မိမိတို့ အုတ်ဖိုမြို့နယ်ရှိ ဂမုန်းဆည်ကြီးကို လွန်ခဲ့သော ၁၅ နှစ်ခန့်က တည်ဆောက်ပေးခဲ့ခြင်းကြောင့် မိုးစပါးနှင့် နွေစပါးများ စိုက်ပျိုးအောင်မြင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဒေသခံတောင်သူများသည် ဆည်အရင်းတွင် နေထိုင်လုပ်ကိုင်နေရသော်လည်း ရေးပေးမြောင်းများ တိမ်ကောပျက်စီးနေသည့်အတွက် ဆည်ရေအပြည့်အဝမရရှိဘဲ မလိုအပ်သော နေရာများသို့ ရေများရောက်ရှိသွားပြီး အကျိုးရှိစွာအသုံးပြု၍မရဘဲ ဖြစ်နေရပါကြောင်း၊ အချို့မြောင်းများသည် ကျိုးပေါက်ပျက်စီးနေပြီး အနိမ့်ပိုင်းသို့ ဆည်ရေများ စီးဝင်သွားကာ ဆောင်းသီးနှံများကို ရေနစ်ပျက်စီးစေသည့်အပြင် သွားလာရေးတွင်လည်း ကျေးရွာချင်းဆက်လမ်းများပေါ်သို့ လျှံတက်လာပြီး လမ်းများနှင့် မြောင်းကူးတံတားများ ပျက်စီးနေသည့်အတွက် သွားရေးလာရေး အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ပြုပြင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ (၁) ကြို့ကိုးပင်ရွာမှ ကွင်းကျယ်ရွာသို့ ရေပေးဝေသောမြောင်းတွင် ရေအပြည့်အဝ ရရှိနိုင်ရန် ပြုပြင်ပေးရန်နှင့် လှည်းကူးတံတား ၃ စင်အား တည်ဆာက်ပေးနိုင်ရန်၊ (၂) အောက်ကိုင်းရွာနှင့် ကွင်းကျယ်ရွာဘက်သို့ ထွက်သွားသောမြောင်းအား ပြုပြင်ပေးရန်နှင့် အောက်ကိုင်းရွာ အနောက်ဘက်ရှိ မြောင်းဖြတ်တံတား ပျက်စီးနေမှုအား ပြုပြင်ပေးရန်၊ (၃) ဝိုင်းကျေးရွာနောက်ကျောမှ ကိုင်းတောစုရွာ၊ ကျွဲဖြူမရွာသို့ ထွက်သွားသောမြောင်း ၂ မြောင်း ပြုပြင်ပေးရန်နှင့် လှည်းကူး တံတား ၂ ခုတည်ဆောက်ပေးရန်၊ (၄) အောက်ကိုင်းကျေးရွာတောင်ဘက်ရှိ ရေကျအဆောက်အအုံတစ်လုံး ဆောက်လုပ်ပေးရန်နှင့် ရေမြောင်း ပြုပြင်ပေးပြီး ရိုးဖြတ်ရေပေါက် ဆောက်လုပ်ပေးရန်၊ (၅) ထွန်းလှကွင်းရွာမှ ဆိပ်ကြီးရွာဘက်သို့ ထွက်သွားသောမြောင်းများ ပြုပြင်ပေးရန်၊ (၆) သဖန်းပင်ဆိပ်ရွာမှ လိပ်ဥကုန်းရွာဘက်သို့ ထွက်သွားသော မြောင်းအား ပြုပြင်ပေးရန်၊ (၇) ချင်းစုရွာမှ ဂွေးချောင်းရွာဘက်သို့ ထွက်သောရေမြောင်းအား ဂွေးချောင်းရွာမှ သာလိကာရွာဘက်သို့ ထွက်သွားသောမြောင်းများ ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရေပေးမြောင်းများပြုပြင်ပေးရန်၊ ရေပေးအဆောက်အဦများ တည်ဆောက်ပေးရန်နှင့် မြောင်းဖြတ် လှည်းကူး တံတားများ ပြုပြင်တည်ဆောက်ပေးရန်လုပ်ငန်းသည် ဂမုန်းရေလှောင်တမံလက်ဝဲမြောင်း ဆည်ရေသောက်စနစ်ရှိသော တူးမြောင်းအဖျားပိုင်းများတွင် တည်ရှိပါကြောင်း၊ ယခင်က အဆိုပါနေရာများတွင် နွေစပါး စိုက်ပျိုးခဲ့ခြင်း မရှိသဖြင့် နွေစပါး စိုက်ပျိုးသည့် မြောင်းအရင်းပိုင်းကိုသာ ခွဲဝေရရှိသော ရန်ပုံငွေအရ ဦးစားပေး ပြုပြင်ပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုတောင်းဆိုသော တူးမြောင်းအဖျားပိုင်းများသည် နွေစပါးစိုက်ပျိုးမှုမရှိသဖြင့် ဌာနမှ ပြုပြင်ပေးမှု အားနည်းခဲ့ခြင်းနှင့် တောင်သူများအပိုင်းမှ ပူးပေါင်းပါဝင်ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ပိုမိုပျက်စီးခဲ့ရပါကြောင်း၊ ယခုအခါ တောင်သူများမှ နွေစပါးစိုက်ပျိုးရန် ဆန္ဒပြင်းပြလာကြသဖြင့် ပြုပြင်ပေးရန် တောင်းဆိုလာခြင်းဖြစ်ပါကြောင်း။
