(ဃ)-ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုး တက်လာနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများအပေါ်တွင် Anti Dumping Tax, Safe Guard Tax များကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြဋ္ဌာန်းကောက် ခံရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၄၃)ရက်မြောက်နေ့ (၁၁.၅.၂၀၁၅)

နိုင်ငံတကာတွင် ကုန်စည်များ လွတ်လပ်စွာစီးဆင်းပြီး စားသုံးသူများအတွက် ကုန်စည် များလွယ်လင့်တကူ ရရှိနိုင်စေရန် ရည်ရွယ်၍  အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးအဖွဲ့ (WTO)ကို ဖွဲ့စည်းတည်ထောင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း WTO အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ပါဝင်လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သောကြောင့် အကောက်ခွန်နှုန်းထားများနှင့် ပတ်သက်၍ သဘောတူညီချက်များကို လိုက်နာကျင့်သုံး ရမည့်နည်းတူ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု စီးပွားရေးဇုန်(AFTA) တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးဖြစ်၍ ၎င်းသဘောတူညီချက်များအတိုင်း လိုက်နာ ကျင့်သုံးရမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံချင်း ကုန်သွယ်မှုပြုလုပ်ရာတွင် အကောက်ခွန်နှုန်း ထားများ ကို သုညရာခိုင်နှုန်းထိ လျော့ချပေးရန် လိုအပ်လာပါကြောင်း၊

ယခုနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲရာ၌ ယခင်ကဲ့သို့ ကာကွယ်ပေးမှုသည် ပြည်တွင်းပြည်ပ ခွဲခြားဆက်ဆံရာရောက်ပါသဖြင့် ပြန်လည်ပြင်ဆင်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားများကို ပြည်တွင်းပြည်ပပစ္စည်းများ အားလုံးတစ်ပြေး ညီပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်ခဲ့ရခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန်ဖြင့် ကာကွယ်ပေး နိုင်ခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော် ယနေ့ နိုင်ငံတကာတွင် သဘောတူညီချက်များအရ ကုန်စည်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် သဘောတူညီပေးခဲ့သော်လည်း အောက်ပါအခြေ အနေများကိုမူ ချွင်းချက်အဖြစ်သတ်မှတ်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊        (၁) Anti Dumping Tax Measure၊ (၂) Safeguard Tax Measure စသည်ဖြင့် မိမိနိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်မှုများ လက်ခံကျင့်သုံးနေသည်ကို တွေ့ရှိရပါကြောင်း၊

သို့ပါ၍ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်၊ မိမိနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အလို့ငှာ စီးပွားရေးနှင်‌့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Anti Dumping Tax Measure နှင့် Safe Guard Tax  Measure  များကို ဆောင်ရွက်ရန်ရှိ/မရှိနှင့် ဆောင်ရွက်ရန်ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် Multi-Literal Trading System ကို အခြေခံဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား တန်းတူညီမျှဆက်ဆံရေး ဟူသည့် Most-Favored Nation (MFN) စည်းမျဉ်းကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက်လည်း အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ (AFTA) ၏ ASEAN Trade in Goods Agreement(ATIGA) အရ ဒေသတွင်းကုန်စည်များ လွတ်လပ်စွာစီးဆင်းမှု Free Float of Goods မူကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊

ထိုကဲ့သို့ ဆောင်ရွက်ခြင်းများကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ကုန်စည်များလွတ်လပ်စွာ စီးဆင်း ဝင်ရောက်လာမည်ဖြစ်ပြီး ကုန်သွယ်မှုတိုးတက် လာမည်ဖြစ်သော်လည်း ပြည်ပမှ သွင်းကုန် များကြောင့် ပြည်တွင်းလုပ်ငန်းများ ထိခိုက်လာနိုင်မည့် အနေအထားကို ကြုံတွေ့လျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်းမှ သွင်းကုန်များကို သတ်မှတ် ကာလစေ့ရောက်ချိန်တွင် အကောက်ခွန်နှုန်းကို  သုညထိလျော့ပေးရမှာဖြစ်သကဲ့သို့ WTO အဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်များ အပေါ်မှာလည်း WTO မှာ ကတိကဝတ်ပြုထားသော Bound Tariff Rate အတွင်းသာ ကောက်ခံနိုင်မှာ ဖြစ်ပါကြောင်း၊

