(က)-ယာဉ်မတော်မဆတိုက်ခိုက်မှုများနှင့်ပတ်သက် ၍ စနစ်တကျလေ့လာသုံးသပ်မှု၊လိုအပ်သည့်နည်း ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များထုတ်ပြန် မှုနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၉.၂.၂၀၁၄)

ဦးရဲထွန်း (သီပေါ)တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေ သည့်အနက် သီပေါမြို့၊ မြို့နယ်ဧရိယာအတွင်း ယာဉ်တိုက်မှုများနှင့်ပတ်သက် ၍ လေ့လာရာတွင် ၂၀၁၂ ခုနှစ်၌ ယာဉ်ကြီးမောင်းသူ စုစုပေါင်း ၂၅ ယောက်တွင် အသက် ၄၀ အောက် ၁၉ ဦး၊ အသက် ၄၀ အထက်က ၆ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ်၌ အသက် ၄၀ အောက် ၁၇ ဦး၊ အသက် ၄၀ အထက် ၂ ဦး ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

သက်ဆိုင်ရာရဲဌာန၏ စစ်ဆေးချက်အရ ယာဉ်မောင်းသူများ မဆင်မခြင်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာမှု အားနည်းခြင်း၊ ဆိုင်ကယ် စီးသည့်လူငယ်များမှ ယာဉ်စည်းကမ်း သိရှိလိုက်နာမှု အားနည်းခြင်းများကြောင့် ဖြစ်ပွား သည်ကို အကြမ်းဖျင်းတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယာဉ်မတော်တဆထိခိုက်မှုများကို တပြည်လုံး အတိုင်းအတာအရ စနစ်တကျ လေ့လာသုံးသပ်မှု ပြုထားသည်များရှိပါသလား၊ လေ့လာတွေ့ရှိချက်ရလဒ်များကို အခြေခံပြီး ယာဉ်မတော်တဆမှုများကို လျော့နည်းကျဆင်းသွားစေရန် လိုအပ်သောနည်းဥပဒေများ၊ စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ရန် အစီအစဉ် ရှိပါသလားနှင့် အသက် ၄၀ အောက်ငယ်ရွယ်သူများ မောင်းနှင်သည့် ယာဉ်ကြီးများတွင် မတော်တဆဖြစ်မှု ပိုမိုများပြားနေသည့်အတွက် အသက်အရွယ်နှင့် လိုင်စင်ထုတ်ပေးသည့်အစား ကားမောင်းအတွေ့အကြုံနှင့် အသက်အရွယ်ကိုပါ ကြည့်ပြီး ၄၀ အောက် ငယ်ရွယ်သူများကို ယာဉ်ကြီး များမောင်းနှင်ခွင့်လိုင်စင် ထုတ်မပေးဘဲ ကန့်သတ်မှုပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ရည်မှန်းချက်ထားပြီး မြန်မာနိုင်ငံ အတွင်းကို စနစ်တကျ စာရင်းဇယားများ ပြုစုခြင်း၊ လေ့လာစမ်းစစ်သုံးသပ်ခြင်း၊ အခြားသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ လစဉ်အချက်အလက်များစုစည်း၍ ယာဉ်တိုက်ခိုက်မှု နှစ်ချုပ်အစီရင်ခံစာများ ကို နှစ်စဉ်ပြုစုထားရှိပါကြောင်း။ ၂၀၁၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ ယာဉ်တိုက်မှု ၁၃၉၁၂ မှု၊ ဒဏ်ရာရသူ ၂၃၃၇၈ ဦး၊ သေဆုံးသူ ၃၇၂၁ ဦးရှိခဲ့ပါကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရခြင်းများတွင် ယာဉ်မောင်းသူ စည်းကမ်းပျက်မှု ၉၃.၇၇ ရာခိုင်နှုန်း၊ လမ်းကူးပေါ့ဆမှု ၄.၄၈ ရာခိုင်နှုန်း၊ ယာဉ်ချို့ယွင်းမှု ၁.၄၅ ရာခိုင် နှုန်း၊ လမ်းချိုးယွင်းမှု ဝ.၂၈ ရာခိုင်နှုန်းနှင့် ရာသီဥတုကြောင့် ဝ.၀၂ ရာခိုင်နှုန်းဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ယာဉ်အမျိုးအစားအလိုက် စိစစ်ရာတွင် လူစီးယာဉ် ၁၇.၈၄ ရာခိုင်နှုန်း၊ ကုန်တင်ယာဉ် ၁၁.၄၇ ရာခိုင်နှုန်း၊ ခရီးသည်တင်ယာဉ် ၆.၄၈ ရာခိုင်နှုန်း၊ အခြားယာဉ် ၁.၁၃ ရာခိုင်နှုန်း ၊ နှစ်ဘီးတပ်မော်တော်ဆိုင်ကယ် ၄၉.၉ ရာခိုင်နှုန်း၊ သုံးဘီးယာဉ် ၁.၇၆ ရာခိုင်နှုန်း၊ ထော်လာဂျီ ၅.၇ ရာခိုင်နှုန်း၊  တပ်မတော်ယာဉ် ဝ.၁၉ ရာခိုင်နှုန်းနှင့် စိစစ်ဆဲ ၅.၅ ရာခိုင်နှုန်းရှိပါကြောင်း။

