြားမြေ ၁၀.၈၆ ဧက စုစုပေါင်း ၁၁၉.၈၈ ဧကရှိပါသည်။ အဆိုပါမြေများကို မန္တလေးတိုင်းဒေသကြီး အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၁၁-၇-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ အမိန့်အမှတ်(၁၁/၂၀၁၃)ဖြင့် လ/န(၃၉) ခွင့်ပြုမိန့်ရရှိခဲ့ပြီး မြေပြင်ပေါ်ရှိ ဂေါက်ကွင်းအဖြစ် လက်ရှိအသုံးပြုလျက် ရှိပါကြောင်း။

တောင်သူများကို မြေယာလျော်ကြေးငွေယူခြင်းနှင့် လယ်တစ်ဧကကို ပျမ်းမျှ ၂၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ယာမြေတစ်ဧကကို ပျမ်းမျှ ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း ၆-၃-၂၀၁၅ နှင့် ၇-၃-၂၀၁၅ ရက်များတွင် ဦးပိုင် ၅၇ ဦးအတွက် လယ်မြေဧက ၁၀၉.၀၂ ဧကကို တောင်သူ ၅၃ ဦးထံကို ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျော်ကြေးငွေများ ပြီးပြတ်အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊ လ/န(၃၉) ခွင့်ပြုပေးပြီးဖြစ်ခြင်း၊ မြေပြင်ပေါ် တွင်လည်း ဂေါက် ကွင်းအဖြစ်လက်ရှိ အသုံးပြုလျက်ရှိခြင်းတို့ကြောင့် မူလပိုင်ရှင်တောင်သူများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေ ကြားပါသည်။