မိမိတို့ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်တောင်သူများ များစွာအသက်မွေးဝမ်းကျောင်းပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးများတွင်လည်း များစွာ ဆောင်ရွက်နေ သည်ကို တွေ့ရှိရပါကြောင်း၊ မွန်ပြည်နယ်တွင် စိုက်ပျိုးမှုဧက ၄၇၀၀၆၆ ဧကရှိပြီး အစေးလှီး ဧက ၂၉၃၁၉၉ ဧကရှိပါသည့်အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ရော်ဘာဥယျာဉ်ခြံ အများအပြား ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာ အစေးလှီးသူ ၁၄၆၅၆၀ ဦးရှိသည်ကို အကြမ်းဖျင်းလေ့လာတွေ့ ရှိရပါကြောင်း၊ ၎င်းတို့အနေဖြင့်ဝင်ငွေ နည်းပါးပြီး အစေးဈေး သည်လည်း ကျဆင်းနေသောကြောင့် လုပ်ငန်းများကို စွန့်လွှတ်နေရပါကြောင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရော်ဘာခြံများကို အမှီပြုပြီး အစေးလှီးနေသည့်လူဦးရေဟာ ၁ သန်းနီးပါးခန့်ရှိပါကြောင်း။ ၂၀၁၃-၁၄ တွင် ရော်ဘာဈေး၏ ဈေးနှုန်းများ အများကြီး ကျဆင်းနေပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံကို လေ့လာကြည့်ပါက ယင်းကိစ္စနှင့် စပ်လျဉ်း၍ အစိုးရက တာဝန်ယူမှု ရှိနေသည်ကို လေ့လာသိရှိရသည့်အတွက် (၁) ရော်ဘာစိုက် တောင်သူများအတွက် နိုင်ငံတော် အနေနှင့် ထောက်ပံ့ငွေများပေးဆောင်မှု အစီအစဉ်များရှိ/မရှိ။ (၂) ရော်ဘာ ဈေးကွက်ကို တည်ငြိမ်ရန် တောင်သူလယ်သမားများ အကျိုးအတွက် နိုင်ငံတော်အစိုးရက အနိမ့်ဆုံးအဆင့် ဈေးသတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိဆိုသည်များကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာနိုင်ငံတွင် ရော်ဘာကို စိုက်ပျိုးထုတ်လုပ်မှုသည် နှစ်စဉ်တိုးတက်မြင့်မားလျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းရှိ ရာသီသီးနှံ စိုက်ပျိုးကြသော တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်အဆင်ပြေစေရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထောက်ပံ့ ထုတ်ချေးပေး၍ရသော်လည်း ရန်ပုံငွေရရှိမှုအခြေအနေများအရ ရော်ဘာ အပါအဝင် နှစ်ရှည်နှင့်ဥယျာဉ်ခြံသီးနှံ များအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ထုတ်ချေးနိုင်ခြင်း မရှိသေးပါကြောင်း။
ရော်ဘာကို ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့်မကွေးတိုင်းဒေသကြီးတို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ ၂၀၁၃-၁၄ ခုနှစ်တွင် ရော်ဘာစိုက်ဧက ၁.