(င)-ခေတ်စနစ်နှင့်ညီညွတ်သောအခွန်ဆိုင်ရာဥပဒေ များအမြန်ပြုပြင်ပြဋ္ဌာန်းပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၂.၂၀၁၄)

သူရဦးအောင်ကို (ကန်ပက်လက်)မိမိအနေဖြင့် ပထမအကြိမ် ပြည့်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး တွင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ တိုးတက်ရရှိရန် အတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့ရာ အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ခုနကလွှတ်တော်၏ လုပ်ငန်းဆောင်တာများ လွယ်ကူမြန်ဆန်စေရန်အတွက် အဆိုတင်သွင်းသူက သက်ဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲတင်သွင်းရန် လမ်းညွှန်ချက်ဖြင့် သတ္တမပုံမှန် အစည်းအဝေးတွင် မိမိအနေဖြင့် ဥပဒေကြမ်းတစ်ရပ်ကို ထပ်မံတင်သွင်းခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဤလွှတ်တော်က ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အကြောင်းပြချက် ငါးရပ်ဖြင့် ဆိုင်းငံ့ ထားပေးကြောင်းပြန်ကြားလာပါကြောင်း၊ ယင်းအကြောင်းပြချက်များကို ခြုံငုံသုံးသပ်ရပါက ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲရေး  စည်ပင်လုပ်ငန်းစသည့် အထောက်အကူပြု ကုမ္ပဏီအသီးသီးကို အမိန့်ကြော်ငြာစာနှင့် ထုတ်ပြန်ပြီး ဆောင် ရွက် နေချိန် တွင် ကော်မတီများအများအပြား ရှုပ်ထွေးမှုမဖြစ်စေရန် အတွက် ဖြစ်ကြောင်းသုံးသပ်ရရှိပါကြောင်း။ တစ်ဖက်တွင် လည်း မိမိတို့တင်ပြခဲ့သလို အဆိုကိုမူတည်ပြီး နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာငွေစည်းကြပ်မှု ဗဟိုကော်မတီကို သူရဦးသောင်းလွင်ဦးစီးပြီး ဖွဲ့စည်းပြီးဆောင်ရွက်ရာတွင် မိမိတို့ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ရရှိသော အခွန်သည် ယခင်နှစ်များထက် ၆၆၉ ဘီလီယံပိုမိုရရှိကြောင်း သိရှိရပါသည်။

ယနေ့ မိမိတို့နိုင်ငံမှ လက်ခံကျင့်သုံးနေသော အခွန် ၁၄ မျိုးမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ငါးမျိုး တာဝန် ယူကောက်ခံပြီး ကျန်အခွန်အမျိုးအစားများကို ဒေသအလိုက် ကောက်ခံရမည်ဖြစ်ပါကြောင်း၊ အခွန်ရရှိမှု အချိုးမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၉၇ ရာခိုင်နှုန်းရရှိပြီး ဒေသအလိုက် ကောက်ခံသော ကျန်အခွန် ၉ မျိုးမှာ ၃ ရာခိုင်နှုန်း ကျော်ခန့်သာရကြောင်းတွေ့ရပါသည်။

နိုင်ငံတော်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်သည် အဓိကကျပြီး အခွန်ကောက်ခံသည်ဆိုသည်မှာ ဘဏ္ဍာရန်ပုံငွေရရန် သက်သက်မဟုတ်ပဲ နိုင်ငံတော်အတွင်း ငွေကြေးစီးဆင်းမှု၊ ငွေကြေးလှည့်ပတ်မှု မှန်ကန်စေ ရန်၊ ငွေကြေးဖောင်းပွမှုလျှော့နည်းစေရန်၊ ဝင်ငွေကွာဟမှုလျှော့နည်းစေရန် တို့အပြင် နိုင်ငံတော်က အကောင် အထည်ဖော်ဆောင်ရွက်နေသော စီးပွားရေးစနစ်ကို အထောက်အကူပြုပေးနိုင်ရန် အတွက် ဖြစ်ကြောင်း လည်း လေ့လာသိရှိရပါကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အခွန်ရှောင်လွှဲခြင်း အခြေအနေမှာလည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူတိုင်းအခွန်ဆောင်ရမည်ဆိုသည်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သိရှိ လက်ခံပြီး သက်ဆိုင်ရာ အစိုးရများ အနေဖြင့်လည်း ရသည့်အခွန်ကို ပြည်သူလူထုသိအောင် ရှင်းရှင်းလင်းလင်း အသုံးပြုပါကြောင်း၊ ထိုပြင် အခွန်ငွေသုံးစွဲမှုအပါအဝင် ဆက်လက်ဆောင်ရွက်မည့် နိုင်ငံတော်အတွင်း စီမံကိန်း လုပ်ငန်းများကိုလည်းပဲ ပြည်သူတွေသိရှိအောင် ကြိုတင် သတင်းထုတ်ပြန်မှုလည်း ပါပါကြောင်း၊ ထို့ကြောင့် ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ကို ပြည်သူလူထု တစ်ရပ်လုံးက တာဝန်သိသိ ထမ်းဆောင်နေကြ ပါကြောင်း။

