နိုင်ငံတကာမှ ငွေကြေးထောက်ပံ့သည့်အဖွဲ့အစည်းများ၊ ချေးငွေပံ့ပိုး သည့်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံများကို အကူအညီပေးရာတွင် အစိုးရအဆင့် State Level၊ ဌာနလိုက်အဆင့် Section Level ဟူ၍ အဆင့်နှစ်မျိုးဖြင့် ပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတကာထောက်ပံ့ငွေများကို များသောအားဖြင့် လုပ်ငန်းနယ်ပယ် အလွှာလိုက် ခွဲဝေသုံးစွဲလျက်ရှိရာမှာ အများဆုံးသုံးစွဲသောအလွှာများမှာ အစိုးရဘတ်ဂျက် လိုငွေ အတွက်ကြား ဒဏ်ပေးရခြင်း၊ သုတေသနနှင့်နည်းပညာပိုင်းဆိုင်ရာဖြင့်ပံ့ပိုးသုံးစွဲရခြင်း၊ ဝန်ကြီးဌာန အလိုက်ရူဝို စီမံကိန်းများတွင်သုံးစွဲရခြင်းနှင့် လူသားအရင်းစာနစွမ်းမှုအတွက် သုံးစွဲပေးရခြင်းတို့ ဖြစ်သည်ကို သိရှိရပါကြောင်း၊ ထောက်ပံ့ငွေအမြောက်အများရရှိတိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပြည့် အဝမရနိုင်ကြောင်းကိုလည်း နိုင်ငံတကာဖြစ်စဉ်များအရလည်း လေ့လာသိရှိရပါကြောင်း၊ ယနေ့တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအပြောင်းအလဲကို အသိအမှတ်ပြုသောအားဖြင့် ထောက်ပံ့ငွေများ၊ ချေးငွေများ လက်ခံရရှိနေရာ ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိသည်ကို သိရှိရပြီး ထိုကဲ့သို့ နိုင်ငံတကာထောက်ပံ့ငွေများ၊ ချေးငွေများရယူခြင်းကို လိုလားပါသော်လည်း ထိုငွေများ၏ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးများကို ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ အထူးသဖြင့် ထောက်ပံ့ငွေချေးငွေများရယူခြင်းထက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာအောင် ဦးစားပေးစီမံ ဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြလိုပါကြောင်း၊ မိမိအနေဖြင့် အခြေခံအဆောက်အဦ လိုအပ်ချက်များကို လျှင်မြန်စွာပြုပြင် ပေးနိုင်မည့်အစီအမံရှိ/မရှိ၊ ထောက်ပံ့ငွေများအပေါ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်သည် ပြည်သူလူထု၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုအပြည့်အဝ ရရှိအောင် ချိတ်ဆက်စီမံပေး နိုင်ခြင်းရှိ/မရှိ၊ နိုင်ငံတကာထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက်ခွဲဝေသုံးစွဲရာတွင် လေလွင့် ဆုံးရှုံးမှု အသုံးစရိတ်များမဖြစ်ပေါ်စေရေးအတွက် ပြန်လည်စိစစ်ကြပ်မတ်နိုင်ခြင်း ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်းပြန်လည်း မေးမြန်းပါသည်။
နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု မူဝါဒအရ ဦးစားပေးကဏ္ဍများ ဖော်ထုတ်ပြီး နိုင်ငံခြားအကူအညီအထောက်အပံ့တွေကို ဖွံ့ဖြိုးမှုစီမံချက်များအနေဖြင့် ဆောင်ရွက်သည့်အခါတွင် ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ဦးစားပေးလုပ်ငန်းစဉ် ခုနစ်ရပ်ဖြစ်သော လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ပေးအပ်နေသော အလှူရှင်နိုင်ငံ ၂၂ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၅ ဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ၁၈ ဖွဲ့၊ INGO ၁၄၈ အဖွဲ့မျးက ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်များကို နိုင်ငံတော်ကို တိုက်ရိုက်သော်လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ INGOs များကိုသောလည်းကောင်း ရန်ပုံငွေထည့်ဝင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအစိုးရတာဝန်ယူပြီးနောက်ပိုင်း ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ ဒီဇင်ဘာလကုန်ထိ ဝန်ကြီးဌာနတွေက ရရှိသောစာရင်းအရ အကူအညီအထောက်အပံ့လုပ်ငန်းစီမံချက် ၅၆၂ ခုကို အမေရိကန်ဒေါ်လာ ၂၉၅၄.