ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ (၁၂)ရက်မြောက်နေ့တွင် ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူမှီခိုအားထားရသော ရန်ကုန် ဆေးရုံကြီးအား ပြုပြင်မွမ်းမံပြီး အဆင့်မြင့်ဆေးရုံကြီးတစ်ခုဖြစ်မြောက်ရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေး ရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သည့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းပေးပါရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပါကြောင်း၊ ထိုသို့ ဖွဲ့စည်း ဆောင်ရွက်ပါက ပံ့ပိုးပေးမည့် ကတိကဝတ်ခံထားပြီးသား အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များရှိသည်ကိုလည်း ရှင်းလင်း တင်ပြခဲ့ သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ယင်းအဆိုသည် အောင်မြင်ပြီး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေသည်မှာ နှစ်နှစ်ကျော်သွားပြီ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် (၁) ရန်ကုန် ဆေးရုံကြီး အဆင့်မြှင့်ပြုပြင်မွမ်းမံဖို့အတွက် ကူညီရန် ကတိကဝတ်ခံထားသည့် အဖွဲ့အစည်းများ၊ တိုင်းပြည်များ၊ ပုဂ္ဂိုလ်များသည် မည်သူတွေဖြစ်သည်နှင့် မည်မျှအထိ ကူညီနေကြသည်ကိုလည်းကောင်း။ (၂) ယခုအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင် မွမ်းမံ တည်ဆောက်နေသည်မှာ မည်သည့်အဖွဲ့အစည်း၏ ကူညီပံ့ပိုးမှုနှင့် ဆောင်ရွက်နေသည်ဆိုသည်ကို လည်းကောင်း။ (၃) နိုင်ငံတော်ပိုင်ပစ္စည်းကို ပြုပြင်ရာတွင် ဝန်ကြီး ဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်းကြောင့် နိုင်ငံတကာ ကူညီထောက်ပံ့ငွေများရရှိခဲ့ပါက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ မည်သို့ညှိနှိုင်းဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ၈-၅-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၄ ဖြင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ပြန်လည်ပြင်ဆင်မွမ်းမံရန်နှင့် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေဖြင့် အချိန်မီဆောင်ရွက် နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်ရှစ်ဦးပါသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့သည့် အပြင် နိုင်ငံတော်သမ္မတရုံးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး ကော်မတီကို အထောက်အကူပြုနိုင်ရန်နှင့် အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအဖြစ် ဒီဇိုင်း နည်းပညာဆပ်ကော်မတီ၊ တည်ဆောက်ရေး လုပ်ငန်း ကြီးကြပ်မှုဆပ်ကော်မတီ၊ ပြုပြင်ဆဲကာလစီမံခန့်ခွဲ ရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီ တို့ကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အရည်အချင်းပြည့်မီစွာ ပြီးစီးရေးအတွက် ဒုတိယသမ္မတက အနီးကပ်လမ်းညွှန်မှုပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သော ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေး လုပ်ငန်း ကော်မတီသည် အခြားဆပ်ကော်မတီများနှင့် နှစ်ပတ်တစ်ကြိမ် အစည်းအဝေးများ ပြုလုပ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း စသည့် ဌာနကြီးများ၏ ပူးပေါင်းကူညီမှုများဖြင့် တိုးချဲ့မွမ်းမံပြင်ဆင်သည့် လုပ်ငန်းများ အရည်အသွေး ကောင်းမွန်စွာ ပြီးစီးရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊
နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးနိုင်ရန်အတွက် ပြင်ပြင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားပြီး စုစုပေါင်းအဖွဲ့ဝင် ၁၂ ဦးပါသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနဲ့ အဆင့်မြှင့်တင်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထား ပါကြောင်း၊ ၎င်းအဖွဲ့၏ ဆက်သွယ်ပံ့ပိုးမှုဖြင့် အင်္ဂလန်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဟောင်း Mr. Lord Darzi ၊ အင်္ဂလန်နိုင်ငံမှ Rangoon Universal Reinvigoration Fund ၏ Trustee Dr. Michael Marett ၊ UK နိုင်ငံမှ Robin Cross, Ian Goodfellow, Louise Hansen တို့သည် နည်းပညာအကူအညီများ လာရောက် ပေးလျက်ရှိပြီး Yangon Heritage Trust ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေးကုမ္ပဏီ Myanmar Integrated Enginner Group အဖွဲ့နှင့် Quality Control