ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပြင်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုမှ ဝမ်နား၊ ကွန်စိုင်းဆိုသည့် ကျေးရွာ ရှိပါကြောင်း၊ ၎င်းကျေးရွာ၏အနီးတွင် နမ့်ပိန်းချောင်းကို အမှီပြုပြီး စိုက်ရေးပျိုးရေးအတွက် အသုံးပြုနေကြ ပါကြောင်း၊ သို့ပေမယ့် မိုးရာသီရေကြီးရေလျှံ ကာလအတွင်းမှာ ချောင်းရေ၏ တိုက်စားမှုကြောင့် ကျေးရွာမြေများ တစ်နေ့ထက်တစ်နေ့ဆုံးရှုံးပြီး ကျေးရွာတစ်ရွာလုံးရှိမြေများ ပျက်စီးသွားမည့် အခြေအနေတွင် ရှိနေပါကြောင်း၊ ထို့အပြင် ရေကြီးရေလျှံသည့် အတွက်ကြောင့် ချောင်းရေကြီးပြီး ကျေးရွာသူ ကျေးရွာသားများ၏ အသက် အန္တရာယ်များလည်း စိုးရိမ်ရမည့်အခြေအနေများ တွေ့ရှိရပါကြောင်း၊ ယမ်းခမ်းကျေးရွာအုပ်စု ဝမ်နား၊ ကွန်စိုင်းကျေးရွာ၏အနီးတွင် ရေတားတံမံ ပြုလုပ်မည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုရှိ ကွန်စိုင်းရွာနှင့် ဝမ်နားရွာတို့၏ အိမ်ခြေ ၅၀ ခန့်မှာ နမ့်ပိန်းချောင်းကို တပိုင်တနိုင် လက်လုပ်ဆည်ပြုလုပ်ပြီး စိုက်ပျိုးရေးလယ်ယာလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသည့် နေရာဒေသတစ်ခုဖြစ်ပါကြောင်း၊
မိုင်းပြင်းမြို့နယ် အထောက်အကူပြုကော်မတီဝင်များ၊ ဒေသခံအဖွဲ့အစည်းများနှင့် ၃၁-၁-၂၀၁၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အခါတွင် ကွန်စိုင်းရွာ၊ ဝမ်နားရွာအနီး နမ့်ပိန်းချောင်းသည် စိုက်ပျိုးရေးအတွက် အကျိုးဖြစ်ထွန်းသော်လည်း မိုးရာသီကာလ များတွင် ချောင်းရေကြီးပြီး ရေတိုက်စားမှု များကြောင့် ပြိုကျပြီးပြောင်းရွှေ့ရမည့် အနေအထားဖြစ်ပေါ်နေသည့် အတွက်ကြောင့် ရေတိုက်စားမှု မှကာကွယ်ရန် နမ့်ပိန်းချောင်း သဲနှုန်းတူးဖော် ပေါင်ဆင့်ခြင်းနှင့် ချောင်းဖြောင့် ရေကာတန်း ပြုလုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးခြင်းအားဖြင့် ရေတိုက်စားပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် နမ့်ပိန်းချောင်းရေသည် မိုးရာသီတွင် ချောင်းရေကြီးပြီး ချောင်း ကမ်းပါး ရေတိုက်စားပျက်စီးမှုဖြစ်ပေါ်လျက် ရွာမြေ၊ အိမ်မြေများနှင့် နီးကပ်စွာရှိသည်ကို တွေ့ရှိရပါကြောင်း၊ သဲနှုန်းတူးဖော် ပေါင်ဆင့်ခြင်းနှင့် ချောင်းဖြောင့် ရေကာ တန်းပြုလုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မှုရှိကြောင်း တွေ့ရှိရပါသည်။
အဆိုပါလုပ်ငန်းကို ဆောင်ရွက်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ် လျာထားမှုမရှိသည့် အတွက်ကြောင့် လတ်တလောစီစဉ်ပေးနိုင်ရန် မရှိပါကြောင်းနှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် လျာထားစီစဉ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မိုင်းပြင်းမြို့နယ် နမ့်ပိန်းချောင်း ရေတိုက်စားမှုကာကွယ်ရေး၊ နမ့်ပိန်းချောင်း သဲနုန်းတူးဖော် ပေါင် ဆင့်ခြင်းနှင့် ချောင်းဖြောင့်ရေကာတန်းပြုလုပ်ခြင်း လုပ်ငန်း ခန့်မှန်းကုန်ကျငွေ ၄၀.၀၀ သန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် RE (ဖြည့်စွက်ရန်ပုံငွေ)တွင် လျာထားတင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
