၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေ များကိုလည်း ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေနှင့် နည်း ဥပဒေများတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများ၏ ရုံးအသုံးကုန်ကျစရိတ်များကို တင်ပြတောင်းခံ ရယူခွင့်ပြုထား၍ ၂၀၁၃ ခုနှစ်မှ စတင်ကာ ရုံးအသုံးစရိတ်များကို ပြည့်စုံလုံလောက်စွာ ရရှိသုံး စွဲလျက်ရှိပါ ကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများ၏ ရုံးအသုံးကုန်ကျစရိတ်များကို ပြည့်စုံလုံလောက်စွာ ချထားပေးပြီး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ တစ်မြို့နယ်လုံးကိစ္စအပါအဝင် သက်ဆိုင်ရာခရိုင်/တိုင်း ကိစ္စများကို ပါ ဆောင် ရွက်နေရသော ရုံးဌာနအများ၏ ရုံးအသုံးကုန်ကျစရိတ်အဖြစ် တစ်နှစ်ငွေ ကျပ် ၃၀၀၀၀ မှ ကျပ် ၁၀၀၀၀၀ အထိသာ ရရှိသည့်အပြင် အခြားဌာန များနှင့် ပေါင်းစပ်လုပ်ကိုင်ရသည့် အစည်းအဝေးစရိတ်များ အပါအဝင် အခြားကုန်ကျစရိတ်များစွာ ရှိနေကြရ များကြောင့် လက်ရှိခွင့်ပြုချထားပေးသည့် ရုံးအသုံး ကုန်ကျစရိတ်များသည် လုံလောက်မှုမရှိဘဲ မိမိတို့၏ တရားဝင် ခံစားခွင့်ရရှိထားသော လစာငွေများထဲမှ လစဉ်၊ နှစ်စဉ် စိုက်ထုတ်သုံးစွဲနေကြရ လျက်ရှိ ပါကြောင်း၊ နိုင်ငံတော် အစိုးရမှ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်း ထားများအား တိုးမြှင့်ဆောင်ရွက်ပေးခဲ့ သည့်အပြင် ယခုဘဏ္ဍာနှစ်တွင် ထပ်မံတိုးမြှင့် ဆောင်ရွက်ပေး မည်ဖြစ်သော်လည်း အမှန်တကယ်လိုအပ်၍ စိုက်ထုတ် သုံးစွဲနေသော ရုံးဌာနအသီးသီး၏ ရုံးအသုံးကုန်ကျစရိတ်များကို တိုးမြှင့်ချထား ဆောင် ရွက်ပေးနိုင်ခြင်းမရှိပါက မိမိတို့အတွက် တိုးမြှင့်ခံစားခွင့်ပေးထားသည့် လစာငွေများထဲမှ ရုံးကုန်စရိတ်များကို စိုက်ထုတ်ထည့်ဝင် သုံး စွဲနေကြရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာရုံးဌာန အသီးသီးတို့တွင် အမှန်တကယ်လိုအပ်၍ သုံးစွဲကုန် ကျနေကြရသော ရုံးအသုံးကုန်ကျစရိတ်များကို တိုးမြှင့်ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိလိုကြောင်းနှင့် မရှိပါကအဘယ်ကြောင့် ဆောင်ရွက် မပေး သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁-၁၂ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို ပြည်ထောင်စု ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများအဖြစ် ခွဲခြားရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်း များမှ သုံးစွဲရန်လိုအပ်သော သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် ကြွေးမြီ သုံးစရိတ်များကို သက်ဆိုင်ရာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများတွင် လျာထားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
