ယခုအချိန်တွင် နိုင်ငံတော်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ စတင်ပြီး ပေါက်မြို့နယ်အတွင်းရှိ ချောင်းဦး ဓာတ်အားခွဲ စက်ရုံကြီးမှ ပေါက်မြို့သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ဆောင်ရွက်ပေးမှုများကြောင့် မကြာခင်ကာလအတွင်း ပေါက်မြို့ကို လျှပ်စစ်မီး စတင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပေါက်မြို့အား လျှပ်စစ်မီးပေးပြီးနောက် ယခင်က ပေါက်မြို့နှင့် ကံမကျေးရွာအထိ ချိတ်ဆက်ထားသော 11 KV ဓာတ်အားလိုင်း အောက်ရှိကျေးရွာများနှင့် ယခုချိတ်ဆက်မည့် ချောင်းဦးကျေးရွာဓာတ်အားခွဲစက်ရုံမှ ပေါက်မြို့သို့ချိတ်ဆက်မည့် 11 KV ဓာတ်အားလိုင်း ၏ ၂ မိုင်ခန့်အကွာတွင် ကျေးရွာပေါင်း ရွာ ၄၀ ခန့်ရှိပါကြောင်း၊ အဆိုပါကျေးရွာများမှ နိုင်ငံတော်၏ပံ့ပိုးမှုနှင့် ၎င်းတို့၏ကြိုးစားမှုတို့ကို ပေါင်းစပ်ကာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထဲတွင် လျှပ်စစ်မီးရရှိနိုင်မည်ဟု ယုံကြည် နေသည့်အတွက် ကျေးရွာမီးလင်းရေးကော်မတီများ ဖွဲ့စည်းကာ မီးလင်းရေးရန်ပုံငွေများအဖြစ် ကြိုးစား စုဆောင်းပြီး ပေါက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ကျေးရွာအလိုက် ဘဏ်စာအုပ်များ ဖွင့်လှစ်ထားရှိ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြထားသည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် ပေါက်မြို့နယ်အတွင်း 11 KV ဓာတ်အားလိုင်းနှင့် ၂ မိုင်ခန့် ကွာရှိသော ကျေးရွာပေါင်း ၄၀ ခန့်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးလင်းပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါကမည်သည့် ကာလတွင် စတင်ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင်ရှိသော ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ပေါက်မြို့၊ သရက်တောကျေးရွာအနီးတွင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံကို တိုးချဲ့တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုနိုင်မှု အခြေအနေအရ လုပ်ငန်းစတင်ရုံသာဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်းတွင် ဓာတ်အားခွဲရုံ ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်ရန် ရန်ပုံငွေ ထည့်သွင်းလျာထား တောင်းခံ ထားပါကြောင်း၊ အဆိုပါ ဓာတ်အားခွဲရုံတည် ဆောက်ပြီးပါက ပေါက်မြို့နယ်အတွင်း ၁၁ ကေဗွီအေ ဓာတ်အား လိုင်းများနှင့် ၂ မိုင်အတွင်း ကွာဝေးသောကျေးရွာများကို ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၁၁ ကေဗွီလိုင်းနှင့် ၂ မိုင်ခန့် ကွာဝေးသော ကျေးရွာ ၃၆ ရွာကို လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေခွင့်ပြုနိုင်မှု အခြေအနေအရ ထည့်သွင်းလျာထားရန် အခက်အခဲရှိသည့်အတွက် ကျန်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက် ပြီးစီးပါက လိုအပ်သော ကျေးရွာမီးလင်းရေးဆိုင်ရာ လုပ်ငန်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ရန်ပုံငွေတွင် လာမည့်ဘဏ္ဍာရေးနှစ်များမှ စတင်ပြီး ထည့်သွင်း လျာထား၍ ရန်ပုံငွေခွင့်ပြုနိုင်မှု ရရှိမှုအခြေအနေအရ ဆောင်ရွက်ပေးသွားမည် ပြန်လည်ဖြေကြားပါသည်။
