နိုင်ငံတော်အစိုးရသည်ဂရန်ကြီးများအား လေလံတင်ရောင်းချခြင်းနှင့် ကြေးတိုင် စိုက်လုပ်ကောင်ခွင့်များ ဆောင် ရွက်လျက်ရှိသည်ဟု ကြားသိရသော်လည်း ၂၀၁၄-၂၀၁၅ ခုနှစ် အတွက် ထန်းတပင်မြို့နယ်အတွင်းရှိ ဂရန်ကြီးများအား လေလံတင်ရောင်းချရာတွင် လေလံ ကြော်ငြာ၌ Star ပြ၍ လေလံဆွဲယူခွင့်မလိုဘဲ ဂရန်အင်း ၁၉ အင်းအား ကုမ္ပဏီတစ်ခုစီ၏ အမည်ပေါက်ဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ပါကြောင်း၊ အဆိုပါ ကုမ္ပဏီသည် ရရှိသောဂရန်အင်းများအား အမြတ် တင်ရောင်းစားပါကြောင်း၊ ဂရန်အင်းများ၏ ပတ်ဝန်းကျင်တွင် ရှိသော တောင်သူလယ်သမားများနှင့် ရေထိန်းရေးကိစ္စများတွင် အင်းသမားနှင့် လယ်သမားများ အငြင်းပွားမှုနှင့် မပြေလည်မှုများရှိနေပါကြောင်း။ တောင်သူလယ်သမားများသည် ဂရန် အင်းများအား သတ်မှတ်ကြမ်းခင်း ဈေးဖြင့် အပြိုင်ဝယ်လိုကြောင်း ဆောက်လုပ်ခွင့်မရ၍တင်ပြလာ ခြင်းအပေါ် တောင်သူလယ်သမားများ အကျိုးငှာ မေးမြန်းခြင်းဖြစ်ပါကြောင်း၊
(၁) ကုမ္ပဏီသည် နိုင်ငံပိုင်အင်းများအား လေလံစည်းကမ်းအရ အင်းလေလံအပြိုင် ဆွဲဝယ်ခြင်းမရှိဘဲ၊ ကြေးတိုင်စိုက်ခွင့်ပြုချက်မရှိဘဲ၊ ကုမ္ပဏီအမည်ဖြင့် တိုက်ရိုက်အင်းရယူသော အထူး အခွင့်အရေး ဆောင်ရွက်ခွင့်ရှိ၊မရှိ။
(၂) ကုမ္ပဏီသည် အင်းလေလံအပြိုင်ဆွဲဝယ်ခြင်း မရှိဘဲ တိုက်ရိုက်အမည်ပေါက်ရယူခြင်းနှင့် အမြတ်ယူ အင်းချခြင်းသည် ဥပဒေအရလည်းကောင်း၊ လေလံစည်းကမ်းအရလည်းကောင်း ညီညွတ်မှုရှိ/မရှိ။
(၃) ကော့ကရက်အင်း၊ စွန်ပကအင်း၊ ကုန်းအင်း၊ တူးချောင်းရိုးအင်းပတ်ဝန်းကျင်ရှိ တောင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်သော စပါး စိုက်ခင်းများ အောင်ရေအခက်အခဲရှိသဖြင့် ပြဿနာပေါ်ပေါက်သူကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊
(၄) အထက်ပါအင်းများအား စပါးစိုက်တောင်သူများ အောင်ရေအခက်အခဲမရှိစေရန် သတ် မှတ်ထားသော ကြမ်းခင်းဈေးဖြင့် အင်းလေလံဆွဲဝယ်ခွင့် ဦးစားပေးဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိ/မရှိ၊
(၅) အင်းလုပ်ကိုင်သူများကြောင့် စပါးစိုက်ခင်း ဆုံးရှုံးနစ်နာမှုများ မည်သူ့တွင်တာဝန်ရှိပြီး မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်နည်းတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