သို့သော် WTO Agreement များတွင် ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံများ(Trade Remedy Measures) ဆိုင်ရာ သဘောတူညီချက် သုံးခုအရ ပြည်တွင်းလုပ်ငန်းရှင်များကို ကုန်သွယ်ရေးဆိုင်ရာ ကာကွယ်မှုပေးနိုင်ရန် သွင်းကုန်များအပေါ် အကောက်ခွန်စည်းကြပ်မှုကို Bound Tariff Rate ထက် ကျော်လွန်စည်းကြပ်ခြင်းကို ခွင့်ပြုပေးထားပါကြောင်း၊  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Uruguay Round (ဥရုဂွေးရောင်း) အပြီးတွင်  WTO အနေဖြင့် ကုန်သွယ်ရေးဆိုင်ရာကုစားမှု အစီအမံများ(Trade Remedy Measures)များဖြစ်သော Anti Dumping Measures, Countervailing Measuresနှင့်  Safeguard Agreement သဘောတူညီချက်များ ချမှတ်ခဲ့ပါကြောင်း။

Anti Dumping Agreement အရ Anti Dumping duty ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းကို ယင်းနိုင်ငံဈေးကွက်ပေါက်ဈေးထက် လျှော့ချပြီး အခြားနိုင်ငံများသို့ တင်ပို့ရောင်းချသည့်အတွက် တင်သွင်းနိုင်ငံတွင် အဆိုပါကုန်ပစ္စည်းများစုပုံပြီး  အလားတူကုန် ပစ္စည်းထုတ်လုပ်သည့် ပြည်တွင်းလုပ်ငန်းများ ထိခိုက်နစ်နာလာနိုင်သည့် အခြေအနေမျိုးများမှ  ပပျောက်စေဖို့ အဆိုပါ သွင်းကုန်အပေါ် တန်ပြန်အခွန်(Anti Dumping duty)ကောက်ခံခြင်းကို ဆိုလိုပါကြောင်း၊  

ထိုသို့ အရေးယူဆောင်ရွက်နိုင်ရန် Anti-dumping ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ကော်မတီတို့မှ သက်ဆိုင်ရာတင်ပို့သည့်နိုင်ငံများနှင့် တင်သွင်းလက်ခံ နိုင်ငံများတွင် စုံစမ်းစစ်ဆေးမှုများကို အသေးစိတ်ပြုစုဆောင်ရွက်ကြရပြီး မှန်ကန်မှုရှိမှသာ duty ကောက်ခံနိုင်မှာဖြစပါကြောင်းနှင့် မှန်ကန်မှုမရှိပါက ယာယီအားဖြင့် ကောက်ခံထားသော Anti Dumping duty အခွန်များကို ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း  သက်ဆိုင်ရာနိုင်ငံတွင် Anti-dumping ဆိုင်ရာ ဥပဒေထုတ်ပြန်ထားရှိပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ကော်မတီများ ဖွဲ့စည်းထားရှိဖို့လိုအပ်မည်ဖြစ်ပါကြောင်း၊

Countervailing Agreement အရ Countervailing duty ဆိုသည်မှာ တင်ပို့ နိုင်ငံအတွင်း ကုန်စည်ထုတ်လုပ်သူသည် အစိုးရ၏ ထောက်ပံ့မှုများ အများအပြားရယူ ထားပြီး ထုတ်လုပ် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် အခြားနိုင်ငံကို တင်ပို့ခြင်းကြောင့် တင်သွင်းလက်ခံနိုင်ငံတွင် အဆိုပါ သွင်းကုန်များကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်မှုဖြစ်ပေါ်လာသည့်အခါ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်နိုင်ပြီး  အမှန်တကယ် ယင်းကုန်စည်ကြောင့် ထိခိုက်နစ်နာမှုဖြစ်ပါက အဆိုပါ ကုန်စည်ထုတ်လုပ်သူ ရယူထားသော ထောက်ပံ့မှုကို ခုနှိမ်ရန် အဆိုပါသွင်းကုန်အပေါ် Countervailing Duty အကောက်ခွန်ကို စည်းကြပ်ခြင်း ဖြစ်ပါကြောင်း၊

