မိမိမဲဆန္ဒနယ်တွင် ကင်ဆာဝေဒနာခံစားနေရသော လူနာကို သတင်းမေးရာတွင် ဓာတ်ရောင်ခြည်ကုသမှုခံယူရမည့် အခြေအနေဖြစ်ပါကြောင်း၊ ထိုသို့ ဓာတ်ရောင်ခြည် ကုသမည်ဆိုပါက ရန်ကုန်တွင် (၄) လခန့်၊ မန္တလေးတွင် (၃) လခန့်၊ တောင်ကြီးတွင် (၁) လခွဲခန့် ကြာမည်ဟု ကြားသိရပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလတွင် သတင်းစာထဲ၌ နေပြည်တော်ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ကုသစက်တစ်လုံး တပ်ဆင်မည်ဟု ဖတ်ရှုခဲ့ပါကြောင်း၊ ထို့ကြောင့် ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူမည်ဆိုပါက စောင့်ခိုင်းရမည့်ကာလမှာ အနည်းဆုံး (၁) လခွဲမှ (၄) လခန့်ကြာသည်ဆိုသည်မှာ မှန်ကန်မှုရှိ/မရှိနှင့် မှန်ကန်သည်ဆိုပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ၂၀၁၄ ခုနှစ် မေလတွင် ဓာတ်ရောင်ခြည်တပ်ဆင်ခြင်းဖြင့် မည်သည့် အတိုင်းအတာထိ အကျိုးပြုနိုင်မည်နှင့် ဓာတ်ရောင်ခြည်ကုသမှုဖြင့် ပိုမိုထိရောက်စွာကုသနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများရှိပါက မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ကင်ဆာဝေဒနာရှင်များ ဓာတ်ရောင်ခြည်နှင့် ကုသမည်ဆိုပါက အလှည့်ကျကို (၁) လခွဲမှ (၄)လခွဲကြာသည်ဆိုသည်မှာ ယေဘုယျအားဖြင့် မှန်ကန်သော်လည်း ကင်ဆာဆိုတာမှာ အမျိုးအစားအမျိုးမျိုး ရှိသည့်အတွက် တချို့သောအမျိုးအစားများ၊ အဖြစ်များသော အမျိုးအစားများတွင် ကြာနိုင်ပါကြောင်း၊ စက်အမျိုးမျိုးရှိသည့်အတွက် တချို့သော စက်များသည် တချို့သောကင်ဆာများအတွက် ပိုမိုသင့်တော်သည့်အတွက် ကြာသည်များရှိတက်ပါကြောင်း၊
ထို့ကြောင့် လူနာများ ယခုကဲ့သို့ အချိန်ကြာမြင့်စွာစောင့်ရသည်ဆိုသည်မျာ (၁) လူနာဝေဒနာရှင်များတိုးချဲ့ တိုးတက်များပြားလာခြင်း၊ (၂) စက်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ (၃) ပညာရှင်ပိုင်းဆိုင်ရာကိစ္စရပ်များကြောင့် ဖြစ်ပါကြောင်း၊ လူဦးရေတိုးပွားလာသည်နှင့်အမျှ ဆေးလိပ်သောက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းများနှင့် ပတ်သက်နေပြီး အသဲရောင်ဘီပိုး၊ စီပိုးများလာခြင်းမှ အသဲကင်ဆာများခြင်း၊ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာများ ဖြစ်လာပါကြောင်း၊ ယခုကဲ့သို့ ရောဂါများ များပြားလာခြင်းများကြောင့် ရောဂါပိုမိုရှာဖွေနိုင်စွမ်းရှိလာပါကြောင်း၊ ယခင်က ကင်ဆာကို ရောဂါသတ်မှတ်ပေးနိုင်သော၊ ရှာနိုင်သော နည်းပညာနှင့် ပညာရှင်များ၊ စက်ပစ္စည်းများက ရန်ကုန်၊ မန္တလေးတွင်သာ ရှိသော်လည်း ယခုအချိန်တွင် ရောဂါဗေဒပညာရှင်များကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးမားသာမက ခရိုင်မြို့ကြီးများတွင်ပါ ပို့နိုင်သောအဆင့်ရှိပါကြောင်း၊ ကင်ဆာကို ဓာတ်ခွဲခန်း၊ CT စက်မျိုးကို အနှစ် ၃၀ ဆယ်အကြာတွင် တိုင်းမြို့ကြီးများသာမက တချို့ခရိုင်မြို့ကြီးများတွင် စတင်တပ်ဆင်နေပြီ ဖြစ်ပါကြောင်း၊ စက်များကို မိမိတို့ နိုင်ငံတွင် သုံးနေသော စက်များရောက်ရှိလာချိန်တွင် အပြင်ကနေရောင်ခြည်ပေးခြင်းနှင့် အထဲက ဓာတ်ရောင်ခြည်ထွက်သော ကိရိယာများကို အသားတွင်းမှာ အင်္ဂါအစိတ်အပိုင်းအတွင်း မြှုပ်နှံ၍ကုခြင်းဟူ၍ (၂) မျိုးရှိပါကြောင်း၊ ဓာတ်ရောင်ခြည်ပေးသောစက်များတွင် အပြင်ကပေးသောစက်များမှာ လက်ရှိသုံးနေသောစက်သည် ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဓာတ်ရောင်ခြည်စက် (Cobalt 60) ဖြစ်ပါကြောင်း၊ Cobalt 60 စက်က ၁၉၅၀ ခုနှစ်များက စတင် ပေါ်ပေါက်ခဲ့ပြီး Cobalt Source ရှိပါကြောင်း၊ ဓာတ်ရောင်ခြည်ထွက်သည့်ဘက်က Source ရှိပါကြောင်း၊ သက်တမ်း ၅ နှစ်ကြာသွားပါက သက်တမ်းစွမ်းအားက လျော့သွားပါကြောင်း၊ ထိုအခါ Source အသစ်ကို လဲရပြီး စက်ကအဟောင်းဖြစ်သည်အတွက် Radio Active Source ကို ဝယ်မည်ဆိုပါက နိုင်ငံတကာကန့်သတ်ချက်များ များစွာရှိပါကြောင်း၊ Radio Active Source ကြီးကို ရောင်းသည့် ကုမ္ပဏီများက Canada တစ်ခုခန့်သာ စိစစ်ရည်သည့်အတွက် အချိန်ကြာပါကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်က မှာထားသော စက်နှစ်လုံးသည် မိမိတို့ရောက်ရှိလာသည့်အတွက် စက်ကိုပြောင်းပြီး ဝယ်ပါကြောင်း၊ လက်ရှိရောင်းတန်းတွင်ရှိနေသည်မှာ Cobalt 60 ဟုမခေါ်ဘဲ Linear Accelerator ဟုခေါ်ပြီး အဆင့်ပိုမြင့်ပြီး ပိုမိုကောင်းကာ ဘေးပတ်ဝန်းကျင်ကို သက်ရောက်မှုလည်းနည်းပါကြောင်း။
ပြောင်းပြီးဝယ်ယူရသည့်အတွက် ယခုအချိန်တွင် ရန်ကုန်တွင် တစ်လုံး၊ မန္တလေးတွင် တစ်လုံး တပ်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ထို့နောက် ထပ်နှစ်လုံးကိုဝယ်ပြီး နေပြည်တော်တွင် တစ်လုံး၊ ရန်ကုန်တွင် တစ်လုံး ထက်မံတပ်နေပါကြောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ၁၂-၈-၂၀၁၃ နေ့ကတပ်ဆင်ထားသော်လည်း ချို့ယွင်းမှု အနည်းငယ်ရှိသည့်အတွက် စက်ကိုပြန်လည်ပြင်ဆင်ပြီး ၇-၇-၂၀၁၄ နေ့က ပြန်လည်အသုံးပြုနေပြီဖြစ်ပါကြောင်း၊
ထို့ကြောင့် ဝေဒနာရှင်များ များပြားလာခြင်းကို တားဆီး၍ ရမည်မဟုတ်သော်လည်း ကင်ဆာကာကွယ်ခြင်းကို လုပ်၍ရပါကြောင်း၊ အသားဝါဘီပိုးနှင့်ဆိုင်သော ကာကွယ်ဆေးထိုးခြင်း၊ Human Development Virus နှင့်ဆိုင်သော ကာကွယ်ဆေးထိုးခြင်း၊ ဆေးလိပ်များလျော့သောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအပြုအမူကိစ္စများ ထိန်းသိမ်းခြင်းနှင့် အထိရောက်ဆုံးကုသရန် စက်ပိုင်းဆိုင်ရာ၊ လူပိုင်းဆိုင်ရာကို လေ့ကျင့်ဖြည့်ဆည်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
