(ဂ)-ဝေးလံခေါင်သီသောတောင်ပေါ်ဒေသရှိသဘာ၀ သစ်တောများအား အနီးပတ်ဝန်းကျင် ကျေးရွာများ ရှိဒေသခံပြည်သူများကိုယ်တိုင်ဥပဒေနှင့်အညီဝိုင်း ဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းခွင့်ပြုရန်အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၀)ရက်မြောက်နေ့ (၂၃.၂.၂၀၁၅)

ဦးသန်းစိုး (သာစည်)

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သာစည်မြို့နယ်အတွင်း ဆင်တောင်ကြိုးဝိုင်း၊ ရူပါတောင်ကြိုးဝိုင်း၊ ယင်းမာပင်ကြိုးဝိုင်း၊ ကူပြင်ကြိုးဝိုင်းတိုးချဲ့(၁)၊ ကူပြင်ကြိုးဝိုင်း၊ အရှေ့ရေပေါင်းစုံကြိုးဝိုင်း၊ ပြည်ညောင်ကြိုးဝိုင်း၊ မြစ်သာကြိုးဝိုင်း၊ ကြပ်စခန်းကြိုးဝိုင်းနှင့် ကလောကြိုးဝိုင်းစသည့် ကြိုးဝိုင်း ၁၀ ခု၊ ဧရိယာအားဖြင့် ၁၈၄၅၆၃ ဧက ရှိပါကြောင်း၊ ထို့အပြင် ကျောက်ပန်းအိုးကြိုးပြင်ကာကွယ်တော၊ ဆုံကြီးကြိုးပြင်ကာကွယ်တောနှင့် သက်တော်ကြိုးပြင် ကာကွယ်တောစသည့် ကြိုးပြင်ကာကွယ်တော (၃)ခု၊ ဧရိယာအားဖြင့် ၇၂၆၈ ဧကရှိသည့်အတွက် စုစုပေါင်းသစ်တောမြေ ၁၉၁၈၃၁ ဧက တည်ရှိလျက်ရှိပါကြောင်း၊ အဆိုပါ သစ်တောမြေဧရိယာတွင် သာစည်မြို့နယ်ဧရိယာ၏ စုစုပေါင်း ၃၈.၀၅ ရာခိုင်နှုန်းဖြစ်ကြောင်းလေ့လာတွေ့ရှိရပါကြောင်း။

သာစည်မြို့နယ်ဧရိယာ၏ ဝ.၆၅ ရာခိုင်နှုန်းရှိသည့် ရွှေနတ်တောင်အဆိုပြုကြိုးပြင်ကာကွယ်တောနှင့် မှန်တောင်အဆိုပြုကြိုးပြင်ကာကွယ်တော (၃)ခု စုစုပေါင်း ၃၂၆၅ ဧကကိုလည်း သစ်တောမြေအဖြစ် သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သာစည်မြို့နယ်အတွင်း  အဓိကရေဝေရေလဲ ဧရိယာများဖြစ်သည့် စမုံရေထိန်းတမံ၏ ရေဝေရေလဲဧရိယာ ၅၉၅၂၀၀ ဧက၊ သက်တော်ရေလှောင်တမံ၏ ရေဝေရေလဲဧရိယာ  ၁၆၀၀၀ ဧက၊ ကင်းတားဆည်၏ ရေဝေရေလဲဧရိယာ ၁၅၈၄၉၄ ဧကဖြင့် စုစုပေါင်း ၇၆၉၆၉၄ ဧက တည်ရှိပါကြောင်း၊ သာစည်မြို့နယ်အတွင်းမှာရှိသော သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေရေး၊ ရေဝေရေလဲထိန်းသိမ်းရေး၊ ရာသီဥတုကောင်းမွန်ရေး၊ ဒေသခံပြည်သူများအတွက် သစ်၊ တိုင်၊ ထင်း၊ မျော အထောက်အပံ့ဖြစ်စေရေးတို့အတွက် သစ်တောဦးစီးဌာနအနေဖြင့် ရူပါတောင်ကြိုးဝိုင်းအတွင်း ၁၉၆၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ကျေးရွာသုံးထင်းစိုက်ခင်း ၃၆၂၁ ဧကကို စီမံကိန်းချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၈၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ရူပါတောင်ကြိုးဝိုင်းအပါအဝင် တစ်မြို့နယ်လုံးတွင် စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်းစသည့် စိုက်ခင်းမျိုးစုံ စုစုပေါင်းဧရိယာ ၁၄၀၉၆ ဧက စိုက်ပျိုးပေးခဲ့ပြီး ဖြစ်ပါကြောင်း။

