ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သရီချောင်းငယ်၏ အနောက်ဘက်ကမ်းတွင် ရခိုင်သမိုင်းဝင် ရှင်ကျော် မုနိဘုရားကြီး တည်ထားပါကြောင်း၊ ရှင်ကျော်မုနိဘုရားကြီးသို့ သွားရောက်ဖူးမျှော်ရန်အတွက် ပတ်ဝန်းကျင် ရှိ ကျေးရွာများအနေဖြင့် ကတိုးလှေကိုအသုံးပြုပြီး သွားလာနေကြပါကြောင်း၊ သရီချောင်းငယ်သည် ပေ ၁၃၀ ခန့် ကျယ်ဝန်းသဖြင့် ဘုရားပွဲကျင်းပနေစဉ်ကာလများတွင် ကူးတို့လှေကို အသုံးပြုသူများပြားလွန်းသဖြင့် ကူးတို့လှေမှောက်၍ အသက်ဆုံးရှုံးခဲ့ရသူ လေးဦးအထိရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အန္တရာယ်ဖြစ်နိုင်သော ကူးတို့လှေအသုံးပြုသွားလာရခြင်းမှ ကင်းဝေးစေရန် နိုင်ငံတော်အစိုးရမှ တံတားတစ်စင်းတည်ဆောက်ပေးပါ က အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ကြပြီ ဖြစ်သည့်အပြင် ဘုရားပွဲဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၄ ရွာမှာလည်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့နယ်သို့လည်း ခရီးသွားလာမှု လွယ်ကူတော့မည် ဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ပေးရန်ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်နိုင်ခြင်းပြီးစီးပါက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့စွဲပါစာအမှတ် ၀၁/၁-၁/အစိုးရ(ရခိုင်) ဖြင့် ဖြေကြားထားပြီးလည်း ဖြစ်ပါကြောင်း၊ သရီချောင်းငယ်ကို ဖြတ်ကူးနိုင်ရန် သင့်တော်သောတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ခုနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
