(ခ)-နိုင်ငံတော်အတွင်း သစ်တော ပြုန်းတီးခြင်းမှ ကာကွယ်ရန်မည်သို့သောအစီအမံများဆောင်ရွက် ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၀)ရက်မြောက်နေ့ (၂၃.၂.၂၀၁၅)

ဦးဘိုနီ (ရမည်းသင်း) မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးမရမီကာလက တစ်နိုင်ငံလုံး သစ်တောဧရိယာ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရပြီး ထိုမှတဖြည်းဖြည်းလျော့နည်းလာခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ်အရောက်တွင် Forest Resources Assessment (FRA) ၏ (၅)နှစ်တစ်ကြိမ် အစီရင်ခံစာအရ ၄၆.၉ ရာခိုင်နှုန်းသာရှိတော့ပါကြောင်း နှင့် သစ်တောဧရိယာ ၂၅.၃၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးရရှိသည့် ကိန်းဂဏန်းလူဦးရေ ၅၁.၄ သန်းရှိကြောင်း၊ ယင်းနောက် အိမ်ထောင်စု ၁၀.၈ သန်းနှင့် ကျေးရွာနေအိမ်ထောင်စု ၇ သန်းရှိပြီး မြို့နယ်အိမ်ထောင်စု  ၃.၈ သန်း၊ တောနှင့် မြို့ပါ ထင်းအသုံးပြုကြောင်း နှစ်စဉ်သစ်ပင်ပေါင်း သန်း ၂၀ ခန့် ခုတ်လှဲခတ်နေရကြောင်း သိရှိရပါသည်။ သစ်ပင်ခုတ်ပြီး စွမ်းအင်အဖြစ်၊ လောင်စာအဖြစ် ထင်းကိုအသုံးပြုသည့်နေရာတွင် အကြောင်းအရာနှစ်ခုတွေ့ရပါကြောင်း၊ ပထမတစ်ခုအနေဖြင့် လူသားအားလုံး နေ့စဉ်ချက်ပြုတ်ရန်အတွက် ထင်းများကိုကိုင်းဖျား၊ ကိုင်းနားမကျန် ခုတ်နေကြရပါကြောင်း၊ ဒုတိယတစ်ခုအနေဖြင့် ဗာဂျီးနီးယား ဆေးပေါင်းရုံများ၊ အုတ်ဖုတ်သူများ ၊ အိုးဖုတ်သူများနှင့် အစာအခြောက်လှန်းသူများ စသည့်အချက်များကြောင့် ထင်းအမြောက်အမြား သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ ကျန်သစ်ပင်ခုတ်လှဲမှုများမှာ ကုန်ထုတ်လုပ်နိုင်ရေးနှင့် နေထိုင်ရေးအတွက် ခုတ်လှဲရခြင်းများရှိပါကြောင်း၊ ယခုအချိန်တွင် စိုက်ခင်းသစ်များ ပြုန်းတီးသည့်ဧရိယာအားလုံး မီအောင် ကြိုတင်မစိုက်ပျိုး၊ မထိန်းသိမ်းပါက နောင် မိမိတို့နိုင်ငံသည် သဲကန္တာရနိုင်ငံအဖြစ်သို့ ရောက်ရှိသွားမည်ကို အလွန်စိုးရိမ်ရသည့် အခြေအနေရောက်ရှိနေပါကြောင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလက မိမိတို့ အထက်မြန်မာပြည်တွင် တစ်ကြိမ်တည်းနှင့် မိုးရေချိန် ၇ လက်မရွာသည့် အခါမှာ ယောချောင်းရေတွေ ရွာထဲကိုဝင်တယ်၊ လူများ၊ တိရစ္ဆာန်များ ဒုက္ခရောက်ရပါကြောင်း၊ ထို့ကြောင့် အတားအဆီးမရှိ ယောချောင်းရေ များ ဝင်ရောက်ခဲ့သည်ကို သာဓကတစ်ခုအနေဖြင့် ထင်ထင်ရှားရှားပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆိုရင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အများအားဖြင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင်ရှိသည့် တောတောင်များ ပြုန်း၍ တောင်ဂတုံးဖြစ်နေပြီး သစ်တောထူထပ်ပါသည်ဆိုသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်များလည်း တစ်ဖက်နိုင်ငံကို တရားဝင်/တရားမဝင် သစ်တင်ပို့မှုကြောင့် တဖြည်းဖြည်းသစ်တောများ လျော့နည်းစပြုလာပါပြီး တရားမဝင်သစ်ခိုးထုတ်မှုများလည်း တစ်ဖက်နိုင်ငံသို့ ထိစပ်သော ကချင်နှင့် ချင်း၊ ရှမ်းတို့မှ အများဆုံးဖြစ်ပွားလျက်ရှိနေပါကြောင်း၊ ဥတုရာသီတောကိုမီသည် ဆိုသည့်အတိုင်း စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ရာသီဥတုကောင်းမွန်စေရန် သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်း ထားနိုင်ရန် သစ်တောသစ်ပင်များ မပြုန်းတီးရန် အထူးလိုအပ်ပါကြောင်း၊ ၁-၄-၂၀၁၄ ခုနှစ် မှစ၍ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့ရောင်းချမှု လုံးဝရပ်ဆိုင်းကြောင်းနှင့် တန်ဖိုးမြင့်သစ်အချောထည်များ တိုးမြင့်ထုတ်လုပ်ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ထုတ်လုပ်သုံးစွဲသော သစ်တောများ ပြုန်းတီးဆုံးရှုံးသလောက် နိုင်ငံအတွင်း သစ်တောသစ်ပင်များ ပြန်လည်ဖြစ်ထွန်းရှင်သန်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး စိမ်းလန်းစိုပြေစေရေး နိုင်ငံတော်အတွင်း သစ်တောပြုန်းတီးခြင်းမှ ကာကွယ်ရန် မည်သို့သောအစီအမံများဖြင့် ဆောင်ရွက်ထားခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်ကမ္ဘာနှင့်အဝှမ်းတွင် သစ်တောများပျက်စီးပြုန်းတီးမှုနှင့် ရင်ဆိုင်တွေ့ကြုံနေရသည့် နည်းတူ မိမိတို့နိုင်ငံမှာလည်း သစ်တောပျက်စီးပြုန်းတီးမှုများကို ရင်ဆိုင်တွေ့ကြုံခံစားလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးနှင့် စဉ်ဆက်မပြတ်ထုတ်ယူ အသုံးပြုနိုင်ရေးအတွက် နှစ် ၃၀ အမျိုးသားသစ်တော ဘက်စုံစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကိုလည်း ၁၀ နှစ် တစ်ကြိမ် ပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော်လျက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် သစ်တောမူဝါဒပါ ရည်မှန်းချက်များနှင့်အညီ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများကို နိုင်ငံတော်ဧရိယာ၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို ရေရှည်တွင် နိုင်ငံတော်ဧရိယာ၏ ၁၀ ရာခိုင်နှုန်း တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သစ်တောများ ပျက်စီးပြုန်းတီးရခြင်း၏ အဓိကအကြောင်းအရင်းများမှာ တရားဝင်သစ် ထုတ်လုပ်မှု ကို သတ်မှတ်လျာထားချက်ထက် ပိုမိုထုတ်လုပ်ခြင်း၊ တရားမဝင်သစ်ခိုးထုတ်လုပ်ခြင်း၊ စိုက်ပျိုးမြေများတိုးချဲ့လာခြင်း၊ လူဦးရေတိုးတက်မှုကြောင့် မြို့ပြ၊ ကျေးရွာတိုးချဲ့လာခြင်း၊ ထင်း၊ မီးသွေးအလွန်အကျွံ ထုတ်လုပ်သုံးစွဲခြင်း၊ ဆည်၊ တာတမံ၊ အဝေးပြေးလမ်းမများ၊ စက်ရုံ၊ အလုပ်ရုံများစသည့် စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ငန်းများ သစ်တောနယ်မြေများအတွင်း ဆောင်ရွက်လာခြင်း တို့ကြောင့်ဖြစ်ပါကြောင်း။

ယခင်ခေတ်ကာလတွင် နိုင်ငံတော်၏ဘဏ္ဍာငွေလိုအပ်ချက်အရ သစ်ထုတ်လုပ်မှုကို သတ်မှတ် လျာထားချက်ထက် ပိုမိုထုတ်ယူဆောင်ရွက်ခဲ့ရပါကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် နှစ်စဉ်သစ်ထုတ် လုပ်မှုကိုလျှော့ချခဲ့ပြီး နှစ်စဉ်သစ်ထုတ်လုပ်နိုင်ခွင့်ပမာဏ AAC နှင့်အညီ မိမိတို့ ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁-၄၂၀၁၄ ခုနှစ် မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ တရားမဝင်သစ်ခိုးထုတ်ယူမှုများကို ဖမ်းဆီးဖော်ထုတ်ရာတွင် သစ်တော ဦးစီးဌာနတစ်ခုတည်းမဟုတ်ဘဲ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် ၂၀၀၀-၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ စုစုပေါင်း ၅၆၉၈၀၄ တန်ကို ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ထို့အပြင် ပျက်စီးသွားသော သစ်တောများ၏ နေရာများတွင် ပြန်လည်ပြီးမှ ပျိုးထောင်ထိန်းသိမ်းနိုင်ရန်၊ ရေဝေရေလဲထိန်းသိမ်းနိုင်ရန်၊ ဒေသခံလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သစ်၊ ထင်း၊ တိုင်၊ မျောများ ရရှိ စေရန် ဒေသခံပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်များနှင့် စိုက်ခင်းများကို ထူထောင်လျက်ရှိရာ မိမိတို့ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ဒီရေတောနှင့် ကျေးရွာသုံးစိုက်ခင်းများကို နှစ်စဉ်စီမံချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှလည်း တောင်တန်း၊ ရေဝေရေလဲ၊ ကျေးရွာသုံးနှင့်အခြားစိုက်ခင်း ၃၆၃၀၀၀ ဧကကို တည်ထောင်ထားရှိပြီးဖြစ်ပါကြောင်း။