ဌာနအဖွဲ့အစည်းများမှ ၎င်းတို့ရုံးအတွက် လိုအပ်သော သာမန်နှင့်ငွေလုံးငွေရင်း အသုံးစရိတ် ဘတ်ဂျက်များ ရေးဆွဲတင်ပြရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးရှိ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့ အစည်းများမှ လက်အောက် ခံခရိုင်နှင့် မြို့နယ်များအတွက် သုံးစွဲရန်လိုအပ်မည့် အသုံးစရိတ် စာရင်းများကို လျာထားရေးဆွဲပြီး ရုံးချုပ်များကို တင်ပြကြရပါကြောင်း၊ ဝန်ကြီးဌာနများသည် ရုံးချုပ်များမှတင်ပြသော သာမန်ငွေလုံးငွေရင်းနှင့် ကြွေးမြီ အသုံးစရိတ်စာရင်းများကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနကို ပေးပို့ကြရပါကြောင်း၊ တင်ပြတောင်းခံသော သာမန်ငွေလုံးငွေရင်းနှင့် ကြွေးမြီ အသုံးစရိတ်များကိုလည်း အဆင့်ဆင့် စိစစ်မှုများ ပြုလုပ်ပြီး ဘဏ္ဍာရေးကော်မရှင်ထောက်ခံ ချက်နှင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တင်ပြပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးမှသာ ဥပဒေနှင့်အညီ ငွေကြေး သုံးစွဲမှုများကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။
ရုံးအသုံးစရိတ်များအပါအဝင် သာမန်အသုံးစရိတ်များကို စိစစ်ခွင့်ပြုရာတွင် ခေတ်နှင့်လျော်ညီသော အသုံးစရိတ် များဖြစ်စေရန် ဌာနအဖွဲ့အစည်းများမှ နှစ်စဉ်သာမန်အသုံးစရိတ်များ တင်ပြတောင်းခံလာစဉ်က တိုးမြှင့်တောင်းခံ မှုများကို လိုအပ်သလိုစိစစ်ပြီး ယခင်နှစ်တောင်းခံမှုထက် နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ ဆောင်ရွက်ရသော ရုံးလုပ်ငန်းပမာဏနှင့် ဒေသအလိုက်ဖြစ်ပေါ်နေသော လုပ်အားခ၊ လျှပ်စစ်ဓာတ်အားခ၊ သယ်ယူပို့ဆောင်ခကဲ့သို့သော ထူးခြားစွာပေးချေရသော နှုန်းထားများ၊ ရုံးအသုံးအဆောင် ပစ္စည်းများ၏ ဈေးနှုန်း များကို ဘတ်ဂျက်လျာထားစဉ်အချိန်က ညှိနှိုင်းတွက်ချက်၍ လျာထားတင်ပြရန် လိုအပ်ပြီး စိစစ်ခွင့်ပြုပေးရမည့် ဌာနအဖွဲ့အစည်းများ၏ ရုံးချုပ်များမှလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် အညီ စိစစ်ခွင့်ပြုပေး ရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ အတည်ပြုပြဋ္ဌာန်းရာတွင် ရုံးချုပ်များမှ တိုင်းဒေ သကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်များကို အဆင့်ဆင့်ခွဲဝေသုံးစွဲရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများခံစားခွင့်ရှိသော လစာနှုန်းထားများ၊ စရိတ်များကို တိုးမြှင့်ပေးလျက်ရှိပြီး ဌာနအဖွဲ့အစည်းများ၏ ရုံးအသုံးစရိတ်များအပါအဝင် သာမန်အသုံးစရိတ်များကိုလည်း ခေတ်ကာလနှင့် အညီဆီလျော်စေရန် နှစ်စဉ် တိုးမြှင့်ခွင့်ပြုပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးခင်မောင်ညို (ပေါက်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ကြွေးမြီအသုံးစရိတ်များကို ဘဏ္ဍာရေးဝန်ကြီးဌာနမှနှစ် စဉ်တိုးပေးသော် လည်း တိုးပေးသောနှုန်းသည် လွန်စွာကွာဟမှုများ ရှိနေပါကြောင်း၊ ဥပမာတင်ပြရမည် ဆိုပါက သယ်ယူပို့ဆောင်ခဖြစ်သော O3၊ O4 ကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများအတွက် လစဉ် ၂၀၀၀၀ ကျပ် ပေး၍ မြို့နယ်ဌာနဆိုင်ရာများဖြစ်သည့် ဥပဒေရုံး၊ တိ/မွေးကုရုံးတို့အတွက် တစ်နှစ်လုံးမှ ကျပ် ၁၅၀၀၀-၂၀၀၀၀ သာ ဖြစ်နေသည့်အတွက် ဤသို့များစွာကွာဟနေမှုအပေါ် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