ယာဉ်တိုက်ခိုက်မှုဖြစ်သာ ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင်ရှိ/မရှိ စစ်ဆေးရာတွင် ၅၅.၄၃ ရာခိုင်နှုန်း ကျော်သည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်၍ တိုက်ခိုက်မှု ဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း။

ထို့အပြင် ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့သည့် အငှားယာဉ်ကြီးမောင်း လိုင်စင်ဖြစ်သော (င) ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်သူများ၏ အသက်အပိုင်းအခြားကို စိစစ်ရာတွင်လည်း အသက် ၄၀ နှစ်အောက်သည် ၄၉.၃ ရာခိုင်နှုန်း၊ အသက် ၄၀ နှစ်အထက်သည် ၅၀.၇ ရာခိုင်နှုန်းဖြစ်သည့်အတွက် အသက် ၄၀ နှစ်အထက် ယာဉ်မောင်းများ၏ ယာဉ်မတော်တဆဖြစ်ပွားမှုက အနည်းငယ်ပိုမိုများပြားနေသည်ကို စစ်ဆေးတွေ့ရှိ ရပါကြောင်။

ယာဉ်မတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး စာရင်းဇယားများ လစဉ်ရယူခြင်း၊ စိစစ်သုံးသပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ယာဉ်တိုက်ခိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ၂၀၁၃ ခုနှစ်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲ ၁၄၆၅ ကြိမ်ပြုလုပ်ခဲ့ပြီး တတ်ရောက်သူ ၂၈၉၃၈၅ ဦး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရက်တိုသင်တန်း ၂၀၉၅ ကြိမ် ပို့ချခဲ့ပြီး တက်ရောက်သူ ၂၈၈၈၀၀ ဦး ရှိပါကြောင်း၊ ယာဉ်မတော်တဆဖြစ်ရခြင်း အကြောင်းအရင်းများကို သုံးသပ်ရာတွင် ၉၃.၇၇ ရာခိုင်နှုန်းသည် ယာည်မောင်းသူ၏ စည်းကမ်းပျက်မှုကြောင့် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည့်အတွက် စည်းကမ်းပျက်ယာဉ်မောင်းများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ နှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေများအား ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအချိန်တွင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေအရ အငှားယာဉ်ကြီးမောင်းလိုင်စင်ဖြစ်သော (င) လိုင်စင် လျှောက်ထားရာတွင် (ခ) လိုင်စင်သက်တမ်း (၅) နှစ် ပြည့်ပြီးသူ သို့မဟုတ် (ဃ) လိုင်စင်သက်တမ်း (၂) နှစ် တမ်းပြည့်ပြီးသူများကိုသာ ထုတ်ပေးသည့်အတွက်  အနည်းဆုံး အသက် ၂၃ နှစ် ပြည့်ပြီးသူများသာ ဖြစ်ပါကြောင်း၊  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ကို ရေးဖြေစစ်ဆေးခြင်း၊ လက်တွေ့ယာဉ်မောင်းကျွမ်းကျင်မှု စစ်ဆေးခြင်းများ ဖြေဆိုအောင်မြင်မှသာလျှင် ယာဉ်မောင်းလိုင်စင်များကို ထုတ်ပေးလျက်ရှိပါကြောင်း။

အငှားယာည်ကြီးမောင်းလိုင်စင်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတချို့၏ အသက်ကန့်သတ်ချက်ကို လေ့လာရာတွင် အသက် (၁၈) နှစ်မှ (၂၅) နှစ် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အငှားယာဉ်ကြီးမောင်းလိုင်စင်ဖြစ်သည့် (င) ယာဉ်မောင်းလိုင်စင်ကို အသက် ၄၀ နှစ်ပြည့်ပြီးသူများကိုသာ ထုတ်ပေးမည်ဆိုပါက အသက် ၄၀ နှစ်အောက်ငယ်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း လျော့သွားနိုင်ခြင်း၊ လိုင်စင်မဲ့ သို့မဟုတ် သတ်မှတ်လိုင်စင် မဟုတ်သော လိုင်စင်အမျိုးအစားနှင့် ယာဉ်ကြီးများကို မောင်းနှင်မှုများ ဖြစ်နိုင်သည့်အတွက် ဥပဒေချိုးဖောက်မှုများဖြစ်နိုင်ခြင်း၊ ထို့အပြင် အသက် ၄၀ နှစ်အထက် ယာဉ်မောင်းများ၏ ယာဉ်မတော်တဆထိခိုက်မှု အနည်းငယ်ပိုများခြင်းများကြောင့် အသက် ၄၀ အောက် ငယ်ရွယ်သူများကို ယာဉ်ကြီးမောင်းနှင်ခွင့်လိုင်စင် ထုတ်မပေးရေး ကန့်သတ်မှုပြုလုပ်နိုင်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။