မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်အသစ်ကို တည်ဆောက်နေသည်နှင့်အညီ စာနယ်ဇင်း သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်သည်လည်း များစွာတိုးတက်လာပါကြောင်း၊ တချို့သတင်းမီဒီယာများအနေဖြင့် သတင်းများရေးသားသည့်အခါတွင် လွှတ်တော်၊ အစိုးရဌာနဆိုင်ရာ၊ တပ်မတော်၊ ကော်မရှင်အဖွဲ့၊ ပါတီများ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ မှားယွင်းချက်များကို ပွင့်လင်းမြင်သာစွာ ထောက်ပြဝေဖန် ရေးသားလာသည်ကို တွေ့ရှိရပြီး အစိုးရကလည်း ခွင့်ပြုထားပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးသည့်ကာလမျိုးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရေးသားဝေဖန်ခြင်းများ၊ ဟောပြောခြင်းများသည် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော (၁/၂၀၁၄) ပါ တားမြစ်ချက် ၁၀ ချက်နှင့် ထိခိုက်နိုင်သည့်အတွက် လာမည့်ရွေးကောက်ပွဲများတွင် မဲဆွယ်ဟောပြော စည်းရုံးရာ၌ စာနယ်ဇင်းများတွင် ရေးသားဖော်ပြလျက်ရှိသော အကြောင်းအရာ အသုံးအနှုန်းများဖြင့် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာ၊ တပ်မတော်နှင့် လူပုဂ္ဂိုလ်များကို ဝေဖန်ဟောပြောခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောသည့်အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်နှင့် အခွင့်အာဏာလွှဲအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တို့က မဲဆွယ်စည်းရုံးရန်အတွက် စုဝေးဟောပြောခြင်း၊ ရေးသားပုံနှိပ်ဖြန့်ဝေခြင်းတို့ ပြုလုပ်ခွင့်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ လိုက်နာရန်အချက်များကို ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ညွှန်ကြားထားပါကြောင်း၊ ထိုသို့ စုဝေးဟောပြော၊ ရေးသားပုံနှိပ်ဖြန့်ချိရာတွင် တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်သကဲ့သို့ သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများတွင် ပါရှိသော အခန်း (၁၃) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း(၁၄) တရားမဲ့ပြုကျင့်မှုများကိုလည်း သိရှိနားလည်ပြီး ချိုးဖောက်မှုမဖြစ်စေရေး သတိပြုဆောင်ရွက်ရန်နှင့် မိမိ၏ ဟောပြောချက်များသည် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ယင်းတည်ဆဲဥပဒေအရ အရေးယူခြင်း ခံရနိုင်ဖွယ်ရှိပါကြောင်း။
ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) တွင် ပါရှိသော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်ပါက ရွေးကောက်ပွဲဥပဒေအရ အရေးယူခံရနိုင်ပါကြောင်း၊ ထိုနည်းတူ အခန်း (၁၄) တွင် ပါရှိသော တရားမဲ့ပြုကျင့်မှု တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ရွေးကောက်ပွဲတွင် မိမိအနေဖြင့် အနိုင်ရရှိသော်လည်း ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်းက မိမိအပေါ် ကန့်ကွက်လွှာတင်သွင်းပြီး အရေးယူဆောင်ရွက်ခြင်း ခံရနိုင်ပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့်ကာလတွင် သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ကော်မရှင်၏ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားသည်များရှိသကဲ့သို့ နိုင်ငံရေးပါတီ အသီးသီးကလည်း လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်များ စုစည်းပြီး ပြုစုဆောင်ရွက်နေသည့်အတွက် အားလုံးသဘောတူညီချက်ရပါက သက်ဆိုင်ရာကျင့်ဝတ်များနှင့်အညီလည်း ဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံ) က ဆက်စက်မေးခွန်းမေးမြန်းပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မီဒီယာများက ပြင်းပြန်းထန်ထန်ရေးသားထားသည်များကို ခွင့်ပြုပေးထားပြီး လွတ်လပ်ခွင့်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ထဲတွင် အမှားအမှန်များကို ဝေဖန်ပြောဆိုခွင့်ရှိပြီး လူထုနှင့်ထိတွေ့ဆက်ဆံရာတွင်လည်း နိုင်ငံရေးအခြေအနေ လက်ရှိ မိမိတို့ပါတီ၏ လုပ်ပိုင်ခွင့်၊ လုပ်ဆောင်မည့်ရည်မှန်းချက်၊ ကြိုးစားဖော်ဆောင်မှုလိုအပ်ချက်များ၊ နိုင်ငံနှင့်တစ်ဝှမ်း ဖြစ်ပေါ်နေသောပြဿနာများကို ဆွေးနွေးပြောဆိုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများ၊ တည်ဆဲဥပဒေများအရ တရားစွဲဆိုခံရနိုင်သည့်အတွက် မိမိတို့အနေဖြင့် ဂျာနယ်များတွင် ရေးသားထားသည်များကို မည်သည့်ဂျာနယ်တွင် မည်သည့်နေ့ရက်က မည်သို့ရေးသားထားသည်များကို ဖော်ပြစည်းရုံးမည်ဆိုပါက ခွင့်ပြုပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးဝင်းကို (အဖွဲ့ဝင်)