သယ်ယူပို့ဆောင်ခ O3, O4 ကို ကျပ် ၂၀၀၀၀၊ ဥပဒေရုံး၊ တိ/မွေးကုရုံးတို့အတွက် တစ်နှစ်လုံးစာကို ၁၀၀၀၀ ခန့် ပေးသည်ဟုဆိုရာတွက် သက်ဆိုင်ရာဌာနများမှ ယင်းနှုန်းထား များကို ဒေသန္တရနှုန်း ထားဖြင့် နှစ်စဉ် ခွင့်ပြုပေးပါကြောင်း၊ သယ်ယူပို့ဆောင်ခများကို ဒေသန္တရနှုန်းထားဖြင့်တင်၍ ရထားပြီး ခရီးသွား သည့် ကိစ္စများ အတွက် ပေးနေပါသဖြင့် သက်ဆိုင်ရာဌာနများမှ အဆင့်ဆင့်တင်ပြပြီး ရုံးချုပ်များကလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ပြီး မိမိတို့ ရသုံးမှန်းခြေကို တင်ပြလာပါက ဘဏ္ဍာရေးဝန်ကြီးဌာနသည် ခွင့် မပြုပေးသောကိစ္စ မရှိပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဌာနများ၏ တင်ပြလာမှုအပေါ် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီသော ကိစ္စများမှလွဲ၍ ကျန်ရှိသော နှုန်းထားများ၊ အခြေအနေများကို တိုးမြှင့် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားပါသည်။
အထက်ပါမေးမြန်းဖြေကြားချက်များနှင့် စပ်လျဉ်းပြီး ဥက္ကဋ္ဌမှ သုံးသပ်ပြောကြားရာတွင်
ယခု ဦးခင်မောင် ညို မေးမြန်းသောမေးခွန်းနှင့် အဓိပ္ပာယ်ချင်းတူညီသည့် မေးခွန်းတစ်ခုကို မနှစ်က ဒေါက်တာ တင်မောင်ကြိုင် မေးမြန်းခဲ့ဖူးပါကြောင်း၊ အဓိကအချက်မှာ ဝန်ထမ်းများသည် ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ နေနိုင်ရန် အတွက် ရုံးသုံးစရိတ်အပါအဝင် လုပ်ငန်းသုံးစရိတ်များကို လုံလောက်စွာ ထုတ်ပေးရန်လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းကိစ္စရပ်များအတွက် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း များမှ အဆင့်ဆင့် တင်ပြလာသည်ကို ဘဏ္ဍာရေးကော်မရှင်ကတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပေးရသည့်အတွက် မြို့နယ်အဆင့်အလိုက် ဌာနတစ်ခုချင်းစီအလိုက် ရုံးအသုံးစရိတ်ကွဲပြားသည်ကို ပြည်သူ့ငွေစာရင်းကော်မတီအနေနှင့် သိရှိခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက သက်ဆိုင်ရာအဆင့်အလိုက်၊ ဌာနအလိုက် လစဉ်အသုံးစရိတ် မည်မျှဆိုသည်ကိုသိရှိရန် လိုအပ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးသည့်အတိုင်း ဆောင်ရွက်ရသည့် သဘောမျိုး သက်ရောက်နေရာ ပြည်ထောင်စု လွှတ်တော်တွင် စိစစ်ရန် တာဝန်တစ်ခုပိုသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ငွေစာရင်းကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့ ညှိနှိုင်းပြီး လာမည့်နှစ်အတွက် ညိုနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားပါသည်။
