ကျောက်တံခါးမြို့နယ်တွင် ငြိမ်းချမ်းရေးရပြီးကာစ ဒေသ များဖြစ်သော ကျောက်တံခါး၊ ဖြူး၊ ကျောက်ကြီး စသည့် မြို့နယ်ချင်းဆက်သည့်နေရာတွင် ဇလုပ်၊ သစ်ဖြူဆိပ်၊ နတ်လောင်း၊ မြပဲခူး၊ ရေလဲ၊ ပျဉ်းမပင်၊ လက်ပံခုန်၊ ကင်ပွန်းခြုံ အစရှိသော ကျေးရွာများသည် ကွန်းချောင်း၏ တစ်ဖက်တစ်ချက် လည်းကောင်း။ ဒေါင်းမို့၊ တောကြောင် ပေါက်၊ ကျောက်စရစ်၊ လိန်ပင်၊ ရွှေသောင်၊ ပဲသောင်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ လှေတန်းကျွန်းကြီး၊ ကရင်ကျွန်းကြီး၊ ဟင်္သာဝဲ၊ ဝဲမှူး၊ ကျည်စု၊ ကညင်ကျိုးရွာဟောင်းအစရှိသော ရွာများသည် စစ်တောင်း မြစ်၏ အရှေ့ဘက်ကမ်းတွင်လည်းကောင်း၊ အနောက်ဘက်ကမ်းတွင် ဖို့ဘ၊ ချောင်းဝ၊ ချောက်တဲစု၊ နတ်တလင်း၊ ကျောက်စရစ်၊ ဒိုတန်း၊ လက်ခံ၊ ကညင်ကျိုး စသည့် ကျေးရွာများတည်ရှိပါကြောင်း၊ အဆိုပါကျေးရွာများသည် မြို့နယ်၏ အစွန်အဖျားတွင်ရှိကြပြီး ယခင်က ငြိမ်းချမ်းမှုမရှိခဲ့၍ ဒေသဖွံ့ဖြိုးရေးများ အလွန်ပင်နိမ့်ကျခဲ့ပါကြောင်း၊ ကျွန်းကြီးကျေးရွာမှာ စစ်တောင်း မြစ်ကူးတံတားရှိသော နတ်သံကွင်းကျေးရွာသို့ တောလမ်းအားဖြင့် ၉ မိုင်ခန့်ရှိပြီး ရွှေကျင်မတောသို့ သွားလျင် လည်း တောလမ်းအားဖြင့် ၁၂ မိုင်ခန့်သွားရသည့်အပြင် ယခုအခါတွင်လည်း ထိုဒေသ များ၌ ငြိမ်းချမ်းရေး ရကာစသာရှိသေးသဖြင့် ဖွံ့ဖြိုးမှု လုံးဝမရှိနိုင်သေးပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍လည်း အခက်အခဲများစွာဖြစ်ရှိ ပါကြောင်း။ မြို့နယ်၏အစွန် တစ်ဖက်ကမ်းတွင်ရှိသော ရွာများဖြစ်သဖြင့် ယခင်က လုံခြုံရေးအရ မြို့နယ်၏ ပံ့ပိုးမှုနည်းပါးခဲ့ သောကြောင့် ရွာမှ ကမ်းနားကတို့ဆိပ်သို့ သွားရာလမ်းသည်ပင် မိုးတွင်းတွင် သွားလာ၍ မရနိုင်ပါကြောင်း။ ထို့ပြင် တစ်ဖက်ကမ်းသို့ သွားရာမှာလည်း ကတို့ခမှာ လွန်စွာမှ ကြီးမြှင့်နေသည့်အပြင် ထိုကျေးရွာများသည် မီးဆိုသည်ကို လုံးဝမမြင်ဘူးပါကြောင်း၊ ထို့ပြင် ရေဝါများကိုသာ စစ်သုံးနေရခြင်း၊ စိုက်ပျိုးရေးအသိပညာ နည်းပါးခြင်းကြောင့် နှမ်းများ မအောင်မြင်ခြင်း၊ ခန့်ခံ့ လုံခြုံသော တာတမံ များမရှိခဲ့၍ တာကျိုးခြင်း၊ ရေကြီး နစ်မြှုပ်ခြင်းများဖြစ်ခဲ့သောကြောင့် စီးပွားရေးလည်း အလွန်ပင်နိမ့်ကျခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုကျေးရွာများ အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနေသည်နှင့် မဆောင်ရွက်ပေးရ သေးပါက မည်သည့်ကိစ္စများကို မည်သည့် အချိန်တွင် ဆောင် ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ ကျောက်ကြီး၊ ကျောက် တံခါး၊ ဖြူး၊ ရွှေကျင်မြို့နယ်များတွင် ငြိမ်းချမ်းရေးရရှိကာစ ကျေးလက်ဒေသများကို ကျေးလက် ဖွံ့ဖြိုးရေးမူ ငါးရပ်နှင့် လုပ်ငန်းစဉ် ရှစ်ရပ်တို့ကို မူတည်ပြီးတော့ အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊
စိုက်ပျိုးရေးကဏ္ဍတွင် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးခြင်းအတွက် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေးကို ၂၀၁၂-၁၃ ခုနှစ်တွင် တင်းပေါင်း ၁.၂ သန်း ဖြန့်ဝေနိုင်ခဲ့ပါကြောင်း၊ စက်မှုလယ်ယာကဏ္ဍအနေဖြင့် လယ်ယာမြေဖော် ထုတ်ခြင်းကို ၂၀၁၀-၁၁ ခုနှစ်တွင် ဧက ၁၀၀ဖော်ထုတ်ခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်တွင် ဧက ၆၁၀၀၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ဧက ၆၀၀ ထပ်မံဖော်ထုတ်ရန် စီစဉ်ထားပါကြောင်း၊ လယ်ယာသုံးစက်ကိရိယာမျာတွင်လည်း ၂၇၁၉ စီး တိုးတက်ပိုင်ဆိုင်မှုရှိလာသည့်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၀-၁၁ ခုနှစ်တွင် ချေးငွေ ၁.၀၂ ဘီလီယံ၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၂၃.၅၇၈ ဘီလီယံနှင့် ၂၀၁၃-၁၄ ခုနှစ်တွင် ၂၄၀ ဘီလီယံ ထုတ်ချေး ပေးနိုင်ခဲ့ပါကြောင်း။
ဆည်မြောင်းကဏ္ဍတွင် မိုးရာသီမှာ ကျောက်တံခါးမြို့နယ်အတွက် ရေဘေးကာကွယ်ရေးတာတစ်ခု၊ ဖြူးမြို့နယ် အတွက် သုံးခု၊ ကျောက်ကြီးမြို့နယ်အတွက် နှစ်ခု ဆောင်ရွက်ပေးပြီး လတ်တလော ကျောက်တံခါး မြို့နယ်မှာ ရေနုတ်မောင်းနှစ် ခုနှင့် ရေလွှဲက ဒစ်တန်းရိုက် တစ်ခုတို့ကို ဆောင်ရွက်နေ ပါကြောင်း၊ ရွှေကျင်မြို့နယ်နှင့် ဖြူးမြို့နယ်တွင် ရေဘေးကာကွယ်ရေးတာ သုံးခုနှင့် ကျောက်ကြီးမြို့နယ်မှာ ရေဘေးကာကွယ်ရေးတာ နှစ်ခုတို့ ကိုလည်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးအပိုင်းတွင် ကျောက်တံခါးမြို့နယ်တွင် အရှည် ၃၆၀ ပေရှိသည့် ရဲနွယ်၊ ကျောက်ကြီးမြို့နယ်တွင် ၇၂၀ ပေအရှည်ရှိသည့် နတ်သံကွင်း၊ ပေ ၂၇၀ အရှည်ရှိသည့် မြို့လယ်စသည့် သံကူကွန်ကရစ်တံတား(၃)ခုတို့ကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊
ဆက်သွယ်ရေးကဏ္ဍတွင် တိုင်းဒေသကြီးအတွင်းတွင် စုစုပေါင်းတန်ဖိုးနည်း ဖုန်း ၃၁၇၈၄၃ လုံးကို မြို့ရွာနှင့် ကျေးလက်နေပြည်သူများကို ဖြန့်ဝေ နိုင်ခဲ့သည့်အပြင် တာဝါတိုင်စုစုပေါင်း ၁၄၂ တိုင်အထိ တိုးချဲ့ဆောင်ရွက် နိုင်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးရှိ ငြိမ်းချမ်းရေးရယူထားသော ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ရွှေကျင်မြို့နယ်များတွင် စည်ပင်သာယာရေးနှင့် ပတ်သက်၍လည်း မြို့ပြလမ်းတွေ၊ မြို့ပြယာဉ်၊ ကျေးလက်လမ်း၊ ကျေးလက် ယာဉ်များကိုလည်း စည်ပင်သာယာရေးထည့် ဝင်ငွေများဖြင့် နှစ်စဉ်တိုးတက်ဆောင်ရွက်လျက်ရှိသည့် နည်းတူ ၂၀၁၄-၁၅ တွင်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက စက်ရေတွင်းများအတွက် တွင်းတိမ်များ၊ တွင်းနက်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအစိုးရအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း ဒေသများ တွင် ပြည်သူများ၏ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် နှစ်တိုနှစ်ရှည်စီမံကိန်းများ လျာထား သတ်မှတ်ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိနေပါကြောင်း၊ ကိုယ်စားလှယ် တော်ကြီးမှ အကြံဉာဏ်များနှင့် အစီအမံအကောင်းများ ပေးပို့ခဲ့ပါကလည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေနှင့် ကျောက်ကြီးမြို့နယ်အတွင်းမှာ ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အခြေခံ ကျောင်းပေါင်း ၅၀ ကျောင်းနှင့် ၂၀၁၄-၁၅ တွင် အခြေခံပညာအလယ်တန်းကျောင်း သုံးကျောင်းတို့ကို အဆင့် တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့သည့် နည်းတူ ပြုပြင်ထိန်းသိမ်းရေးအတွက် အခြေခံပညာကျောင်းပေါင်း ၁၅ ကျောင်းနှင့် အခြေခံပညာကျောင်းများတွင် သန့်စင်ခန်းပေါင်း ၉၃ လုံး ဆောက်လုပ်ရန် ဘဏ္ဍာငွေခွဲဝေ ပေးခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ တွင်လည်း အခြေခံပညာကျောင်း ၆ ကျောင်းကို ရန်ပုံငွေခွဲဝေထားပြီးဖြစ်ပါကြောင်း။
၂၀၁၃-၁၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၂၇ ကျောင်း၊ ၂၀၁၄-၁၅ မှာ အခြေခံအလယ်တန်း ကျောင်း (၃)ကျောင်း၊ အခြေခံမူလတန်းကျောင်း (၁)ကျောင်းတို့ကို အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၎င်း အခြေခံပညာကျောင်းများ၏ တည်ဆောက်ရေး၊ ပြုပြင်ရေး၊ ထိန်းသိမ်းရေးအတွက်ကျောင်းပေါင်း ၃၄ ကျောင်းနှင့် အခြေခံကျောင်းပေါင်း ၈၀ တွင် သန့်စင်ခန်းပေါင်း ၁၆၇ လုံးကို ဆောက်လုပ်ပေးခဲ့သည့််အပြင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အခြေခံ ကျောင်းပေါင်း ၆ ကျောင်းကိုလည်း ရန်ပုံငွေခွဲဝေပြီးဖြစ်ပါကြောင်း၊
ဖြူးမြို့နယ်၌တင်ပြရမည်ဆိုပါက ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အခြေခံကျောင်းပေါင်း ၃၃ ကျောင်းနှင့် ၂၀၁၄-၁၅ နှစ်တွင် အခြေခံအလယ်တန်းကျောင်း (၅)ကျောင်းတို့ကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် အခြေခံကျောင်းပေါင်း ၁၇ ကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း ၇၅ ကျောင်းအတွက် သန့်စင်ခန်း ၁၄၂ လုံး၊ ၂၀၁၄-၁၅ နှစ်တွင်လည်း ငွေလုံးငွေရင်းအနေဖြင့် အခြေခံပညာကျောင်း ၇ ကျောင်းကိုလည်း ရန်ပုံငွေ ခွဲဝေ ထားပြီးဖြစ်ပါကြောင်း၊
ရွှေကျင်မြို့နယ်၌် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၉ ကျောင်း၊ ၂၀၁၄-၁၅တွင် အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် အခြေခံပညာကျောင်းဆောင်များ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် အတွက် အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း ၃၇ ကျောင်းတို့ကို သန့်စင်ခန်းပေါင်း ၈၂ လုံးကို ဆောင်လုပ်ပေးပြီး ရန်ပုံငွေ ခွင့်ပြုပြီးဖြစ်သကဲ့သို့ ၂၀၁၄-၂၀၁၅ တွင် ရန်ပုံငွေများဖြင့် အခြေခံကျောင်းပေါင်း ၆ ကျောင်းကို ရန်ပုံငွေခွဲဝေပြီးဖြစ်ပါကြောင်း၊
ကျန်းမာရေးဝန်ကြီးဌာနမှ ကျောက်ကြီး မြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန နှစ်ခု၊ ကျေးလက် ကျန်းမားရေး ဌာန နှစ်ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၁၈ ခုရှိပြီး အခြေခံကျန်းမာရေး ဝန်ထမ်းအင်အားအနေဖြင့် ကျန်းမာရေးမှူး အဆင့်-၁ တစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၃)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ နှစ်ဦး၊ ဘက်စုံ (၅) ဦး၊ သားဖွားဆရာမ (၂၂)ဦးတို့ဖြင့်လည်းကောင်း။