ထိုသို့ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာနိုင်ငံများတွင် Countervailing ဆိုင်ရာဥပဒေကို ထုတ်ပြန် ထားရှိပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်ကော်မတီများ ဖွဲ့စည်းထားရှိဖို့လည်း လိုအပ်ပါကြောင်း၊

Agreement on Safeguard အရ Safeguard duty ဆိုသည်မှာ  လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ အရသော်လည်းကောင်း၊ တင်ပို့နိုင်ငံ၏ ထုတ်လုပ်နိုင်စွမ်း ပိုမိုသာလွန်ခြင်း ကြောင့်သော်လည်းကောင်း၊ တင်သွင်းနိုင်ငံအတွင်းကို ကုန်ပစ္စည်းများ၊ သွင်းကုန်များ ရုတ်တရတ် အဆမတန် တင်သွင်းမှုများပြားလာခြင်းအတွက်ကြောင့် တင်သွင်းလက်ခံနိုင်ငံအတွင်းရှိ ပြည်တွင်း လုပ်ငန်းများ ဆိုးရွားစွာထိခိုက်နစ်နာမှုဖြင့် ရင်ဆိုင်လာရသည့်အခါ အဆိုပါထိခိုက်နစ်နာမှုများ လျော့ပါးစေ ရန် ယာယီအားဖြင့် အကာအကွယ်ပေးနိုင်ရန် အတွက် အကာအကွယ်ပေးမှုအခွန်(Safeguard duty) သော်လည်းကောင်း၊ အကာအကွယ်ပေးမှုကိုတာ  (Safeguard Quota)အရသော်လည်းကောင်း စည်းကြပ်ကောက်ခံ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း Safeguard Law ကိုဥပဒေပြုရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေး ရေးအဖွဲ့နှင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအနေနဲ့ WTO အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန် ကုန်သွယ်ရေးဆိုင်ရာကုစားမှု အစီအမံများကို ဥပဒေပြုရေး ဆောင်ရွက်လျက် ရှိပါကြောင်း။ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် သွင်းကုန်များ ရုတ်တရတ်မြင့်တက်ခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုကို ကာကွယ်ပေးနိုင်သော အကာအကွယ်ပြုရေးဥပဒေ (Safeguard Law) ကို ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊

ယခုအချိန်တွင် တတိယအကြိမ် မူကြမ်းပြုစုထွက်ရှိရေးအတွက်  ၂၀၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ တွင် ညှ်နှိုင်းအစည်းအဝေး ပြုလုပ်၍ ထွက်ရှိလာသော တတိယအကြိမ် မူကြမ်းပြုစုထားရှိမှုအပေါ် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ကော်မတီများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရှင်များကို ဖိတ်ကြားပြီး ၎င်းတို့၏ အဆိုပြုချက်၊ အကြံပြုချက်များကို တောင်းခံပြီး ဥပဒေပြုရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊

ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မိမိတို့အနေနှင့် လုပ်ဆောင်ရမယ့်အဆင့်များ အလိုက် အချိန်ကာလကို သတ်မှတ်ထားရှိပြီး ယခုနှစ်အတွင်းတွင် အမြန်ဆုံးဥပဒေ အတည်ပြုနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ စီစဉ်ထားရှိပါကြောင်းနှင့် Anti-dumping နှင့် Countervailing Measures များက ဥပဒေပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် Safeguard ဆောင်ရွက်မှု များအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။