သိန္နီသည် မန္တလေး-လားရှိုး-မူဆယ်လမ်းနှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းခွဲ ပြည်ထောင်စုလမ်းမကြီး တည်ရှိပြီး နေ့စဉ် ပျမ်းမျှယာဉ် အစီးရေ ၃၅၀၀ စီးခန့် ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊
သိန္နီ-ကွတ်ခိုင်-ကွမ်းလုံ လမ်းခွဲရှိ အချိုးအကွေ့လမ်းသည် မတ်စောက်သော ကုန်းစောင်းဖြစ်ခြင်း၊ ထောင့်ချိုးလမ်း (အယ်လ်ကွေ့)ဖြစ်ခြင်း၊ လမ်းကျဉ်းခြင်းများကြောင့် နှစ်စဉ်နှစ်တိုင်း ယာဉ်မတော်တဆမှုများ ကြုံတွေ့ရပြီး လူသေဆုံးမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၂၀၁၅ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၂ နာရီအချိန်တွင် သိန္နီ-ကွတ်ခိုင်-ကွမ်းလုံ လမ်းခွဲ၌ မူဆယ်မှ ဓာတ်မြေသြဇာတင်လာသော ကုန်တင်ယာဉ်တွဲ သည် အရှိန်မထိန်းနိုင်ဘဲ ရက်ကွက်(၄)နေ ဦးစိုင်းလှမောင်၏ နေအိမ်ဆီသို့ ဝင်ရောက်တိုက်မိကာ အိမ်ကြီးတစ်ခုလုံးနှင့် ကားကြီးတစ်ခုလုံး ရစရာမရှိဘဲ ပျက်စီးသွားခဲ့ရသည့်အပြင် ယာဉ်မောင်းနှင့် အိမ်ထဲမှာအိပ်နေသော အိမ်ပိုင်ရှင် ဦးစိုင်းလှမောင်သည်လည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါကြောင်း၊ အကယ်၍ မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးခြင်းမရှိပါက ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ ထပ်မံကြုံတွေ့နိုင်ဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် (က) ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေးအတွက် သိန္နီမြို့ရှောင်လမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ။ (ခ) ယာဉ်အန္တရာယ်ကြောင့် ကျန်ရစ်သူ၊ နစ်နာသူ မိသားစုပြည်သူများအတွက် မည်သို့တာဝန်ယူ ကူညီဆောင်ရွက်ပေးမည်နှင့် (ဂ) မြို့ရှောင်လမ်းကွင်းလမ်း မဖောက်လုပ်နိုင်သေးမီ ယာဉ်အန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်းနှင့်စပ်လျဉ်း၍ သိန္နီမြို့ရှောင်လမ်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော Oriental Highway ကုမ္ပဏီက မြို့ရှောင်လမ်း စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ဆောင်ရွက် ပြီး ဖြစ်ပါကြောင်း၊ ဖောက်လုပ်မည့် မြို့ရှောင်လမ်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ရုံးချုပ်)၊ လမ်းပုံထုတ်မှ အသေးစိတ် တိုင်းတာတွက်ချက်စိစစ်ပြီး လမ်းနယ်နမိတ်အတွင်းကျရောက်သော လယ်ယာမြေများအား လျော်ကြေးပေးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်မြေယာကော်မတီများနှင့် စိစစ်ပြီး မြို့ရှောင်လမ်းအား ဖောက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့အနေဖြင့် ယခင်ကတာဝန်ယူဆောင်ရွက်သော Asia World ကုမ္ပဏီလိမိတက်က ယာဉ်မတော်တဆမှုဖြစ်ပွားချိန်တွင် Backhoe တစ်စီးကို ငါးရက်ကြာရှင်းလင်းခြင်း၊ Truck Crane နှစ်စီးဖြင့် နှစ်ရက်ကြာ ရှင်းလင်းပေးခဲ့ပါများဆောင်ရွက်ပေးခဲ့သော်လည်း လူမှုရေးအရ ကူညီပံ့ပိုးမှုများ မရှိခဲ့သည်ဟု သိရှိရသည့်အတွက် သက်ဆိုင်ရာယာဉ်ပိုင်ရှင်နှင့် Asia World ကုမ္ပဏီတို့ကို လူမှုရေးကူညီများ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်သည့်အပြင် ကုန်တင်တွဲယာဉ်မောင်းကိုလည်း တရားဥပဒေ အရ ဆောင်ရွက်လျက်ရှိပါကြောင်း။