အဖွဲ့ဖြစ်သော Nikki Group တို့ဖြင့် ပူးပေါင်း လျက် အဆင့်မြင့်ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအဖွဲ့ အနေဖြင့် ဆေးရုံကြီးများ၏ ဝန်ထမ်းများအရည်အသွေးပြည့်မီရေးအတွက် ပညာတော်သင်များပို့နိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အင်္ဂလန်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဟောင်းတို့ ၇-၁၀-၂၀၁၃ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးပြီး ပထမအဆင့်ဆောင်ရွက်ရန် လုပ်ငန်းများအား ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ရန်နှင့် ပင်မဆောင်ပြုပြင်ရန်အတွက် Technical and Financial အကူအညီရရှိရေးကိစ္စရပ်များအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့က ဆောင်ရွက်ရန် သဘောတူညီချက်ရပြီး ၎င်းအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပြည်သူ့ဆေးရုံကြီးအဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေးကော်မတီအနေဖြင့် ၇-၁၀-၂၀၁၃၊ ၁၁-၃-၂၀၁၄၊ ၁၀-၆-၂၀၁၄၊ ၁၅-၁၀-၂၀၁၄ ရက်များတွင် ပြည်သူ့လွှတ်တော်၌ တွေ့ဆုံဆွေးနွေးခြင်း၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၂၅-၄-၂၀၁၄ ရက်နေ့တွင် အင်္ဂလန်နိုင်ငံမှ Trustee ဖြစ်သူနှင့်တွေ့ဆုံခြင်း၊ ဆေးရုံကြီး ပြန်လည်ပြုပြင်မွမ်းမံရန် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမည့် UK နိုင်ငံမှ ကိုယ်စားလှယ်များ၊ Yangon Heritage Trust မြန်မာနိုင်ငံမှ အင်ဂျင်နီယာ အသင်း၊ ဆောက်လုပ်ရေးကော်မတီ၊ Quality Control အဖွဲ့ Nikki Group တို့နှင့်အတူ စစ်ဆေး ကြည့်ရှုခြင်း၊ အင်္ဂလန်နိုင်ငံမှ Dr. Michael Marrett-Crosbyနှင့် ဆေးရုံ အုပ်ကြီးတို့သည် ၁၀-၁၂-၂၀၁၄ ရက်နေ့တွင် ဆေးရုံကြီး၌ တွေ့ဆုံခဲ့ပြီး လုပ်ငန်းများ အကြံပြုနိုင်ရန် လေ့လာကြည့်ရှုဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့် တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ခွင့်ပြုငွေ ငွေလုံး ငွေရင်း သန်း ၅၀၀၀ ခွဲဝေချထားခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ခွင့်ပြုငွေ ဘဏ္ဍာငွေ ငွေလုံးငွေရင်း သန်း ၄၅၀၀ ခွဲဝေချထားခဲ့ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံပိုင် သတင်း စာမှ အိတ်ဖွင့်တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကိုလည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း များအတိုင်း စာချုပ်ချုပ်ဆို၍ စာချုပ်ပါအတိုင်း ငွေပေးချေရေးကိစ္စများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ သန်း ၄၅၀၀ အား ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအနက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းနှစ်ခုနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ပြုပြင် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄-၁၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ငါးထပ်ဆောင် ဖြည့်စွက်လုပ်ငန်းများနှင့် Oxygen Plant ထားရှိရန် အဆောက်အဦ နှစ်လုံး တည်ဆောက်ခြင်း၊ ဆေးဂိုဒေါင် သုံးထပ် အဆောက်အဦတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ လုပ်ကိုင်ရရှိသည့် တင်ဒါ ရွေးချယ်ခံရသော MIGE ကုမ္ပဏီ၊ Consultant အဖြစ်ဆောင်ရွက်သည့် Myanmar Heritage Trust, Quality Control အဖြစ် လုပ်ငန်းဆောင်ရွက်သည့် Nikki Group တို့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၅-၃-၂၀၁၅ ရက်နေ့အထိ တိုးချဲ့ငါးထပ်ဆောင် ဆောက်လုပ်ခြင်းတွင် ၁၀၀ ရာခိုင်နှုန်း၊ Cyclotron PET/CT ဆောက်လုပ်ခြင်းမှာ ၉၇ ရာခိုင်နှုန်း၊ အရေးပေါ်နှင့် ပြင်ပလူနာပြုပြင်ခြင်းမှာ ၉၅ ရာခိုင်နှုန်း၊ ပင်မဆောင်မွမ်းမံပြင်ဆင်ခြင်းမှာ ၄၇ ရာခိုင်နှုန်း၊ Oxygen Plant ထားရှိရန်အတွက် အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းတွင် ၁၀၀ ရာခိုင်နှုန်း၊ ဆေးစတိုတည်ဆောက်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း၊ 1000 KVA Transformar တပ်ဆင်ခြင်းနှင့် အဆောက်အဦဆောက်လုပ်ခြင်းတွင် ၁၀၀ ရာခိုင်နှုန်း၊ စာသင်ခန်းမ ပြုပြင်ခြင်းလုပ်ငန်းတွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိသည့် ပင်မဆောင်မွမ်းမံပြင်ဆင်ရေးလုပ်ငန်းကို ယခု ၂၀၁၅-၁၆ ဘတ်ဂျက်အတွက် အပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
