မိမိတို့နိုင်ငံများတွင် လမ်းများတည်ဆောက်ရာ၌ ပုဂ္ဂလိကပိုင်ကုမ္ပဏီများက B.O.T စနစ်ဖြင့် နှစ်ရှည် လုပ်ကိုင်ဆောင်ရွက်သော အဝေးပြေးလမ်းများ၊ အစိုးရကချပေးသော ဘတ်ဂျက်ခွင့်ပြုငွေရယူလျက် တင်ဒါစနစ်ဖြင့် ဆောက်လုပ်သောလမ်းများနှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက တာဝန်ယူလုပ်ကိုင် ဆောင်ရွက်သော လမ်းများဟူ၍ နှစ်မျိုး၊ သုံးမျိုး ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သီပေါ-မိုင်းကိုင်-လွိုင်လင် လမ်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့်တောင်ပိုင်း ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ယင်းလမ်းကို အစိုးရက ချထားပေးသော ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက် သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းတွင် ကတ္တရာခင်းပြုပြင်ပြီးသည်မှာ တစ်နှစ်ကာလပင် ကြာရှည်မှု မရှိဘဲ ပြန်လည်ပျက်ဆီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းတို့ လမ်းများ အလျင်အမြန်ပျက်စီးရခြင်းသည် သတ်မှတ်ထားသောဝန်ထက် ပိုမိုသယ်ဆောင်ခြင်း၊ လမ်းများကို ခင်းရာတွင် သတ်မှတ် အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်မှုမရှိများကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် B.O.T စနစ်ဖြင့် ဆောင်ရွက်လိုခြင်း မရှိသည့်လမ်းများကို အစိုးရ၏ ဘတ်ဂျက်ခွင့်ပြုငွေဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို တင်ဒါခေါ်ယူ တာဝန်ပေးချထားပြီး သတ်မှတ်အကွာအဝေးများတွင် Tole Gate များဆောက်လုပ်စေလျက် ယာဉ်များး၏ တန်ပိုများကို စစ်ဆေးခြင်း၊ လမ်းဖြတ်သန်းခငွေများ ကောက်ခံခွင့်ပြုခြင်းနှင့် ကောက်ခံရရှိသော လမ်းဖြတ်သန်းခ ကောက်ခံရငွေများကို အသုံပြုလျက် လမ်းများ အစဉ်အမြဲကောင်းမွန်နေစေရန် ကိုလည်း အဆိုပါကုမ္ပဏီကို ပြန်လည်အာမခံစေခြင်းများပါဝင်သော နှစ်ရှည်စာချုပ်ချုပ်လုပ်ကိုင်စေသင့်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းများ ခင်းရာတွင် သတ်မှတ်ထားသော အရည်အသွေး ပြည့်မီခြင်းရှိ/မရှိ၊ လမ်းများကို အချိန်မီပြင်ဆင်ခြင်း ပြု/မပြုစသည့် စစ်ဆေးကြီးကြပ်သော တာဝန်များကိုဆောင်ရွက်ပြီး လုပ်ကိုင်ဆောင်ရွက်လိုခြင်း မရှိသော ပုဂ္ဂလိကကုမ္ပဏီမရှိသည့် လမ်းများကိုသာလျှင် တာဝန်ယူလုပ်ဆောင်သင့်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သိရှိလိုသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူခင်းသွားသည့်လမ်း မိုင်ပေါင်း မည်မျှရှိသည်။ နှစ်စဉ်နှစ်စဉ် နိုင်ငံတော်က ကုန်ကျခံရတဲ့ ထိုလမ်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ် မည်မျှရှိပါသည်နှင့် နှစ်စဉ်လမ်းပြင်ဆင် ထိန်းသိမ်းစရိတ်များ ပြည်သူ့ဘဏ္ဍာငွေမှ မကုန်ကျစေရေးအတွက် ပုဂ္ဂလိက ကုမ္ပဏီများသို့ ချထားလုပ်ကိုင်ခွင့်ပြုနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အခြေခံ အဆောက်အအုံ ဖြစ်သော လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် နိုင်ငံတကာကဆက်သွယ်သောလမ်းမကြီး ၁၅ လမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်သော ပြည်ထောင်စုလမ်းမကြီးများ၊ ခရိုင်ချင်းဆက် လမ်းမကြီးများ၊ မြို့နယ်ချင်းဆက်လမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် စုစုပေါင်း လမ်းမိုင်ပေါင်းသည် ၉၈၉၉၃ မိုင်ရှိသည့်အနက် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူရသော လမ်းမိုင်ပေါင်းသည် ၂၄၉၃၄ မိုင် ၆ ဖာလုံရှိသည့်အတွက် စုစုပေါင်းလမ်းအားလုံး၏ ၂၆ ရာခိုင်နှုန်းကို မိမိတို့က တာဝန်ယူဆောင်ရွက်ရသည်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် လမ်းများကို ပြန်လည်သုံးသပ်သည့်အခါ ကွန်ကရစ်လမ်း ၂ ရာခိုင်နှုန်း၊ ကတ္တရာလမ်း ၅၁ ရာခိုင်နှုန်း ကျောက်ချောလမ်း ၁၂ ရာခိုင်နှုန်း၊ အမာခံလမ်း ၁၄ ရာခိုင်နှုန်း၊ မြေလမ်း၂၀ ရာခိုင်နှုန်း ရှိပြီး အဆိုပါလမ်းများကို စီမံခန့်ခွဲရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုက ၇၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးကို ၂၅ ရာခိုင်နှုန်းနှင့် နောက် လေးနှစ်တွင် ပြည်ထောင်စုက ၄၄ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးကို ၅၆ ရာခိုင်နှုန်း ခွဲဝေပေးခဲ့ပါကြောင်း။
မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းဆောင်ရွက်သည့် လမ်း၊ တံတားများကို သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တစ်နှစ်ပတ်လုံး သာမန်ပြင်ဆင် ထိန်းသိမ်းရေး ရန်ပုံငွေ ကျပ် ၁၇.၅ ဘီလီယံလိုအပ်သည်ဖြစ်သည့်အပြင် လမ်းသက်တမ်း ကုန်ဆုံးသွားသည့် လမ်းများအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း၊ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာသော မမျှော်မှန်းနိုင်သည့် လမ်း၊ တံတားပျက်စီးမှုကို ထိန်းသိမ်းရန်အတွက် လိုအပ်သည့် အထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများသည် ကျပ် ၃၇၅ ဘီလီယံ ဖြစ်သည့်အတွက် နှစ်စဉ် ၃၉၂.၅ ဘီလီယံ လိုအပ်ပါကြောင်း။
သီပေါ- မိုင်းကိုင်- လွိုင်လင်လမ်းသည် ၁၄၉ မိုင်နှင့် ၂ ဖာလုံ ရှည်လျားပြီး မိုင်းကိုင်နှင့် ပင်လုံမြို့အကြား လမ်းများပျက်စီးနေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် လွိုင်လင်က ၆ မိုင်အကွာတွင် ပင်လုံမြို့ရှိပြီး ထိုမှတဆင့် ၆ မိုင်က မိုင်းကိုင်ကြား ၅၆ မိုင်တွင် တချို့လမ်းအပိုင်းများ ပျက်စီးနေခြင်းကို ပြန်လည်သုံးသပ်ရာတွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းရေး သာမန်သာရရှိပြီး အထူးပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကို မရှိခဲ့ခြင်းကြောင့် လမ်းများပျက်စီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအနက် စံချိန်စံညွှန်းပြည့်မီသောလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် မိုင်းကိုင်နှင့် ပင်လုံမြို့အကြားကို ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၆၃၅ သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၃၇၈၉ သန်း စုစုပေါင်းကျပ် ၄၄၂၄ သန်းဖြင့် ပင်လုံမြို့နှင့်မိုင်းကိုင်မြို့အကြား ၅၆ မိုင်ကို ကောင်းမွန်အောင်ဆောင်ရွက်သွားရန် တင်ပြထားရှိပါကြောင်း။
မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းများကို Public Private Partnership(PPP)၊ တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များကို B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်များကို ပြန်ကြည့်ပါက မိမိတို့ တာဝန်ယူထားသည့် ၁၀၀ ရာခိုင်နှုန်းတွင် ၈၆ ရာခိုင်နှုန်း ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူပြီး ကျန် ၁၄ ရာခိုင်နှုန်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်ထား ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အမှန်တကယ် ဆောင်ရွက်နိုင်စွမ်းရှိသော တိုင်းရင်းသားပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီကိုလည်း B.O.T စနစ်ဖြင့် လမ်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လိုပါက ဖိတ်ခေါ်ပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။