တတိယမေးခွန်းနှင့် စပ်လျဉ်း၍ ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာသို့ ၂၀၁၃တွင် တစ်ကြိမ်၊ ၂၀၁၄ တွင် တစ်ကြိမ် သွားရောက်ကွင်းဆင်းပြီး လိုအပ်ချက်များကို ဆောင်ရွက်ရန် ညှိနှိုင်းခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မိုင်တိုင် ၂၀၆/၅နှင့် ၂၀၆/၆ မိုင်တိုင်ကြားတွင် လမ်းသား နှိမ့်ချဖို့လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ လမ်းသားနှိမ့်ချရန်အတွက် သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အင်ဂျင်နီယာမှူး၊ Asia World ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာနှင့် လမ်းတာဝန်ခံများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သိန္နီမြို့နယ် ရဲစခန်းမှူး၊ သတင်းတပ်ဖွဲ့နှင့် လမ်းသားနှိမ့်ချမည့်နေရာတွင်ရှိသော သက်ဆိုင်ရာနေအိမ်များမှ ရပ်မိရပ်ဖများ ပါဝင်သည့်ညှိနှိုင်း အစည်းအဝေးကို ၁၀-၃-၂၀၁၅ ရက်နေ့တွင် သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ သို့သော် လမ်းသားနှိမ့်ချရန်လိုအပ်သော နေရာရှိ လမ်းဘေးနေအိမ်များက ကန့်ကွက်ခဲ့သည့်အတွက် ယနေ့အချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊ သို့သော်လည်းပဲ ယာဉ်အန္တရာယ်ကင်းရှင်းရန် အဆိုပါလမ်းကြောင်းတွင် Slow-downများ ချထားခြင်း၊ Concrete Barriers များ ဖြည့်တည်းထားရှိခြင်း၊ Rumble Strip များထားခြင်းဖြင့် လမ်းကြောင်းများ မှန်ကန်ရန်အတွက် ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့ပြင် မြို့ရှောင်လမ်းကိုလည်း အမြန်ဆုံး ဆောင်ရွက်ပေးပြီးဖြစ်ပြီး မြို့ရှောင်လမ်း မဆောင်ရွက်မီကာလတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဦးစိုင်းဝင်းခိုင်(သိန္နီ) က ဆက်စပ်မေးခွန်းကို မေးမြန်းပါသည်။
မိမိအနေဖြင့် ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းလိုပါကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း သက်ဆိုင်ရာမော်တော်ယာဉ်ပိုင်ရှင်က လာရောက်၍ လူမှုရေးအရ ဖြေရှင်းမှုများ၊ ဆက်သွယ်မှုများ၊ လာရောက်ကြည့်ရှု စောင့်ရှောက်မှုနှင့် အားပေးကူညီမှုများ မရှိပါကြောင်း၊ ယာဉ်ပိုင်ရှင်သည်လည်း ပျောက်ဆုံးနေခြင်း၊ သက်ဆိုင်ရာဌာနကို မေးမြန်းသော်လည်း စုံစမ်းနေဆဲဟုသာ ပြောကြားနေခြင်း၊ မော်တော် ယာဉ်ပိုင်ရှင် အစစ်အမှန်ကို ဖော်ထုတ်ပေးမှု မရှိသေးခြင်း၊ နာရေး၊ ကုသရေး၊ နေရေး၊ ထိုင်ရေး အမှုအခင်းဖြစ်နေပြီး သန့်ရှင်းရေး စသည့်ကုန်ကျစရိတ်များအတွက် အကူအညီ အထောက်အပံ့များ မရရှိသေးခြင်း၊ နေစရာအခက်အခဲများ ကြုံကြိုက်နေရခြင်း၊ ယာဉ်မတော် တဆမှုကြောင့် ရရှိသော ဒဏ်ရာများကို ယခုထိတိုင်အောင် ဆေးဝါး ကုသနေရခြင်း၊ ရေရှည် ဘဝရပ်တည်နိုင်ရန် စိတ်ဓါတ်ရေးရာ၊ ပညာရေး၊ ကျန်းမာရေးအတွက် အကူအညီများ လိုအပ်နေခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် ယာဉ်ပိုင်ရှင်ကို အမြန်ဆုံးဖော်ထုတ်ပေးရန်နှင့် ဥပဒေလမ်းကြောင်း အတိုင်း ဖြေရှင်းပေးရန်အတွက် ယာဉ်ပိုင်ရှင်အား အမြန်ဆုံးဖော်ထုတ်ပေးရန် ရှိ/မရှိ သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်းကို မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့် က ဆက်စပ်မေးခွန်းဖြေကြားပါသည်။
အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိမိတို့ဝန်ကြီးဌာနက ယာဉ်ပိုင်ရှင်ကို တာဝန်ယူ ရှာဖွေပြီး သက်ဆိုင်ရာ ကုမ္ပဏီဖြစ်သော Asia World ကုမ္ပဏီကိုပါ လူမှုရေးအရ ကူညီဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