အာဆီယံနိုင်ငံများတွင် အခွန်ရငွေနှင့် အချိုးကနှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အနိမ့် ဆုံးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် GDP အချိုး နိမ့်ကျရခြင်းအကြောင်းမှာ ဝန်ကြီးဌာနအချို့၏ စီးပွားရေး လုပ်ငန်းများမှ ပြည်သူဘဏ္ဍာငွေများကို သုံးစွဲတဲ့နေရာ၌ စနစ်မကျမှု၊ မရိုးဖြောင့်မှု များကြောင့် ဖြစ်ပေါ် လာရပြီး နိုင်ငံတော်၏ အခွန်ရငွေနှင့် တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP နှုန်းထားများမှာလည်း များစွာနိမ့်ကျသွားကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခန့်မှန်းကြသည်ကို သိရှိရပါကြောင်း။

အာဆီယံစံနှုန်းအနေဖြင့် အခွန်နှင့် GDP အချိုးမှာလည်း အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းရှိရမည် ဖြစ်သော် လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်မှာ ၃.၇၂ ရာခိုင်နှုန်းခန့်သာရှိပြီး မြန်မာနိုင်ငံ၏ အခွန်ထမ်းဆောင်ပေးမည့် ဦးရေ အရေအတွက်မှာ ၂ ရာခိုင်နှုန်းအောက် ပမာဏသာ ရှိကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ရသင့် ရထိုက်သော အခွန်အခကို ပြည့်ဝစွာရရှိအောင် ဆောင်ရွက်နိုင်မှသာ ငွေကြေးဖောင်းပွမှုလည်း ကျဆင်း သွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း တိုးတက် ဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအလိုက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို တိုးချဲ့ တည်ထောင်ပြီးသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ လည်းတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တို့ကိုလည်း လွှတ်တော်မှ အတည်ပြုပြီးဖြစ် ရာ ခေတ်စနစ်နှင့် ညီညွတ်သော အခွန်ဥပဒေများ ပြုပြင်ပြဋ္ဌာန်းရန် မိမိတို့ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် အခွန်ထမ်း သင့်သော ပြည်သူအားလုံး အခွန်ထမ်းဆောင်နိုင်ဖို့အတွက် ပညာပေးရှင်းလင်းမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်ပြီး Test Base လို့ခေါ် အခွန်ထမ်းဦးရေပမာဏတိုးပွားလာရေးအတွက်ကို Tax Rate ခေါ် အခွန်နှုန်း ထားသည် အမှန်တကယ် ထမ်းဆောင်နိုင်မယ့် နှုန်းထားဖြစ်အောင် ကျွန်တော်တို့ ပြန်လည်ပြုပြင်သင့်ပါကြောင်း၊

အခွန်ထမ်းပြည်သူများ၏ ထမ်းဆောင်သောအခွန်ပမာဏကို ကိန်းဂဏန်း အပိုင်းအခြား Tax Margin ဖြင့် ဖော်ပြပေးသင့်ပြီး၊ နှစ်စဉ် ကျပ်သန်း ၁၀၀၀ ထက် အခွန်ထမ်းစာရင်း၊ ကျပ်သန်း ၅၀၀ အထက် အခွန်ထမ်းစာရင်း၊ နိုင်ငံခြားငွေဖြစ်ပါက ဒေါ်လာသန်း ၁၀၀ ထက် အခွန်ထမ်းစာရင်းစသည့် အခွန်ထမ်း စာရင်းများကို အများပြည်သူသိရှိနိုင်စေရန် ကြေညာပေးသင့်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြီးခဲ့သည့်နှစ်မှစပြီး အများဆုံး အခွန်ထမ်းစာရင်း ၅၀၀ ကြေညာခဲ့သော်လည်း မည်သည်‌့ ပမာဏ ထမ်းဆောင်ကြောင်း ကို ဖော်ပြထားခြင်းမရှိခဲ့ပါကြောင်း၊ ဥပမာအားဖြင့် ကုမ္ပဏီကြီးတစ်ခုမှ ကျပ်သန်း ၁၀၀၀ အခွန်ထမ်းဆောင် မည့် နေရာတွင် သန်း ၁၀၀ သာ ထမ်းနိုင်ပါက နိုင်ငံတော်အတွက် နစ်နာပါကြောင်း၊ သို့ဖြစ်ပါ၍ Tax Margin ကိုလည်း ဖော်ပြပေးသင့်ကြောင်း။

ထိုပြင် အခွန်ထမ်းစာရင်းကို ပြည့်စုံတိကျစွာဖော်ပြခြင်းအားဖြင့် အခွန်တိမ်းရှောင်မှုစာရင်းလည်း ပေါ်ထွက် လာမည်ဖြစ်ရာ ၎င်းတို့ကို လိုအပ်သလို ပညာပေးမှုများ ပြုလုပ်ခြင်းရှိ/မရှိ၊ နှစ်စဉ် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ပမာဏနှင့် လုပ်ငန်းခွင်ကဏ္ဍအလိုက် ဖော်ဆောင်မည့်စီမံကိန်းများကို ပြည်သူ့များထံ ကြိုတင် အသိပေး ကြေညာနိုင်ခြင်း၊ ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော အခွန်ဆိုင်ရာ ဥပဒေများ ကို နိုင်ငံတော်၏ စီးပွားရေးစနစ်ဖြင့် လိုက်လျောညီထွေမှုရှိစေရန် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အောက်ပါဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့ ပါကြောင်း၊

ဥပဒေအမှတ် (၁) အမြတ်ခွန်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ

ဥပဒေအမှတ် (၂) မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ

ဥပဒေအမှတ် (၃) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဥပဒေအမှတ် (၄) ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

ဥပဒေအမှတ် (၅) ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

အဆိုပါ ပြင်ဆင်ပြီး အခွန်ဥပဒေများအတွက် အသေးစိတ်ဆောင်ရွက်ရန်အချက်များကို သက်ဆိုင်ရာ အခွန်ဥပဒေ များ အလိုက် နည်းဥပဒေ၊ စည်းမျဉ်းနှင့် အမိန့်ကြော်ငြာစာများကို ပြင်ဆင်ရေးဆွဲပြီး ထုတ်ပြန်ခဲ့ပါကြောင်း။ ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လိုက်လျော်ညီထွေမှု ရှိစေရန် ထပ်မံပြင်ဆင်ရန် လိုအပ်သော ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်အက်ဥပဒေနှင့် ရုံးခွန်အက်ဥပဒေများ ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ အခွန်ဥပဒေမူကြမ်းများကို ပြည်ထောင်စု လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ဆွေးနွေးလျက်ရှိပါကြောင်း၊ တည်ဆဲခွန်ဥပဒေများကို ပြင်ဆင် ပြဋ္ဌာန်းခြင်းများ အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အသစ်ပြဋ္ဌာန်းရန် လိုအပ်သော ၂၀၁၄ ခုနှစ် အတွက် အခွန်အကောက်ဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း ယခုကျင်းပလျှက်ရှိသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း။