၄၂၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီးတော့ ရရှိပြီးပမာဏက အမေရိကန်ဒေါ်လာ ၁၄၇၁.၃၂၇ သန်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ၃၀၊ ဗဟိုအဖွဲ့အစည်း နှစ်ခု၊ မန္တလေး စည်ပင်တို့၏ လုပ်ငန်းစီမံချက် ၅၆၂ ခုအနက် လုပ်ငန်း စီမံချက် ၁၆၀ ကို အမေရိကန် ဒေါ်လာ ၂၄၉.၅၅ သန်းနှင့် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီး လုပ်ငန်းစီမံချက် ၄၀၂ ခုကို အမေရိကန်ဒေါ်လာ ၂၇၀၄.၃၂၇ သန်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ငွေကြေးအကူအညီထက် နည်းပညာအကူအညီများ ပိုမိုများပြားပါကြောင်း။
ကဏ္ဍအလိုက် နိုင်ငံခြားအကူအညီအထောက်အပံ့များကို ဖော်ပြရမည်ဆိုပါက ဆောက်လုပ်ရေးကဏ္ဍ ၁၈ ရာခိုင်နှုန်း၊ ပညာရေး ၁၅ ရာခိုင်နှုန်း၊ ကျန်းမာရေး ၁၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ၉ ရာခိုင်နှုန်း၊ အသက်မွေးဝမ်းကျောင်း ၉ ရာခိုင်နှုန်း၊ လူမှုရေး ၈ ရာခိုင်နှုန်း၊ ဆက်သွယ်ရေး ၆ ရာခိုင်နှုန်း၊ ပို့ဆောင်ရေး ၆ ရာခိုင်နှုန်း၊ လျှပ်စစ်နှင့် သဘာဝဘေးအန္တရာယ် လေးရာခိုင်နှုန်း၊ စာရင်းအင်း၊ မွေးမြူရေး၊ ငွေကြေး နှင့် အားကစားတို့မှ နှစ်ရာခိုင်နှုန်း၊ စွမ်းအင်နှင့် ရေရရှိရေး တစ်ရာခိုင်နှုန်းတို့ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ် ကဏ္ဍမှလွဲပြီး ကျန်ဦးစားပေးများလုပ်ငန်းများမှာ ကိုက်ညီမှုရှိပါကြောင်း။
ချေးငွေရယူမှုမှာတော့ အကူအညီအထောက်အပံ့များနှင့် မတူဘဲ ပေးသူနှင့် ယူသူများသည် လုပ်ထုံးလုပ်နည်များ၊ ညှိနှိုင်းဆောင်ရွက်မှုများ ရှိသည့်အတွက် အချိန်ယူရပါကြောင်း၊ ယခင်အစိုးရ လက်ထက်က စတင်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင် ရရှိသောချေးငွေနှင့် ယခုအစိုးရလက်ထက်တွင် ဆောင်ရွက်ပြီး ရရှိသော ချေးငွေစုစုပေါင်းသည် အမေရိကန် ဒေါ်လာသန်းပေါင်း ၄၄၆၁.၄၃၇ ရှိပြီး စွမ်းအင်၊ စက်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးစသည့် အခြေခံအဆောက် အဦများဖြည့်ဆည်းရေးတွင် အဓိက သုံးစွဲနေပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် စီမံချက် ၂၆ ခုအတွက် ချေးငွေ ပေါင်း အမေရိကန်ဒေါ်လာ ၃၈၅၂.၉၂၈ သန်းချေးယူရန် ညှိနှိုင်းထားသည့်အနက် ကန်ဒေါ်လာ သန်း ၁၅၀.၇၃၄ သန်း ရရှိပြီးဖြစ်ပါကြောင်း။
ထို့ကြောင့် လွှတ်တော်က အတည်ပြုပြီး ကဏ္ဍအလိုက်၊ ဝန်ကြီးဌာနအလိုက် ချေးငွေစာချုပ်များချုပ်ဆိုရေးနှင့် ချေးငွေရရှိရေးအတွက် ဆောင်ရွက်နေကြသောလုပ်ငန်းများအရ ချေးငွေရရှိမည်ဆိုပါက ဦးစားပေးအခြေခံ အဆောက်အဦလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