ကျောက်တံခါးမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန (၄)ခု၊ ကျေးလက် ကျန်းမာရေးဌာန (၆)ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ (၄၀) ခုရှိပြီးတော့ အခြေခံဝန်ထမ်း အင်အားအနေဖြင့် ကျန်းမာရေးမှူးအဆင့်-၁ (၁)ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၉)ဦး၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁ (၂)ဦးနဲ့ ပြည်သူ့ ကျန်းမာ ရေးကြီးကြပ်-၂ (၁၂) ဦး၊ ဘက်စုံ(၃)ဦး၊ သွားဖွား ဆရာမ (၅၃) ဦးတို့ ဖြင့် လည်းကောင်း။
ဖြူးမြို့နယ်၌် တိုက်နယ်ကျန်းမာရေးဌာန (၃)ခု၊ ကျေးလက်ကျန်းမာရေးဌာန (၅)ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ (၃၅) ခု၊ ကျန်းမာရေးဝန်ထမ်းအင်အားများအနေဖြင့် ကျန်းမာရေးမှူးအဆင့်-၁ (၁)ဦး၊ လက်ထောက် ကျန်းမာရေးမှူး (၈)ရှစ်ဦး၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁ (၁)ဦးနဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (၇)ဦး၊ ဘက်စုံ (၅)ဦး၊ သားဖွားဆရာမ (၄၃) ဦး တို့ဖြင့် လည်းကောင်း။
ရွှေကျင်မြို့နယ်အနေဖြင့် တိုက်နယ်ကျန်းမာရေးဌာန (၂)ခု၊ ကျေးလက်ကျန်းမာ ရေးဌာန (၂)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၈) ခု၊ အခြေခံကျန်းမာရေးဝန်ထမ်းအင်အားအနေဖြင့် ကျန်းမာရေးမှူးအဆင့်-၁ (၁)ဦး၊ လက်ထောက်ကျန်းမာရေးမှူး (၃)ဦး၊ ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁(၂)ဦးနဲ့ ပြည်သူ့ကျန်းမာ ရေးကြီး ကြပ်-၂ (၇)ဦး၊ ဘက်စုံ(၃)ဦးနှင့် သားဖွား ဆရာမ (၂၂) ဦးတို့ဖြင့် လည်းကောင်း၊
ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦမရှိသေးသည့် ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့အတွက်ကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင်လည်း ကျန်းမာရေး ဌာနခွဲ အဆောက်အဦများအတွက် ဘတ်ဂျက်များ လျာထားဆောင်ရွက်ထားပါကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဒေသခံပြည်သူများက တိုက်ရိုက် တင်ပြသည့် ဒေသလိုအပ်ချက်များ၊ လွှတ်တော်များမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များတင်ပြသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အခြေခံလျက် လျာထားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး လက်ဆင့်ကမ်း မွေးမြူရေးဘဏ်စနစ် (Livestock Bank) ဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကျေးရွာများကို ၂၀၀၃-၂၀၀၄ ခုနှစ်မှစ ပြီးတော့ အရင်းမပျောက် မတည်ငွေများကိုထုတ်ပေးခဲ့ရာ ငွေကျပ် သိန်းပေါင်း ၁၀၂၀ တန်ဖိုးရှိ တိရစ္ဆာန်များကို ထောက်ပံ့ပေးလျက် ရှိသည့် အပြင် ယခင် မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်လီမိတက် (ယခုကမ္ဘာ့ ရတနာဘဏ်လီမိတက်)မှ ၂၀၁၄ ခုနှစ် ဧပြီလအထိ ၁.၇၅ ဘီလီယံနှင့် ကျေးလက်ဒေသဘဏ်လီမိတက်ကနေပြီတော့ ၂၀၁၄ ခုနှစ် မေလအထိ ၂.၃၁၄၇ ဘီလီယံကို တိရစ္ဆာန်များတိုးချဲ့မွေးမြူရန်အတွက် ထုတ်ချေးထားခဲ့ပြီးလည်း ဖြစ်ပါ ကြောင်း၊ ထို့အပြင် နိမ့်ကျ ဆင်းရဲနေသော ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ကာ နွား၊ ကျွဲ၊ ဝက်၊ ဆိတ်၊ သိုး၊ ကြက်၊ ဘဲစသည်များကိုလည်း တိုးမြှင့် ဖြန့်ဖြူး ပေးလျက် ရှိပါကြောင်း၊