ပြုပြင်ပြောင်းလဲကျင့်သုံးနေသော အခွန်စနစ်နှင့်စပ်လျဉ်းပြီး ပြည်သူလူထုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက် အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် ၂၀၁၂ ခုနှစ်၊ မတ်လမှ စတင်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ နှစ်စဉ်ဇူလိုင်လ ဒုတိယပတ်ကို အခွန်ပညာပေး ရက်သတ္တပတ် အဖြစ် သတ်မှတ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ အလယ်တန်းကျောင်း ၅၃၄ ကျောင်း၊ ကျောင်းသားပေါင်း ၂၀၉၅၄၀ ကို အခွန်ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ အခြေခံပညာအဆင့် အခွန်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးပြီး ဆုရသူများကို နိုင်ငံပိုင် သတင်းစာများမှာ ကြေ ညာပေး ခြင်းနှင့် ဆုချီးမြှင့်ပေးခြင်း၊ အခွန်ဆိုင်ရာဂျာနယ်ဖြစ်သော Revenue Journal ကို နှစ်ပတ်တစ်ကြိမ် ထုတ်ဝေခြင်း၊ အခွန်အခြေခံ ကာတွန်းစာအုပ်များ ထုတ်ဝေခြင်း၊ လက်ကမ်းစာစောင်များ ထုတ်ဝေခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့၏ သင်တန်းများတွင် ဌာနမှ ကျွမ်းကျင်သူများက အခွန်ဘာသာရပ် သင်ခန်းစာပို့ချခြင်း၊ စီးပွားရေးနှင့် သက်ဆိုင်သော အစိုးရဌာနများမှ အခွန်ဥပဒေပြဋ္ဌာန်းချက်များကို သင်ခန်းစာ ပို့ချမှုများအတွက် နည်းပြများ စေလွှတ်ပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိသည့်အပြင် အခါအားလျော်စွာ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းနှင့် ကြေး မုံနေ့စဉ် သတင်းစာများတွင် ပြည်သူများသိသင့်သည်များကို ထည့်သွင်းကြေညာ ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် UMFCCI အသင်းရုံးခန်းမတွင် အသင်းဝင် လုပ်ငန်းရှင်များကို ပြောင်းလဲလျက်ရှိသော အခွန်စည်းစနစ်နှင့် လုပ်ထုံးလုပ်နည်းများကို အခါအားလျော်စွာ ရှင်းလင်းဆွေးနွေးပွဲ များပြုလုပ်လျက်ရှိ ပါကြောင်း၊ ပြည်နယ်/တိုင်းဒေ သကြီးများနှင့် မြို့နယ်အခွန်ဦးစီးရုံးများ မှာလည်း လုပ်ငန်းတူရာလုပ်ငန်းရှင်များကို ဖိတ်ကြားပြီး အခွန်ရှင်းလင်း ပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ မြို့နယ် အခွန်ဦးစီးမှူးရုံးများမှာ လည်း ပြည်သူ့ဆက်ဆံရေးဌာန စိတ်များကို ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုမှ သိရှိလိုသော အချက်များကို နေ့စဉ်ဖြေကြားပေးလျက်ရှိပါကြောင်း။

ပြည်တွင်းပြည်ပမှာရှိ ရင်းနှီးမြှုပ်နှံလိုသူများနှင့် အခွန်ကောက်ခံမှုစနစ် အခွန်ဥပဒေများနှင့် ပတ်သက်ပြီး သိလိုသူ များကို ပွင့်လင်းမြင်သာစွာ သိရှိလာဖို့အတွက် အခွန်ဆိုင်ရာ ဝန်ဆောင်မှု ရုံးများကိုလည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှာ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါရုံးများကို ဦးစီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိပြီး အခွန်စနစ်ကို သိရှိလိုသူများကိုသာမက အခွန်ဆိုင်ရာကိစ္စရပ်များကို ကျေလည်မှုမရှိသူများ၏ တိုင်ကြား ချက်၊ သတင်းပေးချက်များကိုပါ လက်ခံပြီး ဖြေရှင်းပေးခြင်း၊ တိုင်ကြားမှုများအပေါ်မှာ မည်သို့ ဆောင် ရွက်ပြီး ဖြစ်ကြောင်း တိုင်ကြားသူထံသို့ ပြန်ကြားပေးခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း။

ထို့အပြင် ကျွန်တော်တို့ ပြည်တွင်းအခွန်များဦးစီးဌာန၏ Internet Website ဖြစ်သော www.irdmyanma r.gov.mm မှာလည်း ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနှင့် အမိန့်ကြော်ငြာစာများ အပါအဝင် အခွန်ထမ်းများ သိရှိရန်လို အပ်သော အချက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါကြောင်း။

၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်တွင် အခွန်အများဆုံးပေးဆောင်ခဲ့သော ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း ကြီးများ ၁၀၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်မှာ အခွန်အများဆုံးပေး ဆောင်ခဲ့သော ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်းကြီးများ ၅၀၀ စာရင်းကို နိုင်ငံပိုင် သတင်းစာများ တွင် ၁၄-၉-၂၀၁၃ ရက်နေ့က တိုးမြှင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် အခွန်အများ ဆုံးပေးဆောင်သော အခွန်ထမ်းများစာရင်း ဖော်ပြတဲ့အချိန်တွင် အခွန်ငွေပမာဏကို ကိန်းဂဏန်း အပိုင်း အခြားနှင့် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း။