ဦးရဲထွန်း(သီပေါ)ကထပ်ဆင့်မေးခွန်းကို မေးမြန်းပါသည်။
BOT စနစ်ဖြင့် ဆောင်ရွက်ခြင်းမရှိသည့်လမ်းများတွင် အစိုးရက ငွေကြေးစိုက်ထုတ်ပေး၍ ကုမ္ပဏီကသော် လည်းကောင်း ဝန်ကြီးဌာနကသော်လည်းကောင်း ဆောင်ရွက်သည်များရှိပါကြောင်း၊ အဆိုပါ ကိစ္စရပ် များကို လမ်းခွန်ကောက်ခံပြီး ပြင်ဆင်သည့် စနစ်ကတွဲ၍ စာချုပ်ချုပ်ပြီး နောင်တစ်ချိန်တွင် ၎င်းတို့ကိုယ်တိုင် လမ်းခွန်ကောက်လမ်းပြင်ဆိုသည့်စနစ်မျိုးကို ကျင့်သုံး နိုင်ခြင်းရှိ/မရှိ၊ လမ်းများကို ယင်းစနစ်ဖြင့် ဆောင်ရွက်ရန် သတင်းစာတွင် တင်ဒါခေါ်၍ မည်သည့်နှုန်းဖြင့်ကောက်မည်၊ မည်သည့် အရည်အသွေးစံချိန်စံညွှန်းများဖြင့် ဆောင်ရွက်မည် စသည့် အာမခံချက်များကို လက်မှတ် ရေးထိုးပြီး ဆောင်ရွက်စေလိုခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လမ်းများတွင် ကုမ္ပဏီများက တာဝန်ယူမထားခြင်း၊ လမ်းခွန်ကောက်ခြင်းများ မရှိပါက အပျက်အစီးဖြစ်သည့်လမ်းများ များပြားပါကြောင်း၊ ထို့ကြောင့် လမ်းပြင်သည့်စနစ်ကို အပြောင်းအလဲ လုပ်နိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
လမ်းပြုပြင်သည့် စနစ်နှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် သက်ဆိုင်ရာ တင်ဒါဆောင်ရွက်သွားသော ကုမ္ပဏီများကိုလည်း အသေးစိတ်အချက်အလက်များ ညွှန်ကြား၍ ပြုပြင်စေခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ရန် လမ်းများကို သတင်းစာများတွင် ကြော်ငြာပြီး တင်ဒါခေါ်ခြင်း၊ ကုမ္ပဏီများကို ကျွန်တော်တို့ရဲ့ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန် စာချုပ်ချုပ်ဆို ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း လက်တွေ့တွင် ဆောင်ရွက်ခြင်းမရှိသည့်အတွက် ကုမ္ပဏီပေါင်း ၁၄ ခုကို ပြန်လည် ရုပ်သိမ်းပြီး မိမိတို့ဌာနကသာ တာဝန်ယူဆောင်ရွက်သည့်စနစ်ကိုလည်း ဆောင်ရွက်ခဲ့ရပါကြောင်း၊ တင်ဒါစနစ်နှင့် B.O.T စနစ် နှစ်ခုရှိသည့်အနက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်းစဉ်အများစုသည် အောင်မြင်မှု နည်း၍ B.O.T စနစ်ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် အောင်မြင်မှုရရှိသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်စနစ်ဖြင့် ဆောင်ရွက်သည်ဖြစ်စေ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ပေးထားသော အင်ဂျင် နီယာမှူးကြီးများ၊ ဒုတိယအင်ဂျင်နီယာမှူးကြီးများနှင့် ခရိုင်အင်ဂျင်နီယာမှူးများကို လမ်းပေါ်တွင် အသေး စိတ် ကြီးကြပ်၍ တာဝန်ယူဆောင်ရွက်စေခြင်း ဖြစ်ပါကြောင်း၊ တစ်ချို့အပိုင်းများတွင် မည်သို့ပင်ထိန်းသိမ်း သော်လည်း ထိန်းသိမ်း၍ မရသည့်အချက်များကြောင့် ပျက်စီးခဲ့ရသည့် အပိုင်းများလည်း ရှိပါကြောင်း၊ အချို့နေရာများတွင် ထိန်းသိမ်းမှု အားနည်းခြင်း၊ အချို့ နေရာများတွင် လုံခြုံရေးအရ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပိုင်းများလည်းပါကြောင်းနှင့် မိမိတို့အနေဖြင့် အဖက်ဖက်က ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