ငါးလုပ်ငန်းဦးစီးဌာနမှလည်း ကျောက်တံခါးမြို့နယ်အတွင်း အဖက်ဖက်မှနိမ့်ကျနေသော ကျေးရွာများအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူသူများအတွက် Mono-sex Tilapia သုံးလက်မအရွယ် ငါးသားပေါက်များကိုလည်း အခမဲ့ဖြန့်ဖြူးပေးလျက်ရှိခြင်းနှင့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်း စပါးခင်းဧက ၂၀၀ တွင် ငါးသားပေါက် အကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ပေးလျက်ရှိကြောင်းနှင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ စပါး၊ ငါးကန် ဆောင်ရွက်လိုသူများကိုလည်း စည်းရုံး ဆောင်ရွက်ပြီးတော့ နည်းပညာပံ့ပိုးခြင်း၊ မျိုးငါးများ အခမဲ့ဖြန့်ဝေခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျောက်ကြီးမြို့နယ်ရှိကျွန်းကြီး-နတ်သံကွင်းလမ်း ၁၀ မိုင်၊ မြေသားလမ်း ၄ မိုင်၊ လူသွားလမ်း ၆ မိုင်ကလည်းကောင်း၊ ကျွန်းကြီး-နတ်သံကွင်းလမ်းတွင် ကျွန်းကြီးမှ ရွှေကျင်-ကျောက်ကြီးလမ်းကို ဆက်သွယ် သည် ၇ မိုင် ကိုလည်းကောင်း ခန့်မှန်း တွက်ချက်ပြီး ၂၀၁၅-၁၆ တွင် လျာထားတင်ပြ ဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးရပြီးခါစ မြို့လေးမြို့နယ်ကို ဝန်ကြီးဌာနအနေဖြင့် ကျေးရွာများအထိ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းသွား ရောက်ပြီး ကျေးကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီနှင့် ကျေးရွာဘဏ္ဍာရေးဆပ်ကော်မတီ များကို ဖွဲ့စည်းပြီးတော့ သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့မှ ရွေးချယ်လာသည့် ကျေးရွာများကိုလည်း ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရကာစဒေသဖြစ်သည့် စစ်တောင်းမြစ်အနီးတစ်ဝိုက်ရှိ ကျေးရွာများအား ဆက် သွယ်သွားလာသော ကျောက်ကြီးမြို့နယ်မှာရှိ လမ်း၊ တံတားများကိုလည်း ၂၀၁၅-၂၀၁၆ တွင် ဦးစားပေး အစီအစဉ်အတိုင်း ရန်ပုံငွေ တောင်းခံတင်ပြသွားမည်ဖြစ်ပါကြောင်း၊
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအနေဖြင့် ဒေသခံပြည်သူ များအတွက် လတ်တလောလိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ သန့်ရှင်းသောသောက် သုံးရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ စံပြ အိမ်ရာများဆောက်လုပ်ရေး၊ ကျေးလက်နေပြည်သူလူထု စီးပွားတိုးတက်ရေး၊ ကျေးလက်ပညာရေးနှင့် ကျန်းမာရေး အဆင့်မြင့်မားရေး၊ ကျေးလက်အနှံ့ ဆက်သွယ်ရေး ကောင်းမွန်စေရေး စသည့်များကို ချေးငွေတို့ကို ပြည်သူဗဟိုပြုစနစ်ဖြင့် ကျင့်သုံးပြီး တိုင်းဒေသကြီးအစိုးရ ဆက်စပ် ဝန်ကြီးဌာနများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ NGO၊ INGO များ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး Focal Ministry အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