၅ သန်းခန့် တိုးတက်စိုက်ပျိုးခဲ့ပြီး ရော်ဘာကုန်ကြမ်း ၁၇၇၁၂၅ တန်ထိ တိုးတက်ထုတ်လုပ်ခဲ့ပါကြောင်း။ မွန်ပြည်နယ်၏ ရာဘာစိုက်ပျိုးမှုအနေနှင့် ၂၀၁၃-၁၄ ခုနှစတွင် ဧက ၄၈၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ရော်ဘာကုန်ကြမ်း ၁၀၀၀၀ ကျော် ထွက်ရှိခဲ့ပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်သည့်ဒေသအလိုက် ရော်ဘာတစ်ပေါင် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ဒေသတစ်ခုနှင့်တစ်ခု တူညီနိုင်မှုမရှိပါကြောင်း၊ ထို့အပြင် ရော်ဘာပေါက် ဈေးနှုန်းသည် ရော်ဘာကုန်ကြမ်းအဓိက သုံးစွဲသော နိုင်ငံများ၏ ဝယ်လိုအားနှင့် ကမ္ဘာ့ရော်ဘာဈေးကွက်တို့အပေါ် တည်မှီနေရခြင်းတို့ကြောင့် နေ့စဉ်နှင့်အမျှ ဈေးနှုန်းအတက်အကျ အပြောင်းအလဲများ ဖြစ်ပေါ်နေပါကြောင်း၊ ယနေ့ထိုင်းနိုင်ငံ၏ ရော်ဘာဈေးနှုန်း သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ရှိပြီး မြန်မာ့ရော်ဘာဈေးနှုန်းသည် Quality အရည်အသွေး မပြည့်မီသောကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ သာရရှိပါကြောင်း၊ ထို့ကြောင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအနေနှင့် မိမိတို့ ထုတ်လုပ်သော ရော်ဘာကုန်ကြမ်းများကို အရည်အသွေး ပြည့်မီအောင် စနစ်တကျထုတ်လုပ်ပြီး ဈေးနှုန်း အမှန်ရရှိစေရေး အတွက် ဒေသအလိုက်ဖွဲ့စည်းထားရှိသော ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅ အရ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ် သည်ဟု ပြဋ္ဌာန်းထားပါသောကြောင့် ရော်ဘာ ဈေးနှုန်းကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ် ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် တင်ဒါစနစ်ဖြင့် ဝယ်ယူလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါ်မိမြင့်သန်း(ရေး) ဆက်စပ်မေးခွန်းကိုမေးမြန်းပါသည်။
မိမိတို့၏ရော်ဘာခြံလုပ်ငန်းကို မှီခိုနေသော အလုပ်သမားများနှင့် မိသားစုများလူဦးရေ သန်းချီရှိနေသည်ဟု တင်ပြထားပါကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်၏ ဆင်းရဲ့မှုလျော့ချရေးစီမံချက်တွင် ကျွန်မတို့စဉ်းစားရန် သင့်/မသင့်နှင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုပမာဏ ကျဆင်းနေသည်ကိုလည်း စဉ်းစားရန်သင့်/မသင့် ဆိုသည်ကို သိရှိလိုကြောင်း ထပ်မံမေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအုန်းသန်း
အဓိကရော်ဘာဈေးကျရခြင်းအကြောင်းအရင်းသည် ကမ္ဘာ့စီပွားရေးတိုးတက်မှုနှုန်း၊ ဥရောပသမဂ္ဂဝင်နိုင်ငံများ၏ ကြွေးမြီပြဿနာ၊ ကမ္ဘာ့ရေနံဈေးအတက်အကျ၊ နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော တင်းမာမှုများ၊ ရော်ဘာဝယ်ယူ သုံးစွဲမှု အများဆုံးဖြစ်သော တရုတ်နိုင်ငံတွင် မော်တော်ယာဉ်လုပ်ငန်းများ ကျဆင်းပြီး လက်ကျန် ရော်ဘာများ ကျန်ရှိနေခြင်းနှင့် ရော်ဘာစိုက်ဧကများ မြောက်များစွာ တိုးတက်လားခြင်းတို့ကြောင့် ဝယ်ယူမှုနည်းပါးခြင်းများ ဖြစ်ပေါ်လာကာ ရော်ဘာဈေးနှုန်းများ အနည်းငယ် ကျဆင်နေခြင်းဖြစ်ပါကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ Quantity Control မရှိသည်မှာ အဓိကကအချက်ဖြစ်ပါကြောင်း၊ အဓိက က အရည်အသွေး ပြည်မီသော ရော်ဘာများကို စနစ်တကျထုတ်လုပ်မည်ဆိုပါက အကျိုးအမြတ် ရှိနိုင်ပါကြောင်း ပြန်လည်းဖြေကြားသွားပါသည်။
