(ခ)-ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက်နိုင်ငံတော်မှမည်သည့်အကူ အညီများပေး၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကိုယ် စားလှယ်လုပ်ငန်းများကို မည်ကဲ့သို့ထိန်းသိမ်းကြပ် မတ်နေကြောင်းသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၁)ရက်မြောက်နေ့ (၂၄.၂.၂၀၁၅)

ဦးစိုးဝင်း (ကျောက်တံတား) ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေခြင်းကြောင့် ပြည်ပနိုင်ငံများတွင် နည်းလမ်းမျိုးစုံနှင့် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားဦးရေ ၅ သိန်းကျော်ခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ နိုင်ငံတကာကို သွားရောက်လုပ်ကိုင်နေကြသော အလုပ်သမားများသည် ပုံစံအမျိုးမျိုးနှင့် သွားရောက်လုပ်ကိုင်နေကြရာ အချို့သည် ပြည်တွင်းပွဲစားများ၊ ပြည်တွင်းရှိ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် သွားရောက်လုပ်ကိုင်ကြခြင်းများ ရှိကြပါကြောင်း၊ အထူးသဖြင့် မြို့နယ်များတွင် ရုံးခန်းများလာရောက်ဖွင်‌့ပြီး လပေးနှစ်ချုပ်များ ငှားရမ်းလုပ်ကိုင်သည့် ပြည်တွင်းအလုပ်လုပ်နိုင်သော လူငယ်၊ လူရွယ်များကို ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးသော အေဂျင်စီအချို့ရှိပါကြောင်း၊ အချို့ကိုယ်စားလှယ်လုပ်ငန်းများမှာ မှန်ကန်စွာ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသော်လည်း အချို့ကိုယ်စားလှယ်လုပ်ငန်းများသည် မမှန်မကန်ဆောင် ရွက်လျက်ရှိကြပြီး လုပ်ငန်းများ တိကျစွာ ပြောဆိုမှု မရှိခြင်း၊ ပြည်ပနိုင်ငံရောက်မှ ပိုမိုပင်ပန်းသော လုပ်ငန်းများဆောင်ရွက်နေကြရခြင်း၊ မူလသဘောတူပြီးသော လုပ်ခ၊ လခများ မရရှိခြင်းနှင့် လူမှုဖူလုံရေးခံစားခွင့်များ လုံးဝမရရှိခြင်း၊ မတော်တဆ သေဆုံးသူများ ရှိနေခြင်းတို့ကို ကြားသိနေရပါကြောင်း၊ အချို့အေဂျင်စီများသည် ရုံးခန်းကိုဗန်းပြပြီး နယ်မှ ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများကို မတ်လုံးပေးစည်းရုံးပြီး ငွေကြေးလိမ်လည်မှုများလည်း ရှိကြပါကြောင်း၊ ရိုသားသော လူငယ်၊ လူရွယ်များနှင့် တောင်သူလယ်သမားများမှာ လယ်ယာမြေများ ပေါင်နှံရောင်းချရသဖြင့် လယ်ယာမဲ့ဘဝ ရောက်ရှိနေကြရသည်ကိုလည်း ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၀ တွင် နိုင်ငံခြား တိုင်းတစ်ပါးနှင်‌့ ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်က ကာကွယ်စောင်‌့ရှောက်မှုကို တောင်းခံခွင်‌့ရှိသည်ဟု ဆိုထားပါသဖြင့် (၁) ပြည်ပလုပ်ကိုင်ရှာဖွေရေး ကိုယ်စားလှယ်လုပ်ငန်း မည်၍မည်မျှ တရားဝင်မှတ်ပုံတင်ထားသည်၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကိုယ်စားလှယ်လုပ်ငန်းများမှ ပြည်ပနိုင်ငံများတွင် အလုပ်သမားမည်မျှ သွားရောက်လုပ်ကိုင်နေသည်၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက် နိုင်ငံတော်မှ မည်သည့်အကူအညီများပေးနေသည်နှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးကိုယ်စားလှယ် လုပ်ငန်းများကို မည်ကဲ့သို့ ထိမ်းသိမ်းကြပ်မတ်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်လုပ်နိုင်သည်‌့ လူငယ်၊ လူရွယ်များအတွက် သင်‌့တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်အတွက် အခွင့်အရေးများကို ကာကွယ်ပေးရေး၊ လူမှုဘဝကာကွယ်ပေးရေး၊ စဉ်ဆက်မပြတ် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအလုပ်သမားများ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်ခြင်းလုပ်ငန်းကို ၁၉၉၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်များ စနစ်တကျရှိစေရန် ဥပဒေနှင့်အညီ ဖြစ်စေရန် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာ ဒေသအတွင်း ပြောင်းလဲဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရန်အတွက် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊ ၂၀၁၁ ခုနှစ် နိုင်ငံတော်အစိုးရက ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စများနှင့် ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်မှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မတီလက်အောက်တွင် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ၊ အလုပ်သမားများ အကျိုးခံစားခွင့် ရရှိရေးကော်မတီနှင့် အလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီဟူ၍ ဖွဲ့စည်းပြီး ပြည်ပသို့ မြန်မာအလုပ်သမားများ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ အလုပ်သမားအခွင်‌့အရေး အပြည့်အဝရရှိစေရေးနှင့် ရွှေ့ပြောင်းသွားလာမှုများအား စနစ်တကျစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မြန်မာအလုပ်သမားများ ပြည်ပနိုင်ငံများသို့ စနစ်တကျ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခု အပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အရ အေဂျင်စီ ၂၀၂ ခုတို့အား တရားဝင်အကျိုးဆောင်လိုင်စင်များ ထုတ်ပေးထားပြီး ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများအား  တရားဝင် စေလွှတ်လျက်ရှိရာ ၁၉၉၀ ပြည့်နှစ်မှစ၍ ၃၁-၁-၂၀၁၅ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့ တရားဝင် စေလွှတ်ဆောင်ရွက်ပေးခဲ့သော အလုပ်သမားဦးရေ ၂၈၅၃၆၃ ဦးရှိပါကြောင်း၊ ထို့အတူ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအား ပိုမိုထိရောက်စွာ ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် ပြည်ပရှိ မြန်မာအလုပ်သမားများကို ကာကွယ်စောင်‌့ရှောက်မှု လုပ်ပေးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မှုရှိသည့်အပြင် အေဂျင်စီအသစ်များကိုလည်း စနစ်တကျ စိစစ်ပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင် ထုတ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း သီးခြား ရေးဆွဲထုတ်ပြန်ထားပြီး စည်းကမ်းဖောက်ဖျက်ခြင်းများရှိပါက အကျိုးဆောင်လိုင်စင် ပိတ်သိမ်းခြင်းနှင့် လုပ်ငန်းလုပ်ကိုင်မှု ယာယီရပ်ဆိုင်းခြင်းစသည့် အရေးယူမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံသည် ကိုးရီးယားနိုင်ငံ၊ ထိုင်းနိုင်းငံတို့နှင့် အလုပ်သမားစေလွှတ်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး၍ မြန်မာအလုပ်သမားများစေလွှတ်ခဲ့ပြီး အလုပ်သမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အလုပ်သမား ရေးရာ ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန်နှင့် လိုအပ်သည်‌့ကာကွယ်စောင်‌့ရှောက်မှုများ ပေးနိုင်ရန်အတွက် အလုပ်သမားသံအရာရှိ (Labour Attache) ကို ကိုးရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ခန့်ထားဆောင်ရွက်လျက်ရှိပြီး အလုပ်သမားသံအရာရှိ မရှိသော နိုင်ငံများတွင် မြန်မာသံရုံးများတွင် တစ်ဆင့်အလုပ်သမားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား တရားဝင်လုပ်ကိုင်နိုင်စေရန် နှစ်နိုင်ငံအလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ထိုင်းနိုင်ငံအတွင်း (One Stop Service Center) ဖွင့်လှစ်ခြင်းတွင် ၂၀၀၉ ခုနှစ်မှ ၁၁-၈-၂၀၁၃ ရက်နေ့အထိ အလုပ်သမားပေါင်း ၁.၇ သန်းခန့်ကို အထောက်အထားထုတ်ပေးနိုင်ခဲ့ပါကြောင်း။

နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော အလုပ်သမားများ အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံလာပါက မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံတမန် ကိုယ်စားလှယ်များ စေလွှတ်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ပေးရာတွင် ပြဿနာများဖြစ်ပွားရာနေရာသို့ အရောက်သွား၍ သက်ဆိုင်ရာတာဝန်ရှိအာဏာပိုင်များ၊ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီပိုင်ရှင်များနှင့် တွေ့ဆုံပြီး လုပ်ခလစာ၊ လျော်ကြေးများ ရရှိစေရေးအတွက် ဖြေရှင်းဆောင်ရွက် ပေးသကဲ့သို့ ပြည်ပရောက်မြန်မာအလုပ်သမားများအတွက် ထိခိုက်မှုအာမခံနှင့် အသက်အာမခံ ထားရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာနိုင်ငံရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနများသို့ ချက်ခြင်းအသိပေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် သေဆုံးဒဏ်ရာရသည့် အလုပ်သမားများအား ထိုက်တန့်သည့် လျော်ကြေးရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာန၊ ကုမ္ပဏီများနှင့်ဆက်စပ်၍ လျော်ကြေးငွေရရှိရန်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်ရန် သတင်းအချက်အလက်ပေးနိုင်ရန်နှင့်  လိုအပ်သည့်အကူ အညီပေးရန်တို့အတွက် ရွှေ့ပြောင်းသွားလာမှုအလားအလာရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Migrant Resource Center များ ဖွင့်လှစ်၍သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  Migrant Workers Reporting Counter ဖွင်‌့လှစ်၍သော်လည်းကောင်း၊ ရွှေ့ပြောင်းသွားလာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် Complaint Mechanism Center များကို နေပြည်တော်နှင်‌့ ရန်ကုန်တို့တွင် ဖွင်‌့လှစ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများကို ပြည်ပသို့ မထွက်ခွာခင် Pre-depature training များဖွင်‌့လှစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့၊ ဥပဒေများကို သင်ကြားပို့ချလျက်ရှိပါကြောင်း။

ထို့အတူ အလုပ်အကိုင်များရှိသော လုပ်ငန်းများနှင့် အလုပ်ရှာဖွေနေသော လူငယ်များကို တစ်နေရာတည်း၌ တိုက်ရိုက်တွေ့ဆုံပေးပြီး လစ်လပ်လျက်ရှိသော လုပ်ငန်းနေရာများအနက် မိမိတို့နှင့် သင့်တော်သော အလုပ်အကိုင်များ ရရှိစေနိုင်ရန် အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် ကုမ္ပဏီများနှင့် တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ပေးပြီး အလုပ်အကိုင်များ ရရှိစေရန်အတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင်‌့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်အရ အေဂျင်စီများအား ပြည်ပသို့ အလုပ်သမားအသစ်များစေလွှတ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် နယ်ပွဲစားများ ပပျောက်စေရေးအတွက် အလုပ်သမားအသစ်များ စုဆောင်းရာ၌ တစ်ဆင့်ခံပွဲစားများဖြင့် စုဆောင်း၍မပြုစေဘဲ အေဂျင်စီများမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၌ ရုံးခွဲများဖွင့်လှစ်ပြီး ကိုယ်စားလှယ်များတာဝန်ခွဲအပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး Labour Exchange Office များနှင့် ဆက်သွယ်ပြီး အလုပ်သမားများကို စုဆောင်းစေလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။