(ဂ)-နိုင်ငံပိုင်အင်းများအား လေလံအပြိုင် ဆွဲယူခြင်းမပြုဘဲ ကုမ္မဏီအမည်ဖြင့် တိုက်ရိုက်လုပ်ပိုင်ခွင့် ပြုခြင်း၊ အမြတ်ယူအင်းချ ထားခြင်း သည် လေလံစည်းကမ်းနှင့် ညီညွတ်မှုရှိ၊ မရှိနှင့် အင်းလုပ်ကိုင်သူများကြောင့် စပါးစိုက်ခင်း များ ဆုံးရှုံးနစ်နာမှုအား မည်သို့စီမံပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ဒဂုံကုမ္ပဏီဟာ နိုင်ငံပိုင်အင်းများကို လေလံစည်းကမ်းအရ၊ အင်းလေလ့အပြိုင်ဆွဲယူ ခြင်းမရှိဘဲ၊ ကြေးတိုင် စိုက်ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီအမည်ဖြင့် တိုက်ရိုက်အင်းရယူသော အထူးအခွင့်အရေး ဆောင်ရွက်ခွင့် ရှိပါသလားဟူသော မေးခွန်းနှင့်ပတ်သက်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နိုင်ငံတော်စီမံ ချက်ဖြင့် ဖော်ထုတ်ဆောင်ရွက် ခဲ့သော ရေကြီးကွင်း/ ရေနက် ကွင်းများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေအောက် ရတနာ မြေများ ဖော်ထုတ်ရေး စီမံကိန်းကို ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ချထားပေးပါကြောင်း၊ ထိုသို့ချထားပေးခဲ့ရာတွင် မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ ရက်စွဲပါစာဖြင့် ဒဂုံကုမ္ပဏီ သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဘောလည်ကျွန်းတွင် ၅၂၀၀ ဧကနှင့် အိုင်ကလောင် ကျွန်းတွင် ၉၁၀၀ ဧက စုစုပေါင်း ၁၄၃၀၀ ဧကခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရဲ့ ၉-၇-၂၀၁၀ ရက်စွဲပါစာအမှတ်၊ ၂၈၃/၃-၃/တယက ဖြင့် လ/န-၃၉ ခွင့်ပြုမိန့် ၂၃၅ ဧက ခွင့်ပြုချထားပေးခဲ့ပါကြောင်း။
စီမံကိန်းကုမ္ပဏီများသို့ ခွင့်ပြုချထားပေးခဲ့ သော ဧရိယာများတွင် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ နှစ်စဉ် အင်းလေလံခွန်ကောက်ခံလျက်ရှိ သော ဂရန်အင်း ၂၁ လုံး ပါရှိခဲ့ပါသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် အင်းလုပ်ငန်း၊ ကုမ္ပဏီနှင့် ရေလုပ်သားများ အကြား မလိုလားအပ်သည့် ပြဿနာများ၊ လူမှုရေးပဋိပက္ခများ မဖြစ်ပေါ်စေရေး ရည်ရွယ်ပြီး နှစ်စဉ် အစိုးရအဖွဲ့၏ အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ရက်စွဲပါဥပဒေအမှတ်-၁/၉၁ ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၂၀ တွင် ဤဥပဒေအရ ဝန်ကြီးသည် နိုင်ငံတော်၏ အကျိုးငှာလိုအပ်လျှင် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်နှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်ကြောင်း၊