မြန်မာတစ်နိုင်ငံလုံးရှိ ဝင်ငွေခွန် အခွန်ထမ်း ၄၆၂၈၀၄ ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း ၂၀၉၁၃၆ ဦး ရှိသည့်အနက် အခွန်အများဆုံးပေး ဆောင်သောလုပ်ငန်းရှင် ၅၀၀ ဦးဆီကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ တစ်နိုင်ငံလုံးရှိ လုပ်ငန်း ရှင်များမှ ကြိုတင်ခွန်ပေးဆောင်ခဲ့ခြင်း၊ ဝင်ငွေခွန်ကြေညာလွှာ အချိန်မီတင် သွင်းခဲ့ခြင်း၊ နောက်ဆုံး စည်းကြပ်နှစ်အထိ စည်းကြပ်မှုပြီးစီးခဲ့ခြင်းနှင့် နှစ်အဆက်ဆက် အခွန်ကြွေးကျန် မရှိသူများကိုသာ အခွန်အများဆုံး ပေးဆောင်သူများစာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွန် ထမ်းလုပ်ငန်းရှင်ဖြစ်သော်လည်း အထက်ပါအချက် လေးချက်နှင့် မကိုက်ညီပါက ဤစာရင်းတွင် ပါ ဝင်နိုင်ခြင်းမရှိပါကြောင်း၊ နောင်နှစ်များတွင် မြို့နယ်တစ်ခုချင်းအလိုက် အခွန်ထမ်းစာရင်းများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကြေညာသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်လွတ်ကင်းမှု၊ အခွန် တိမ်းရှောင်မှု များမရှိစေရေး အတွက်လည်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် စီးပွားရေးလုပ်ငန်းများ စာရင်းကို ကောက်ယူပြီး အခွန် ထမ်းမှတ်ပုံတင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိပါကြောင်း အခွန်ပေးဆောင် ထိုက်သော ဝင်ငွေရှိ လုပ်ငန်းရှင်များကို ရှာဖွေဖော်ထုတ်ပြီး လုပ်ငန်းလုပ်ကိုင်ခဲ့သော နှစ်များအတွင်းရရှိခဲ့သော ဝင်ငွေများ အပေါ် ပြန်လည်စည်းကြပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် တည်ဆဲဥပဒေများနှင့်အညီ ဒဏ်ရိုက်ခြင်းနှင့် လိုအပ်ပါက ရာဇဝတ်ကြောင်းအရပါ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အခွန်ထမ်းပြည်သူများကို ဖြန့်ဝေပေးသော ပြည်တွင်းအခွန်များဦးစီးဌာန၏ နှစ်ပတ်လည်သဝဏ်လွှာနှင့် လက်ကမ်း စာစောင်များတွင် နှစ်စဉ်အခွန် အရပ်ရပ် ကောက်ခံရရှိမှုများကို ကိန်းဂဏန်းများ၊ ဂရပ်ပုံများနှင့် အသိပေးကြေ ညာလျက်ရှိပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နောင်နှစ်များတွင် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်အခွန်အရပ်ရပ် ကောက်ခံရရှိမှုနှင့် ဆက်စပ်သော လုပ်ငန်းကဏ္ဍအလိုက် ဖော်ဆောင်မည့်စီမံကိန်းများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာနအနေဖြင့် နှစ်စဉ်စီမံကိန်းဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းလျက်ရှိ ပါကြောင်း၊ ပြည် တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ အခွန် အရပ်ရပ်ကောက်ခံရရှိမှုမှာ ကျပ် ၃၃၇၄.၈ ဘီလီယံဖြစ်ပြီးတော့မှ Tax to GDP Ratio မှာ ၆.၅၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် မူလလျာထားချက်အရ အခွန်အရပ်ရပ် ကောက်ခံရရှိမှုမျာ ကျပ် ၃၅၈၇.၉ ဘီလီယံဖြစ်ပြီးတော့ Tax to GDP Ratio ဟာ ၆.၀၆ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် မူလလျာထားချက်အရ အခွန် အရပ်ရပ်ကောက်ခံရရှိမှု ကျပ် ၄၈၉၀.၅ ဘီလီယံနှင့်  Tax to GDP Ratio မှာ ၇.၃၉ ရာခိုင်နှုန်းဖြစ်ပြီး အဆိုပါ လျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကြိုးစားကောက်ခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေ ကြားပါသည်။