ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)အပိုဒ် ၅ တွင် မဲဆွယ်စည်းရုံးရေး ကာလအတွက် ၁၅ ရက်အတွင်း ကြိုတင်ပြီး လွှတ်တော် ကိုယ်စားလှယ် လောင်းအမည်စာရင်း ကြိုတင် ကြေညာပြီးသည့်နောက် ၁၅ ရက်အတွင်း မဲဆွယ်စည်းရုံးရေးအစီအစဉ်ကို ကြိုတင်ပြီးလျှောက် ထားရမည်ဟု ပါရှိပါကြောင်း၊ ထို့အတူပဲ အပိုဒ် ၁၀ အပိုဒ်ခွဲ(ဂ)တွင်လည်း လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအနေဖြင့် စည်းရုံးဟောပြောသည့်အခါ အဆောက်အဦ၊ စာသင်ကျောင်း ပြီးနောက် ဘုန်းကြီးကျောင်း၊ ဈေး၊ အလုပ်ဌာန ယခုလိုနေရာများတွင် မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုသည့် ကန့်သတ်ချက် များပါရှိပါကြောင်း၊ ခွင့်ပြုမိန့်ကိုလည်း ကော်မရှင်မှ ၇၂ နာရီ၊ တစ်နည်းအားဖြင့် ၃ ရက်အတွင်း ကြိုတင်ထုတ်ပေးရမည်ဟု ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကိုလည်း ပြင်ဆင်နိုင်ကြောင်း၊ ခွင့်ပြုမိန့်ကိုလည်း ရုပ်သိမ်းနိုင်သည်ဆိုပြီး ပါရှိပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ဒါ Campaign ကာလတွင် ပြဋ္ဌာန်းထားချက်များဖြစ်ပါကြောင်း၊ သို့ပေမယ့် လောလောဆယ် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လူထုနှင့်တွေ့ဆုံသည့်နေရာတွင် (၁/၂၀၁၄)နှင့် ကင်းလွတ်ခွင့်ရှိသည်ဟု ယူဆပါကြောင်း၊ ထို့အတူ မိမိတို့ လက်တွေ့နယ်ပယ်တွင် လူထုနှင့်တွေ့သည့်အခါ နေရာကန့်သတ်ချက်၊ အချိန်ကန့်သတ်ချက်များကို မိမိတို့မထားနိုင်ဘဲ အချိန်နှင့်တစ်ပြေးညီ လိုရင်လိုသလိုတွေ့ရသည့် အတွက်ကြောင့် မိမိတို့က အဲ့ဒီအတိုင်းမလုပ်ခဲ့ကြပါကြောင်း၊ ပြီးတော့ ဒီအတိုင်းလုပ်ရမည်၊ ဒီစည်းကမ်းချက်များအတိုင်း လိုက်နာရမည်ဆိုသည့် ညွှန်ကြားချက်၊ အမိန့်၊ ဥပဒေများ လည်းမရှိပါကြောင်း၊ ထိုကဲ့သို့လုပ်လို့လည်း မဖြစ်နိုင်ပါကြောင်း၊
မိမိတို့လာမည့် ရွေးကောက်ပွဲကာလမှာဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဲ့ဒီအခွင့်အရေးရမလား၊ လူထုနှင့်တွေ့ဆုံ ရှင်းလင်းပွဲများကို လုပ်သည့်အခါတွင် မိမိတို့ (၁/၂၀၁၄)နှင့် အညီလုပ်ရမည်လား။ ဒါမှမဟုတ် ၎င်းအတိုင်းပဲ လူထုနှင့်တွေ့ဆုံသည့် အခွင့်အရေးကို (၁/၂၀၁၄)နှင့် အညီမဟုတ်ဘဲ ဆက်လက်ပြီး ရနိုင်ခွင့်ရှိသလား၊ တစ်ဖက်မှ လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲ စားလှယ်လောင်းများလည်း ဖြစ်နေနိုင်ပါကြောင်း၊ အဲ့ဒီအချိန်အခါမျိုးတွင် မိမိတို့ ဒီအခွင့်အရေးကို မရတော့ဘူးလားဆိုသည့် မိမိတို့နှင့် လက်တွေ့နယ်ပယ်တွင် ကြုံရမည့် အခက်အခဲလေးများရှိကြောင်း၊ သို့ဖြစ်ပါ၍ (၁) မဲဆွယ်စည်းရုံးခွင့်ကာလတွင် လက်ရှိလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းမဟုတ်ပါက လူထုနှင့်တွေ့ဆုံရှင်းလင်းပွဲများကို ပြုလုပ် ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခွင့်၊ မဲဆွယ်စည်းရုံးခွင့် စည်းကမ်းများကိုလိုက်နာရန်လို/မလိုနှင့် (၂) လက်ရှိလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်း ထားသူလည်းဖြစ်ပါက အထက်ပါရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လို/မလို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ကျွန်တော်တို့ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းခန့်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်ပါသည်။ ယခုအချိန် ကာလအတွင်းဆိုလျှင် ကော်မရှင်က သတ်မှတ်ထုတ်ပြန်ပေးမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ မဲဆွယ်စည်းရုံးသည့် ကာလမဟုတ်သေးဘူးဖြစ်ပါကြောင်း၊ အဲ့ဒီလိုမဲဆွယ်စည်းရုံးသည့် ကာလ မဟုတ်သော်လည်းပဲ နိုင်ငံရေးပါတီများအနေဖြင့် ခုနက မေးခွန်းတွင် မိမိဖြေကြားခဲ့သလို ပါတီအောင်နိုင်ရေး အတွက် စည်းရုံးလှုပ်ရှားမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေများနှင့် အညီ ဆောင်ရွက်နေကြ ပါကြောင်း၊ ဆောင်ရွက်ခွင့်လည်း ရှိပါကြောင်း၊
လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် စာရင်းမသွင်းဘဲ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း မဟုတ်ပါက လူထုတွေ့ ဆုံဆွေးနွေးပွဲများ၊ ရှင်းလင်းပွဲများ ပြုလုပ်ရာတွင် သက်ဆိုင်ရာလွှတ်တော် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ သို့ရာတွင် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်လည်းအမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်မှ စိစစ်အတည်ပြုပြီးပါက မဲဆွယ်စည်းရုံးမှုကာလ အတွင်း ဆောင် ရွက်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် စည်းကမ်းများကို လိုက်နာကြရပါမည်။ ထို့အပြင် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃)ပါ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း (၁၄) ပါ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေးလည်း လိုက်နာစောင့်ထိန်းရန် လိုအပ်ပါကြောင်း၊ ၎င်းနှင့်ဆက်နွယ်ပြီးတော့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ လက်ရှိထုတ်ပြန်ထားသော စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးသည့် ညွှန်ကြားချက်အမှတ်(၁။၂၀၁၄)သည် ထုတ်ပြန်ထားတာမှန်ပါကြောင်း၊ သို့သော်လည်း ဒီညွှန်ကြားချက် ၂၀၁၄ ခုနှစ်၊ ကြားဖြတ်ရွေး ကောက်ပွဲအမီ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီ့နောက်ပိုင်းတွင် နိုင်ငံရေးပါတီအသီးသီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ဆွေးနွေးချက်အရ ညွှန်ကြားချက်ကို ပြန်လည်ပြင်ဆင်သွားရန် အစီအစဉ်တွေရှိပါကြောင်း၊
သို့သော်လည်းပဲ ရွေးကောက်ပွဲ Campaign, Election Campaign ကာလ ဝေးနေသည့် အချိန်ကတစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးမှုအချိန်ကာလ မရောက်သေး တာရယ်၊ နိုင်ငံရေးပါတီအသီးသီးကလည်း ပါတီအချင်းချင်းသဘောတူညီစွာနှင့် ရေးဆွဲထုတ်ပြန်မည့် Code of Content လို ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းမျိုးများ ထုတ်ပြန်ရန်မိမိတို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည့်အတွက် ညွှန်ကြားချက်အမှတ်(၁/၂၀၁၄)ကို ပြန်ပြီးတော့ ပြင်ဆင်သတ်မှတ်ဆောင်ရွက်မည့် အခြေအနေရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) မှ စပ်ဆက်မေးခွန်းမေးမြန်းပါသည်။
(၁/၂၀၁၄)သည် လက်ရှိတည်ဆဲ ညွှန်ကြားချက်ဖြစ်ပြီး မိမိအနေဖြင့် ယင်းအပေါ်တွင် အခြေခံပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ပေမယ့် ကော်မရှင်ကဖြေသွားသည့် အထဲမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်သည် Campaign ကာလတွင် ဆက်ပြီးအရွေးမခံဘူးဆိုလျှင် ဒီအခွင့်အရေးအတိုင်း လွှတ်တော်၏ စည်းမျဉ်းစဉ်းကမ်းအတိုင်း လုပ်နိုင်သည်ဆိုတဲ့အဖြေကို ကြားရပါကြောင်း၊ အဲ့ဒါကို မိမိအနေဖြင့်ရှင်းပါကြောင်း၊ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နေသည့် ပုဂ္ဂိုလ်များအနေဖြင့် ဒီအခွင့်အရေးကို မရဘူးဆိုလျှင် တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနှင့် လူထုကိုတာဝန်မကျေပွန်ရာရောက်ပါကြောင်း၊ လူထုဆွေးနွေးပွဲများ၊ လူထုရှင်းလင်းပွဲများကို မိမိတို့အချိန်နှင့်တစ်ပြေးညီ လုပ်နိုင်ရမှာဖြစ်ပါကြောင်း၊ လွှတ်တော်၏ စည်းကမ်းစည်းမျဉ်းအတိုင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့က လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် ပုဂ္ဂိုလ်များတွင် အဆိုပါအခွင့်အရေးကို ရှိရှိနိုင်ခြင်းရှိ/မရှိ၊ ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ လွှတ်တော်ကပြဋ္ဌာန်းထားသော စည်းကမ်းစည်းမျဉ်းရှိ/မရှိ၊ ပြည်သူအပေါ်တွင် တာဝန်ကျေပွန်မှုရှိ/မရှိ စသည့်အချက်များကို ရှင်းလင်းစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးဝင်းကို (အဖွဲ့ဝင်)
လွှတ်တော်ကိုယ်စားလှယ်လောင်း မဟုတ်သည့် ပုဂ္ဂိုလ်များ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် Stand လုပ်သည့် ပုဂ္ဂိုလ်များမှာ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိ၏ မဲဆန္ဒနယ်ပြည်သူ အကျိုးဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းပြီး Election Campaign ရည်ရွယ်ချက်ကိုက ရွေးကောက်ပွဲအောင်နိုင်ရေးအလို့ငှာ မဲဆွယ်စည်းရုံးသည့် ကိစ္စများမှာတော့ သတ်မှတ်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပြန်ကြီးကြပ်ဆောင်ရွက်ရသည့် ရွေးကောက်ပွဲကော်မရှင်၏ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ အခုပြင်ဆင်ရမည်ဆိုလျှင် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)မှာပါရှိသည့် လျှောက်ထားခွင့်ပြုချက်ရယူသည့် ကိစ္စများမှအပ လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို လေ့လာကြည့်မည်ဆိုပါက မိမိတို့နိုင်ငံတွင် ဖြတ်သန်း ခဲ့ပြီးသားဖြစ်သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ထုတ်ပြန်ခဲ့သော နဝတအမိန့် (၃/၉၀)၊ ၂၀၁၀ ခုနှစ်ရွေး ကောက်ပွဲတွင် မိမိတို့ထုတ်ပြန်ခဲ သည့် ညွှန်ကြားချက်အမှတ်(၉၁/၂၀၁၀)၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ညွှန်ကြားချက်အမှတ် (၉၁/၂၀၁၀)နှင့် ဆောင်ရွက် ခဲ့ပြီး (၁/၂၀၁၄)သည် ညွှန်ကြားချက်များနဲ့အညီ ကျန်သည့် စည်းမျဉ်းစည်းကမ်းများ အတူတူပဲဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းချက်၊ စည်းမျဉ်းစည်းကမ်းများသည်လည်း ရွေးကောက်ပွဲဥပဒေနှင့် တည်ဆဲဥပဒေများထဲမှ အချက်အလက်များကိုသာ ထုတ်နုတ်ရေး ဆွဲပြီး ညွှန်ကြားခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း UECရဲ့ မိမိတို့ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားသည့် ညွှန်ကြား ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက နောက်ဆုံးအပိုဒ်တွင်လည်း တွေ့ရမည်ဖြစ် ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်မှ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ဒီတည်ဆဲဥပဒေများကို ချိုးဖောက်လျှင် သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများ၊ တရားစီရင်ရေးအဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာများတင်သွင်းလာပါက တရားမဲ့ပြုကျင့်မှုနှင့်အကျုံးဝင်ခြင်းရှိ/မရှိ အများပြည်သူရှေ့ မှောက်တွင် မြင်သာအောင် စစ်ဆေးစီရင်ပြီး ဆုံးဖြတ်ပေးရတာဖြစ်ပါကြောင်း၊
ရွေးကောက်ပွဲ အောင်နိုင်ရေးအလို့ငှာ မဲဆွယ်စည်းရုံးမည်ဆိုလျှင် တည်ဆဲဥပဒေများနှင့်အညီ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန်လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