အငှားဂရန် သို့မဟုတ် တင်ဒါလိုင်စင်ဖြင့် ရေချိုးငါးလုပ်ငန်းရေပြင်တစ်ခုခုတွင် ငါးလုပ်ငန်း လုပ်ကိုင်ရန်ခွင့်ပြုခြင်းဟု ပြဋ္ဌာန်းချက်အရ အဆိုပါအင်း ၂၁ အင်းကို သက်ဆိုင်ရာကုမ္ပဏီများသို့ တပေါင်းတည်း ဆက်စပ် စီမံလုပ်ကိုင်နိုင်ရန် ခွင့်ပြုချထားပေးခဲ့ပြီး ဒဂုံကုမ္ပဏီသည် အင်း လေလံအပြိုင်ဆွဲဝယ်ခြင်းမရှိဘဲ တိုက်ရိုက်လုပ်ကိုင်ခွင့်ပြုခြင်းနှင့် အမြတ်ယူအင်းချထားခြင်းသည် ဥပဒေအရ၊ လေလံစည်းကမ်းချက်အရ ညီညွတ်မှုရှိ/မရှိဟူသော မေးခွန်းနှင့် ပတ်သက်ပြီး ဒဂုံကုမ္ပဏီ အား ၎င်းစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ရန်နှင့် ရေအောက်ရတနာများ ဖော်ထုတ်ရေးစီမံကိန်းအကောင် အထည်ဖော်ရန် ခွင့်ပြုချထားပေးသော ရေနက်ကွင်း ဧရိယာအတွင်း ကျရောက်ပါဝင်နေသော အင်း များအား ရေချိုငါးလုပ်ငန်းဥပဒေ ပါပြဋ္ဌာန်းချက် အတိုင်း ခွင့်ပြုချပေး ခဲ့ခြင်းဖြစ်ပြီး၊ ရေချိုငါး လုပ်ငန်း ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းရဲ့ ခွင့်ပြု ချက်ဖြင့် အခြားသူတစ်ဦးသို့ဖြစ်စေ၊ အများသို့ဖြစ်စေ၊ ငါး ဖမ်းဆီးခွင့်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ထပ်ဆင့် အငှားချထား နိုင်သည်ဆိုသည့်ဥပဒေပါ ဆောင်ရွက် ပိုင်ခွင့်အရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
ကော့်ကရက်အင်း၊ စွန်ပကအင်း၊ ကုန်းအင်းကြီးနဲ့ တူးချောင်းရိုးအင်းပတ်ဝန်းကျင်ရှိ တောင်သူ လယ်သမားများ စိုက်ပျိုးလုပ်ကိုင်တဲ့ စပါးစိုက်ခင်းများ အောင်ရေအခက်အခဲရှိကြသဖြင့် ပြဿနာ ပေါ်ပေါက်သည်ကို သိရှိပါသလားဟူသော မေးခွန်းနှင့် ပတ်သက်၍ ဒဂုံကုမ္ပဏီသည် ၎င်း၏ စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်ခွင့်ရ ဧရိယာထဲတွင်ပါဝင်တဲ့ အင်းများအနက် ကြူတောအင်းမ၊ အင်းကျန်အင်းမ၊ ပင်လယ်တိမ်အင်း၊ ကြာမန်းကြီးအင်း၊ လေးကဝိအင်း၊ အင်းကကနား၊ အင်းဂလွတ်အင်းတို့ကို ကြာမန်း ရွာနေ တောင်သူ ဦးမြင့်ကြိုင်တို့ကိုလည်းကောင်း၊ ကော့ကရောဂရက်အင်းကို ညောင်ဆိပ်ရွာနေ တောင်သူ ဦးဉာဏ်စိန်သို့လည်းကောင်း၊ စွန်ပကအဖျား အင်းကို တလိုင်မီရွာနေတောင်သူ ဦးပေါ်ကာ သို့လည်းကောင်း၊ ကြာမန်းလေးအင်းကို သလိပ်ကျေးရွာနေ တောင်သူ ဦးသန်းသို့လည်းကောင်း၊ ထောင်ရိုးအင်းအား သလိပ်ကျေးရွာနေ တောင်သူဦးသန်းအောင်သို့လည်းကောင်း တစ်ဆင့်အငှားချ လုပ်ကိုင်ခွင့်ပေးထားသဖြင့် စပါးစိုက်တောင်သူနှင့် အင်းလုပ်ငန်းကို ပြဿနာမပေါ်ပေါက်စေရး၊ စပါးအောင်ရေသုံးစွဲရေးကိစ္စ အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ခဲ့သဖြင့် နှစ်စဉ်တိုင်းတွင် တောင်သူနှင့်အင်းလုပ်ငန်းအကြား