နိုင်ငံတော်တွင် တရားဝင်ထုတ်ပြန်ထားသော တည်ဆဲဥပဒေများအရ နိုင်ငံသားအားလုံး လေးစားလိုက်နာရ မည်ဖြစ်ပါကြောင်း။ အထူးသဖြင့် မဲဆွယ်စည်းရုံးသည့်ကာလမျိုးများတွင်ဆိုပါက နိုင်ငံရေး ပါတီများ သည်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရသမည်ဖြစ်သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည်လည်း သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားတာရှိပါကြောင်း၊ အဆိုပါ ကြေညာချက်အရ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားသည့် ကြေညာချက်အရ နိုင်ငံရေးပါတီအသီးသီးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၆ အရ နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာစည်းရုံးခွင့်ရှိပြီး့ ပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီအသီးသီး ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ရွေးကောက်ပွဲအနိုင်ရရှိရေး ရည်ရွယ်ချက်သည်လည်း အဓိကကျပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများက စည်းရုံးခွင့်ရှိပြီး ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတမှုရှိစေရေးအတွက် အောက်ပါဥပဒေပြဋ္ဌာန်းချက်များကိုလည်း သတိပြုလေးစားလိုက်နာကြရန်ဖော်ပြပေးထားပါကြောင်း၊
(က)-နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပါတီစည်းရုံးမည်ဆိုပါက စည်းရုံးလှုပ်ရှားသည့် နေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၇၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မ ၁၂ တို့တွင်ပါရှိသော ပြဋ္ဌာန်းချက်များ၊ ဝန်ခံချက်များကို လေးစားလိုက်နာကြရန်နှင့် လေးစားလိုက်နာမှုမရှိပါက ဆိုရင် ပါတီအချင်းချင်း ထိန်းကျောင်းကြရန်၊ ကော်မရှင်ကို တင်ပြတိုင်တန်းခြင်း ပြုလုပ်ကြရန်။
(ခ)-နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စအလို့ငှာ မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃)ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း (၁၄)တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေး စောင့်ထိန်းကြရန်၊ ပြစ်မှုပြစ်ဒဏ်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဥပဒေ၏ ပုဒ်မ ၆၅ တွင် ပါရှိသည့်အတိုင်း ရဲစခန်း အသီးသီးတွင် အမှုဖွင့်တိုင်ကြားရန်၊
(ဂ)-လွှတ်တော်ကိုယ်စားလှယ်လောင်းများ တင်သွင်း စိစစ်အတည်ပြု ပြီးနောက် လွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်လာချိန်တွင် မဲဆွယ်စည်းရုံးမှု ပြုမည်ဆိုပါက အထက်ပါအတိုင်း ရွေးကောက်ပွဲဥပဒေ ဖောက်ဖျက် ကျူးလွန်မှုများအပြင် ရဲစခန်းတွင်လည်း တိုင်ကြားနိုင်သကဲ့သို့ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း(၁၅)ပါအတိုင်း တရားမဲ့ ပြုကျင့်မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ခွင့်ရှိကြောင်းကို ဖော်ပြကြေညာပြီးဖြစ်ပါကြောင်း၊
ထို့ကြောင့် သက်ဆိုင်ရာစာနယ်ဇင်းအသီးသီးတွင် ဖော်ပြဆောင်ရွက်ခြင်း၊ အရေးယူခြင်း ဆောင်ရွက်ခြင်း မရှိခြင်း/ရှိခြင်းသည် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်မှုမရှိပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကာလအတွင်း သက်ဆိုင်ရာ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်သာ ထိန်းသိမ်း ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