ထို့အတူ သာစည်မြို့နယ်အတွင်း ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာသုံးစိုက်ခင်း၊ ရေဝေရေလဲထိန်းသိမ်း ရေးစိုက်ခင်း၊ တောင်တန်းများစိမ်းလန်းစိုပြည်ရေးစိုက်ခင်းနှင့် အခြားစိုက်ခင်းများအပါအဝင် စုစုပေါင်း ၆၃၄၀ ဧကကိုလည်း တည်ထောင်ပေးခဲ့ပြီး  ဖြစ်ပါသည်။ သာစည်မြို့နယ်အတွင်း သစ်တောများ ရေရှည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန် လာစေရန်အတွက် သစ်တောလုပ်ငန်းများ ဆောင်ရွက်ရာတွင်  သစ်တောဦးစီးဌာနမှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အထိ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ ဓမ္မတာမျိုးဆက်စိုက်ပျိုးခြင်းအပြင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် သဘာဝထိန်းသိမ်းရေး ဧရိယာထူထောင်ခြင်း၊ ဓမ္မတာမျိုးဆက် ဧရိယာများ ထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၁-၁၂ မှ ၂၀၁၄-၁၅ အထိ တရားမဝင်သစ်များကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ သာစည်မြို့နယ်အတွင်း စုစုပေါင်းအကြိမ် အရေအတွက် ၃၂၅ ကြိမ်၊ သစ်တန်ပမာဏ ၁၂၈၇.၇၂၇၂ တန်ကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ဒေသခံပြည်သူလူထုများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေရန် ကျေးလက်အိမ်ရာ ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် တစ်အိမ်ထောင်ကျွန်း (၃)ပင်၊ တစ်အိမ်ထောင်သစ်မာပင် ၂၀၊ တစ်ရွာ တစ်ဧကလုပ်ငန်းများအတွက် စုစုပေါင်းပျိုးပင် ၃၈၁၈၀ ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပွဲတော်များမှာ စုစုပေါင်း ၂၇၀၅၉၆ ပင်ကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိကအခန်းအဖြစ်ပါဝင်နေကြောင်း ပြည်သူတို့အတွင်း နိုးကြားသည့်အသိဉာဏ်များ ရရှိရှင်သန်စေရေးအတွက် ပညာပေးဟောပြောမှုများကို ကျေးရွာများသို့သွားရောက်ဟောပြောစေခဲ့ပြီး၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် သစ်တောဦးစီးဌာနအနေဖြင့် (၃၃) ကြိမ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် (၂၂) ကြိမ် ပညာပေးဟောပြောခဲ့ပါကြောင်း။

သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုမှာ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများကို ၁၉၉၆ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတည်ထောင်ပြီးစီးသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ၁၉၀၀၀၀ ကျော်တည်ရှိပြီး သာစည်မြို့နယ်တွင် ဒေသခံပြည်သူအစိုးရပိုင်သစ်တောများ တည်ထောင်ရန်စိတ်ပါဝင်စားသူ ဒေသခံများမှ လျှောက်ထားလာပါက စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဝေးလံသည့်ဒေသများရှိ သစ်တောများကို ဒေသခံပြည်သူများက ထိန်းသိမ်းနိုင်ရန် မည်သို့ကူညီပေးနိုင်ပါသလဲဆိုလျှင် ဒေသခံအစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းထူထောင်ခြင်းလုပ်ငန်းများနှင့် ဖန်တီးဖော်ဆောင် ပေးနိုင်ပါကြောင်းလည်း ဖော်ပြလိုပါသည်။ သာစည်မြို့နယ်အတွင်း ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဧရိယာအတွင်း စာရင်းကောက်ယှုမှုမှ ယာမြေ ၄၅၆.၅ ဧကကို စိစစ်တွေ့ရှိရသည့်အတွက် ထိုယာမြေများကို သီးနှံရောနှောသစ်တောစိုက်ခင်း၊ ဒေသခံအစုအဖွဲ့ပိုင်စိုက်ခင်းများအဖြစ် ထူထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ သာစည်မြို့နယ်၏ သစ်တောမြေပါဝင်မှု၊ မြို့နယ်ဧရိယာ ၃၈ ရာခိုင်နှုန်းကျော်ရှိသော်လည်း သာစည်မြို့နယ်အတွင်းရှိ သစ်တောဝန်ထမ်း ၂၉ ဦးသာရှိသည့်အတွက် ဌာန ဝန်ထမ်းတစ်ခုတည်းဖြင့် ထိန်းသိမ်းကာကွယ်ရန် လုံလောက်မှုမရှိပါ၍ သစ်တောများပြုစုထိန်းသိမ်းခြင်းနှင့် သစ်တောသယံဇာတများ အသုံးချရေးဆိုင်ရာ လုပ်ငန်းများကို ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ရန်အတွက် တရားမဝင်သစ်ခိုးထုတ်မှု သတင်းများကို သက်ဆိုင်ရာဌာနများသို့ သတင်းပေးကူညီခြင်း၊ ဝိုင်းဝန်းစုံစမ်းဖော်ထုတ်ပေးခြင်း၊ ကာကွယ်တားဆီးခြင်း၊ ရေဝေရေလဲဒေသအပါအဝင် သဘာဝတောများထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ သစ်တောသယံဇာတများ ပြန်လည်ပြည့်ဝလာစေရေးအတွက် ကျေးလက်အိမ်ရာထူထောင်ရေး သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်း လူထုဖြန့်ပျိုးပင်များကို ရှင်သန်အောင်မြင်အောင် စိုက်ပျိုးခြင်းစသည့် သစ်တောပြုစုထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများတွင် ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဒေသခံပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။