ပြဿနာကြီးကြီးမားမား ပေါ်ပေါက်ရှင်းလင်းခဲ့ရခြင်း မရှိခဲ့သော်လည်းပဲ ဤမေးခွန်းတွင်ဖော်ပြထားတဲ့ ကုန်းအင်းကြီးဆိုသည်မှာ ငါးလုပ်ငန်းဦးစီးဌာနတွင် တလိုင်မီ ကုန်းအင်းဟု အမည်ပေါက်ပြီး ဒဂုံကုမ္ပဏီသို့ ချထားပေးတဲ့ အင်းစာရင်းမှာမပါဝင်တဲ့ သီးခြား ကြေးတိုင်အင်းတွင် ၂၀၁၃-၂၀၁၄ အင်းလုပ်ငန်းရာသီအတွင်း အောင်ရေကိစ္စအတွက် လယ်သမား နှင့် အင်းသမားများ၊ ငါးလုပ်ငန်းဦးစီးဌာတာဝန်ရှိသူများ ကွင်းဆင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊
ဒေသခံတောင်သူလယ်သမားများကို နိုင်ငံတော်ကြမ်းခင်းဈေးဖြင့် လေလံဆွဲယူခွင့် ဦးစားပေး နိုင်ရန် အစီအစဉ်ရှိ/မရှိဟူသော မေးခွန်းနှင့် ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာနသည် လက်ရှိအစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဦးစီးဥပဒေပုဒ်မ ၄ အရ ဂရန်အင်းများကို ဈေးပြိုင်လေလံစနစ်ဖြင့် နှစ်စဉ်ရောင်းချပေးလျက်ရှိပြီး စီမံကိန်းလိုအပ်ချက်၊ နိုင်ငံတော်လိုအပ်ချက်များ အရသာလျှင် ကြမ်းခင်းဈေး အပေါ် သတ်မှတ်တိုးမြင့်ပေးသော အင်းခွန်ငွေဖြင့် ကုမ္ပဏီ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ လုပ်ကိုင်ခွင့်ချ ထားပေးခဲ့ပြီး စပါးစိုက်ပျိုးရေးနှင့် အင်းလုပ်ငန်းတို့ ပြဿနာမပေါ် ပေါက်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုး ရေးကြီးကြပ်ရေးကော်မတီ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ နှစ်စဉ်ကွင်းဆင်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
အင်းလုပ်ကိုင်သူများကြောင့် အောင်ရေမရရှိဘဲ စပါးစိုက်ခင်းများ ဆုံးရှုံးနစ်နာမှုအား မည်သူ တွင်တာဝန်ရှိပြီး မည်သို့စီမံဆောင်ရွက်ပေးနိုင်မည်နည်းဟူသော မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနသည် ဆက်စပ်ဌာနများဖြစ်တဲ့ ငါး လုပ်ငန်းဦးစီးဌာန၊ စိုက်ပျိးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့နှင့် ဒေသအုပ် ချုပ်ရေးအဖွဲ့များပါဝင်တဲ့ စိုက်တိုးမြှင့်အဖွဲ့များဖွဲ့စည်းကာ တောင်သူများရဲ့ လယ်ယာစိုက်ပျိုးရေး အတွက် ဥတုရာသီအမီ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် အင်းလုပ်ငန်း လုပ်ကိုင်သူများကြောင့် အောင်ရေမရရှိဘဲ စပါးစိုက်ခင်းများ ဆုံးရှုံးမှုမဖြစ်အောင် အောက်ဖော်ပြပါ အဖွဲ့များမှ မျှတပြေလည်သည်အထိ အချိန်နှင့်တပြေးညီ ကွင်းဆင်းဖြေရှင်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။