အဆိုပါ မေးခွန်းမေမြန်း ဖြေကြားချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က သုံးသပ်ရာတွင် မိမိတို့ လွှတ်တော်က အတည်ပြုရေးဆွဲ ပြဋ္ဌာန်းထားသော တော်သူလယ်သမား အခွင့်အရေးကာကွယ်သော ဥပဒေနှင့် တောင်သူလယ်သမား အကျိုးစီးပွားမြင့်တင်ရေး ဥပဒေရှိပါကြောင်း၊ အဆိုပါ ဥပဒေ၏ အဓိက ရည်ရွယ်ချက် များမှာ တောင်သူလယ်သမားများ၏ မတည်ရင်းနှီးမှုလိုအပ်ချက်ကို ချေးငွေနှင့် ဖြည့်တင်းပေးရန် ၊ ချေးငွေ၏ အတိုးနှုန်းလျော့ကျရေးနှင့် ချေးငွေကာလကို ထိုက်သင့်ကာလထက် နေရန်ဖြစ်သည့်အပြင် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွားပါက နိုင်ငံတော်မှ ထိုက်သင့်သော ပံ့ပိုးငွေ သို့မဟုတ်ရင် ကူညီငွေ၊ ထောက်ပံ့ငွေ ပေးရန် ဆိုသည် အဓိကရည်ရွယ်ချက်ပါရှိပါကြောင်း၊ ဒါ့အပြင် တောင်သူများကို နည်းပညာပေးရန်၊ စိုက်ပျိုး ထုတ်လုပ် ထွက်ရှိလာသော သီးနှံများကို ထိုက်သင့်ဈေးရရရန် စသည့်ရည်ရွယ်ချက်များဖြင့် ဥပဒေကိုပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငွေကြေးနှင့် နည်းပညာ ထောက်ပံ့မှု၊ ထွက်ရှိလာသော သီးနှံများ၏ ဈေးနှုန်းသတ်မှတ်မှုများ ပါရှိပါကြောင်း၊ ရော်ဘာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော အလုပ်သမားများ၏ ဆင်းရဲမှု လျော့ချရေးသည်လည်း စဉ်းစားသင့်စဉ်းစားရမည့် အချက်တစ်ခုအဖြစ် တာဝန်ရှိသော လွှတ်တော်နှင့် အစိုးရအပိုင်းများက စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း လွှတ်တော်က အတည်ပြုရေးဆွဲပြဋ္ဌာန်းခဲ့သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သော ဥပဒေနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေသည် ဘက်ပေါင်းစုံစဉ်းစားပြီး ဆောင်ရွက် ထားခြင်းဖြစ်ခြင်းကြောင့် ယင်းဥပဒေဖြင့် အလေးအနက်ထားဆောင်ရွက်ပါက ပြည်စုံနိုင်ပါကြောင်း၊ ထို့ကြောင့် ယင်းဥပဒေကို အကျိုးသက်ရောက်မှုရှိအောင် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ ထွက်ရှိရေးလိုအပ်မည်ဖြစ်ပြီး အဆိုပါ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ထွက်ရှိလာပြီဆိုပါက စိုက်ပျိုးထုတ်လုပ်သူများ၊ မွေးမြူသူများ အတွက်ပါ များစွာ အကျိုးရှိသကဲ့သို့ နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်မှ အတည် ပြုခဲ့သော ဥပဒေများသည် အားလုံးအတွက် မျှတအောင် ရေးဆွဲထားခြင်းဖြစ်ခြင်းကြောင့် ယင်းဥပဒေများ၏ အကျိုး သက်ရောက်မှုကိုလည်း နိုင်ငံတော်နှင့်နိုင်ငံသားများ ခံစားနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် အလေးထား ဆောင်ရွက်ရန်လိုအပ်သည်ကို လွှတ်တော်က တစ်ဆင့် သက်ဆိုင်ရာဌာနများသို့ ပြန်လည် တင်ပြခြင်းဖြစ်ကြောင်း သုံးသပ်ဆွေးနွေးသွားပါသည်။
