(ခ)-နိုင်ငံတော်အတွင်းမြို့နယ်ရုံးစိုက်ရာမြို့များ၌အ လုပ်သမားမှတ်ပုံတင်ရုံးခွဲများတိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၀)ရက်မြောက်နေ့ (၁၉.၃.၂၀၁၅)

ဦးကျော်ဝင်း ( ကန်ကြီးထောင့် မဲဆန္ဒနယ်) (1440) မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရရှိလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းတို့အရ နိုင်ငံအနှံ့အပြားတွင် စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံများ တည်ထောင် လာကြသည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည့်နည်းတူ  အလုပ်သမားမှတ်ပုံတင်ရရှိရေးသည် လည်း အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်လာပါကြောင်း၊ အလုပ်သမားမှတ်ပုံတင်ရရှိရန်ဆောင်ရွက်ရာတွင် အလုပ်သမားမှတ်ပုံတင်ရုံးစိုက်ရာ မြို့ကြီးများနှင့် နီးစပ်သောဒေသများအတွက်  အဆင်ပြေကြသော်လည်း ဝေးလံသောအရပ်ဒေသများတွင် ရှိသော အလုပ်အကိုင် လျှောက်ထားလိုသူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရသည်ကို သိရှိရပါကြောင်း၊  မြို့နယ်ရုံးစိုက်ရာမြို့များ၌ အလုပ်သမားမှတ်ပုံတင်ရုံးခွဲများကို ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်သမားမှတ်ပုံတင် ရရှိရေးတွင် ပိုမို အဆင်ပြေချောမွေ့မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွင်း မြို့နယ် ရုံးစိုက်ရာ မြို့များ၌ အလုပ်သမားမှတ်ပုံတင် ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလို ပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်အကိုင်ရှာဖွေရေးရုံး (Labour Exchange Office) များကို ဖွင့်လှစ်ရာတွင် နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကနှင့် ဖက်စပ်ပိုင်စက်ရုံ၊ လုပ်ငန်းအရ အရေအတွက်နှင့် လုပ်သားဦးရေအပေါ်‌မူတည်၍ ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ယခုအချိန်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံး ၁၅ ရုံး၊ ခရိုင်နှင့် မြို့နယ်ရုံး ၇၇ ရုံး စုစုပေါင်း  ၉၂ ရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး (Labour Exchange Office) များ၏ အလုပ်သမားမှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အလုပ် သမားလိုကြောင်း အကြောင်းကြားစာများလက်ခံပြီး အရွေးချယ်ခံ အလုပ်သမားစာရင်းပေးပို့ခြင်း၊ အလုပ်ခန့်ထားရေးကတ်ပြား(အလလခ ပုံစံ-၇) ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (Labour Exchange Office) ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် မြို့နယ်များတွင် အများပြည်သူများ လွယ်ကူစွာ အလုပ်အကိုင်ရရှိရေးအတွက် ဝန်ထမ်းများမှ ကွင်းဆင်း သွားရောက်၍ Mobile Team အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊   အခုအခါ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ထားရှိပြီး  ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခွင့်ရရှိပါက အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (Labour Exchange Office) များအနေဖြင့် စုစုပေါင်း တိုင်းဒေသကြီးနှင့်  ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ရုံးပေါင်း ၁၁၀ ရုံးအထိ တိုးချဲ့ ဖွင့်လှစ်သွားမည့် အစီအစဉ်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။