မြန်မာနိုင်ငံတွင် ရှေးယခင်က တရားသူကြီးများ၏ ဆုံးဖြတ်ချက်များမှာ ပြစ်မှုကျူးလွန်သူ ပြစ်ဒဏ်မှ ကင်းလွတ် သွားခြင်းအပေါ် မည်သို့မျှခံစားချက်မရှိသော်လည်း အပြစ်မရှိသူတစ်ဦးအား မှားယွင်းစွာ ပြစ်ဒဏ်ချမှတ်မိပါက အလွန်ပင်ခံစားရပါကြောင်း၊ ရှေးယခင်က အပြစ်ရှိသူအား သေဒဏ်အထိအပြစ်ပေးရန် ကြုံလာသည့်အခါ မှားယွင်းမှုမရှိစေရန်အတွက် သက်ဆိုင်ရာက ဥပုပ်သီလစောင့်တည်၍ စိတ်ငြိမ်းချမ်းမှုရရှိမှ သာလျှင် ပြစ်ဒဏ် ချမှတ်ကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပါကြောင်း၊ ယခုခေတ် တရားစီရင်ရေးအခန်းကဏ္ဍ များတွင် အမှားကိုအမှန်၊ အမှန်ကိုအမှား ဥပဒေကို လက်တစ်လုံးခြားပြုလုပ်၍ အဂတိတရားလိုက်စားဆောင်ရွက်မှုများ ရှိနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးအတွက် တရားသူကြီးများ၏ ဆုံးဖြတ်ချက်များသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိပါက ၎င်းတို့အပေါ်တွင် မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းနှင့် (၂) မြန်မာနိုင်ငံတွင် ဖြောင့်မတ်မှန်ကန်မှုမရှိသော တရားသူကြီးဦးရေ မည်မျှအရေးယူ ထားကြောင်းနှင့် မည်သည့်မြို့နယ်များတွင် အရေးယူထားကြောင်းကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မေးခွန်း (၁) နှင့်စပ်လျဉ်း၍ တရားသူကြီးများသည် မိမိတို့စစ်ဆေးစီရင်ရသောအမှုများကို စစ်ဆေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း ပြုလုပ်ရာတွင် ပြဋ္ဌာန်းထားသောဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေပါပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်ကောက်ယူရာတွင် မှားယွင်းခြင်း၊ ဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိခြင်းတို့ကြောင့် ၎င်းတို့၏ ဆုံးဖြတ်ချက်များသည် ဥပဒေနှင့် ညီညွတ်မှုမရှိခြင်းများ ဖြစ်ပေါ်တတ်ပါကြောင်း၊ တရားသူကြီးတစ်ဦး၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် ၎င်းတို့ကျူးလွန်ခဲ့သည့်ကိစ္စရပ်၏ အတိမ်အနက်ပေါ် မူတည်ပြီး ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၃ တွင် ပြဋ္ဌာန်းထားသော ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကိုးမျိုးအနက် သင့်လျော်သည့်ပြစ်ဒဏ်ချမှတ်ခြင်းတို့နှင့် အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း။
မေးခွန်း (၂) နှင့်စပ်လျဉ်း၍ ဟုမ္မလင်းမြို့နယ်တရားသူကြီးသည် လာဘ်ပေးလာဘ်ယူမှုကျူးလွန်ကြောင်း ပေါ်ပေါက်သည့်အတွက် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်း၊ ရန်ကင်းမြို့ နယ်တရားရုံးမှ တွဲဖက်မြို့နယ် တရားသူကြီးသည်လည်း လာဘ်ပေးလာဘ်ယူမှုကျူးလွန်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ၎င်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၅၁၂ အရ တရားစွဲဆိုမှု ပြုခဲ့ပါကြောင်း၊ တံတားဦးမြို့နယ်၊ ခရမ်းမြို့နယ်၊ အမရပူရမြို့နယ်၊ ကနီမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတို့မှ တရားသူကြီး ၇ ဦးသည် လာဘ်ပေးလာဘ်ယူပြုလုပ်မှု ကျူးလွန်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသည့်အတွက် ဝန်ထမ်းအဖြစ်မှထုတ်ပစ်သည့် ဝန်ထမ်းစည်း ကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ပါကြောင်း၊ တရားသူကြီး၏ ဆုံးဖြတ်ချက်သည် ပြဋ္ဌာန်းထားသောဥပဒေနှင့် ညီညွတ် ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ပုသိမ်ခရိုင်တရားရုံးနှင့် မြိတ်ခရိုင်တရားရုံးတို့မှ တရားသူကြီး ၂ ဦးကို ရာထူးအဆင့် တစ်နှစ်လျှော့ချသည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ကိုလည်းကောင်း၊ ရမည်းသင်းမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးကို သတိပေးသည့် ဝန်ထမ်းစည်းကမ်း ဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းအားဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ခဲ့ပါကြောင်း။
ထို့အပြင် တရားသူကြီးတို့၏ ဆောင်ရွက်ချက်များသည် ပြဋ္ဌာန်းဥပဒေ၊ ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ လိုက်နာဆောင်ရွက်ရန် အားနည်းခြင်းတို့ကို စိစစ်တွေ့ရှိရသည့်အတွက် ညောင်ဦးမြို့နယ်၊ နတ်တလင်းမြို့နယ်တရားရုံးတို့မှ တရားသူကြီး ၂ ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်သည့်ပြစ်ဒဏ်ချမှတ်ခြင်း၊ အရာတော်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ဦးမြို့နယ် ဖျာပုံမြို့နယ်တရားရုံးတို့မှ တရားသူကြီး ၄ ဦးကို ရာထူးအဆင့်လျှော့ချသည့် ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ ရန်ကင်းမြို့နယ်တရားရုံးမှ တရားသူကြီး ၁ ဦးကို နှစ်တိုးလစာရပ်ဆိုင်းသည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကသာခရိုင်၊ ကလေးခရိုင်၊ အမရပူရမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ လယ်ဝေးမြို့နယ်၊ မင်းပြားမြို့နယ်၊ မံစီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဂွမြို့နယ်၊ တာမွေမြို့နယ်၊ အမ်းမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ဝေါမြို့နယ်၊ အလုံမြို့နယ်၊ သာစည်မြို့နယ်၊ လှိုင်မြို့နယ်၊ ပြည်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် တရားရုံးများမှ တရားသူကြီး ၁၉ ဦးကို သတိပေးသည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်များကိုချမှတ်ခဲ့ခြင်းတို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