နောက်ထောက်ပံ့ငွေများနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားအပေါ်မှာ သက်ရောက်မှု အပြည့်အဝရရှိအောင် ချိတ်ဆက်စီမံနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကနေပြီးတော့ ဥက္ကဋ္ဌအဖြစ် ဦးဆောင် သော နိုင်ငံခြားအကူအညီအထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ မူဝါဒ ဆိုင်ရာများချမှတ်ပြီး သမ္မတရုံးဝန်ကြီးဌာန-၃၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဗဟိုကော်မတီမှချမှတ်ပေးသော မူဝါဒနှင့် မဟာဗျူဟာတွေကို အကောင်အထည်ဖော်ရာတွင် အဆင့်မြင့် ကြီးကြပ်မှုများဆောင်ရွက် ပေးပါကြောင်း။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများကြားတွင် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် အဆိုပါကော်မတီနှစ်ရပ်၏ အတွင်းရေးမှူးရုံးအနေဖြင့် ဆောင်ရွက်ပြီး တစ်နိုင်ငံချင်း Bilateral အလိုက်သော်လည်းကောင်း၊ နိုင်ငံတကာ Multilateral အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်တွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ခြင်းနှင့် အမျိုးသားဦးစားပေးအစီအစဉ်တွေ၊ မဟာဗျူဟာများနှင့် အကူအညီအရင်းအမြစ်များ သဟဇာတဖြစ်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ထပ်မံ၍ နိုင်ငံတကာထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက် ခွဲဝေသုံးစွဲရာတွင် ဆုံးရှုံးမှုအသုံးစရိတ်များ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ရာတွင် စီမံကိန်းများနှင့် စပ်လျဉ်းသော အခြေအနေများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ အကဲဖြတ်ခြင်းများကိုဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်သည့် ဝန်ကြီးဌာနများတွင် စီမံကိန်းကြီးကြပ်ရေးယူနစ်များကို ထားရှိပြီး လစဉ်စီမံကိန်းပြီးစီး အကောင်အထည်ဖော်မှုအခြေအနေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို မိတ္တူပေးပို့၍ အစိုးရ အဖွဲ့ရုံးကို ပုံမှန်တင်ပြလျက်ရှိပါကြောင်း။
အဆိုပါစီမံချက်များနှင့် စပ်လျဉ်းပြီး နိုင်ငံတကာက ပံ့ပိုးသော အကူအညီ၊ အထောက်အပံ့များ ထိရောက် စေရန်နှင့် မိမိတို့၏ ဦးစားပေးလုပ်ငန်းများ ကိုက်ညီစေရန်အတွက် အကူအညီ အထောက်အပံ့များဆိုင်ရာ သတင်းအချက်အလက်စနစ်ကို ထူထောင်ထားရှိပြီး အကူအညီအထောက်အပံ့ပေးသော ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဝန်ကြီးဌာနများကပေးပို့သည့် စီမံကိန်းအကောင်အထည် ဖော်မှုဆိုင်ရာ သတင်းအချက်အလက်များကို တိုက်ဆိုင်စိစစ်လျက်ရှိကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သောအကူအညီများနှင့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသော သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အကူအညီပေးအပ်သောနိုင်ငံအဖွဲ့အစည်းများ၏ ပူးပေါင်းကြီးကြပ်ကွပ်ကဲမှုနဲ့ ဆီလျော်မှုရှိစေရန်၊ ထိရောက်ပြီး စွမ်းဆောင်မှုမြင့်မားစေရန်၊ အကျိုးသက်ရောက်မှုနဲ့ ရေရှည်တည်တံ့မှုရှိစေရန် အတွက် အကောင်အထည်ဖော်မှုများကို စောင့်ကြပ်ကြည့်ရှု အကဲဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သော အကူအညီများဖြင့် နိုင်ငံ၏တိုးတက်မှု၊ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအကူအညီ အထောက်အပံ့များကိုလည်း အထိရောက်ဆုံးအကျိုးရှိစွာ ဆောင်ရွက်စေခြင်းအားဖြင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