မေးခွန်း (၁) နှင့်စပ်လျဉ်း၍ ကြို့ကိုးပင်ရွာမှ ကွင်းကျယ်ရွာအထိ ရေအပြည့်အဝပေးဝေနိုင်ရန် ရေပေးဝေလျက်ရှိသော လက်ဝဲမြောင်းမကြီးလက်တံ လက်ဝဲလက်တံ ၄ မြောင်းကို ပုံစံကျ ပြန်လည် ပြုပြင်ပေးမည်ဖြစ်ပါကြောင်း၊ အဆိုပါမြောင်းတွင် တည်ဆောက်ပေးရန်တင်ပြသည့် လှည်းကူးတံတား ၃ စင်းသည် ယခင်စီမံကိန်းကာလက ပါဝင်ခြင်းမရှိဘဲ အသစ်တည်ဆောက်ရမည့်ဖြစ်သည့်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်း။
မေးခွန်း (၂) နှင့်စပ်လျဉ်း၍ အောက်ကိုင်းရွာနှင့် ကွင်းကျယ်ရွာဘက်ထွက်သော လက်ဝဲလက်တံ-၆ (Minor-3) မြောင်းကို ပြန်လည်ပြုပြင် ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ကိုင်းရွာအနောက်ဘက်ရှိ လက်ဝဲလက်တံ-၆ မြောင်းဖြတ်တံတား ပျက်စီးနေမှုအားလည်း ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း။
မေးခွန်း (၃) နှင့်စပ်လျဉ်း၍ ဝိုင်းကျေးရွာ နောက်ကျောမှ ကိုင်းတောစုရွာ၊ ကျွဲဖြူမရွာသို့ထွက်သော မြောင်း ၂ မြောင်းဖြစ်သည့် လက်ဝဲလက်တံ-၁ နှင့် လက်ဝဲလက်တံ-၁ (Minor) မြောင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပြီး အဆိုပါမြောင်းများတွင် တည်ဆောက်ပေးရန်တင်ပြသည့် လှည်းကူးတံတား ၂ စင်းသည် အသစ်တည်ဆောက်ရမည် ဖြစ်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း။
မေးခွန်း (၄) နှင့်စပ်လျဉ်း၍ အောက်ကိုင်းကျေးရွာတောင်ဘက် ဂမုန်းဆည် လက်ဝဲမြောင်း ပေတိုင် ၃၅၀၀၀ နေရာတွင် တည်ဆောက်ပေးမည့် ရေထိန်းရေကျ အဆောက်အအုံ Check Drop တစ်ခုနှင့် လက်ဝဲလက်တံ-၈ မြောင်းပေါ်တွင် တည်ဆောက်ပေးမည့် မြောင်းဖြတ်ရေဆိုးရေထုတ် CDC အဆောက်အဦတစ်ခုကို မူလက မရှိခဲ့သော် လည်း နွေစပါးစိုက်ပျိုး ရေရရှိရန်နှင့် ရေကြီးရေလျှံခြင်းမှကာကွယ်ရန် လိုအပ်သည့်အတွက် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ရေပေးဝေမှု လွယ်ကူချောမွေ့စေရန် လက်ဝဲလက်တံ-၈ မြောင်းအားလည်း ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း။
မေးခွန်း (၅) နှင့်စပ်လျဉ်း၍ ထွန်းလှကွင်းရွာမှ ဆိတ်ကြီးရွာဘက်သို့ထွက်သော လက်ဝဲလက်တံ-၉ မြောင်းအား ပုံစံကျ ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း။
မေးခွန်း (၆) နှင့်စပ်လျဉ်း၍ သဖန်းပင်ဆိပ်ရွာမှ လိပ်ဥကုန်းရွာဘက်သို့ထွက်သော လက်ဝဲလက်တံ-၁၀ မြောင်းအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း။
မေးခွန်း (၇) နှင့်စပ်လျဉ်း၍ ချင်းစုရွာမှ ဂွေးချောင်းရွာဘက် သို့ထွက်သော လက်ဝဲလက်တံ-၆ (Minor-5) မြောင်းနှင့် ဂွေးချောင်းရွာမှ သာလိကာရွာဘက်သို့ ထွက်သော လက်ဝဲလက်တံ-၆ (Minor-6) မြောင်းများကို ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းချက်တွင်ပါဝင်သော ရေပေးမြောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် ရေပေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ၏ သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် စီမံထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
