(ဂ)-ရေသေချာသောဒေသအသီးသီးတွင်စက်မှု လယ်ယာစနစ်လယ်ကွက်များဖော်ထုတ်ပေးရန်နှင့် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ခြင်းအတွက် ကုန်ကျစရိတ်အား နှစ်ရှည်ချေးငွေများ ထုတ်ပေးပြီး အရစ်ကျ ပေးသွင်း စေသည့်နည်းလမ်းဖြင့်ဆောင် ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၅)ရက်မြောက်နေ့ (၁၁.၃.၂၀၁၅)

ဦးသန်းမြင့် (ဝမ်းတွင်း)လက်ရှိအ‌ခြေအနေအရ နေပြည်တော်တွင်ခြေပြုပြီးမှ စက်မှုလယ်ယာစနစ် လယ်ကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သီးနှံအထွက်နှုန်းများ အထူးကောင်းမွန်ပြီး အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ ပိုးမွှားရောဂါ အချိန်မီကာကွယ်နှိမ်နင်းနိုင်ခြင်း၊ ရေသွင်း/ရေထုတ်ကောင်းမွန်ခြင်း၊ ကုန်ထုတ်လမ်းများဖောက် လုပ်နိုင်ရန် အချိန်မရွေး သွားလာဆောင်ရွက်နိုင်ခြင်းများကြောင့် တောင်သူ လယ်သမားများနှင့် နိုင်ငံတော်၏သီးနှံ ထုတ်လုပ်မှုစွမ်းအားများ မြင့်မားလာသည်ကို တွေ့ရှိရသည့်အတွက် စက်မှုလယ်ယာစနစ် လယ်ကွက် များ ဖော်ထုတ်စိုက်ပျိုးခြင်းနှင့် စက်ကိရိယာများ စွမ်းအားပြည့် အသုံး ပြုနိုင်ခြင်း၊ ရေကိုလိုသလို သွင်းထုတ်ပြုလုပ်နိုင်ခြင်း၊ သီးနှံအထွက်နှုန်းများကို တိုးတက်စေနိုင်ခြင်း၊ အရည်သွေးကောင်းသီးနှံများ ရရှိနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်နိုင်မှုစရိတ် လျော့ကျစေနိုင်ခြင်း၊  တိုးချဲ့စိုက်ပျိုးနိုင်၍ တောင်သူများ ဝင်ငွေတိုးစေခြင်းများ ရရှိကြောင်း လေ့လာသိရှိရပါသည်။ သို့သော် ဆင်းရဲသား တောင်သူလယ်သမားများအတွက် အရင်းအနှီး လုံလောက်မှုမရှိခြင်း၊ စက်မှုလယ်ယာစနစ်များ ဖော်ထုတ်ရာတွင် တစ်ဧကလျှင် ကျပ်တစ်သိန်း‌ခြောက်သောင်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်တောင်သူလယ်သမားများ လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အရင်းအနှီးငွေကြေးနှင့် လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲများတွေ့ကြုံနေရပါကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာစနစ် လယ်ကွက်များ နိုင်ငံအနှံ့ဆောင်ရွက်နိုင်မှု အ‌ခြေအနေအားနည်းနေသည့် အနေအထား တွေ့ရှိနေရပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေသေချာသည့် ဒေသအသီးသီးတွင် စက်မှုလယ်ယာစနစ် လယ်ကွက်များ အရှိန်အဟုန်အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိနှင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် ဆောင်ရွက်နိုင်ရန် နှစ်ရှည်ချေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်‌မြေကို ဗဟိုပြုလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စနစ်ကျစက်မှုလယ်ယာလုပ်ကွက်များ ဖော်ထုတ်စိုက်ပျိုးစေခြင်းဖြင့် စက် ကိရိယာများ စွမ်းအားပြည့် အသုံးပြုနိုင်ခြင်း၊ ရေကိုလိုသလို အသွင်းအထုတ်ပြုလုပ် ထိန်းသိမ်းနိုင်ခြင်း၊ သီးနှံအထွက်နှုန်းကို တိုးတက်စေခြင်း၊ အလေအလွင့်နည်းပါးခြင်း၊ စိုက်ပျိုးထုတ်ကုန် အရည်အသွေး တိုးတက်မြင့် မား၍ ဈေးကောင်းရရှိခြင်း၊သီးထပ်စိုက်စွမ်းအား မြင့်မားခြင်းတို့ဖြင့် တောင်သူများဝင်ငွေ တိုးတက် လာမည်ဖြစ်ပါကြောင်း။

အစိုးရသစ်ကာလ မတိုင်မီအထိ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အထိ ၁၅ နှစ်ကျော်ကာလအတွင်း စနစ်ကျစက်မှုလယ်ယာမြေကွက်များ ဖော်ထုတ်ပေးနိုင်မှုသည် ၂၄၆၃၂ ဧကသာရှိခဲ့ပြီး အစိုးရသစ်ကာလဖြစ်သည့် ၂၀၁၁- ၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကုန်ထိ နိုင်ငံတော်အစိုးရ ရန်ပုံငွေဖြင့် ဧက ၃၂၄၀၅၊ နိုင်ငံတကာ အထောက်အပံ့ဖြစ်သည့် ဂျပန်နိုင်ငံ JIID,JICK အစီအစဉ်ဖြင့်၊ ကိုရီးယားနိုင်ငံ (KOICA) အစီအစဉ်များဖြင့်  ၇၁၁ ဧကနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့်  ၁၂၆၀ ဧကအပါအဝင် စနစ်ကျစက်မှုလယ်ယာ မြေကွက်များစုစုပေါင်း ၃၄၃၇၆ ဧက ဖော်ထုတ်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတေ်အစိုးရ ရန်ပုံငွေဖြင့် ၄၅၀၀ ဧက၊ အိန္ဒိယချေးငွေ အစီအစဉ်ဖြင့် ၃၀၄၀၀ ဧက၊ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် (IFAD) ချေးငွေအစီအစဉ်ဖြင့် ၄၀၀၀ ဧက၊ စုစုပေါင်း ၃၈၉၀၀ ဧကအား ဖော်ထုတ်သွားရန် လျာထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံချေးငွေဖြင့် ၂၀၄၀၀ ဧက၊ (IFAD) ချေးငွေဖြင့် ၄၀၀၀ ဧကနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် (IFAD) ချေးငွေဖြင့် ၂၀၀၀ ဧက အသီးသီးဖော်ထုတ်ဆောင်ရွက်ရန် လျာထားလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ လက်ရှိအ‌ခြေအနေအရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တောင်သူများသို့ စိုက်ပျိုးစရိတ် နှစ်ချင်းဆပ်ချေးငွေမှ လွဲ၍ စနစ်ကျစက်မှု လယ်ယာ‌မြေကွက်များ ဖော်ထုတ်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကျစရိတ်များအား နှစ်ရှည်ချေးငွေများ ထုတ်ပေးပြီး အရစ်ကျပေးသွင်းစေသည့် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။