ထို့အတူ ပုဂ္ဂလိကစိုက်ခင်းများကို တစ်ဖက်မှဦးစားပေးဆောင်ရွက်ခဲ့ရာတွင် ကျွန်းစိုက်ခင်း ၁၁၈၀၅၉ ဧက၊ ပုဂ္ဂလိကသစ်မာစိုက်ခင်း ၆၇၉၁၉ ဧက တည်ထောင်ပြီးဖြစ်ပါကြောင်း၊ လူဦးရေတိုးတက် များပြားလာသည် နှင့် အမျှ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရန် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ အတွင်းရှိ ယာမြေများမှာ သီးနှံရောနှောသစ်တောစိုက်ခင်းထူထောင်ခြင်းဖြင့် ဒေသခံပြည်သူများ၏ အစုအဖွဲ့ပိုင်သစ်တောများကို တည်ထောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် ဧရိယာအားဖြင့် ၁၉၀၀၀၀ ကျော် တည်ထောင်ထားရှိပြီးဖြစ်ပါသည်။ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ပေးခြင်းကို ဒေသခံများအနေဖြင့် အနှစ် ၃၀ မြေယာလုပ်ပိုင်ခွင့်ရရှိခြင်း၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် သစ်၊ ထင်း၊ တိုင်၊ မျောများရရှိစေခြင်း၊ ဒေသခံတို့၏စိုက်ပျိုးသီးနှံများမှ ကြားဖြတ်ဝင်ငွေ ရရှိစေခြင်းအပြင် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို တိုးတက်စေရေးအတွက် အထောက်အကူများစွာပြုလျက်ရှိပါကြောင်း၊ တွက်ချက်မှုများအရ တစ်နိုင်ငံလုံး၏ ထင်းလိုအပ်ချက်သည် နှစ်စဉ်ပမာဏ ကုဗတန် ၁၆.၅၁၇ သန်းရှိပြီး ၂၀၁၁-၁၂ မှ ၂၀၁၄-၁၅ အထိ ထင်းတန် ၅၅၉၇.၂၄၄ တန်၊ တိုင် ၂၇၈ လုံး၊ မျော ၄၆၃၆၂ လုံးကို ကျေးရွာ ၁၄၈ ရွာရှိ အိမ်ထောင်စုပေါင်း ၁၅၇၀၉ သို့ ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ထင်း၊ မီးသွေး၊ လောင်စာကို သဘာဝတောများမှ ထုတ်ယူမှုလျော့နည်းစေရန်အတွက် ကျေးရွာသုံး ထင်းစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခဲ့ရာတွင် ၁၉၈၁ ခုနှစ်မှ ယနေ့အထိ ၄၅၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပါသည်။ သက်တမ်း ငါးနှစ်ပြည့်ပြီးသည့် ကျေးရွာသုံးထင်းစိုက်ခင်းများကို ဒေသခံကျေးရွာ လူထုကို လွှဲပြောင်းပေးအပ်လျက်ရှိပါကြောင်း။

ဒေသခံပြည်သူများအတွက် ကျေးလက်အိမ်ရာ တည်ထောင်ရေးအတွက် တစ်အိမ်ထောင် ကျွန်းသုံးပင်၊ တစ်အိမ်ထောင်သစ်မာ ပင် ၂၀၊ တစ်ရွာတစ်ဧကနှုန်းနှင့်လည်း ဆက်လက်တည်ထောင် ဆောင်ရွက် ပေးလျက်ရှိပါသည်။ စုစုပေါင်းအပင်အားဖြင့် ၃၈,၆၀၀၀၀၀ ကျော် တည်ထောင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထင်း၊ မီးသွေး၊ လောင်စာသုံးစွဲမှုလျော့နည်းစေရန်အတွက် စွမ်းအားမြှင့်မီးဖိုပေါင်း ၄၉၇၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့သလို လောင်စာတောင့် ၁၀၃,၅၆၈,၅၇၆ တောင့်ကို ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ရေရရှိရေး၊ ရေဝေရေလဲများ ထိန်းသိမ်းရေးအတွက် ၂၀၁၄-၁၅ မှ ရေကန်ပေါင်း (၁၇၆၆) ကန်၊ အဝီစိတွင်း (၁၁၇) တွင်း၊ မိုးရေစုကန်(၆)ကန်၊ တစ်ဘက်ရပ်ဆည်(၅)ခုကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ မိမိတို့ဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့ အစည်းများပူးပေါင်းပြီး လုပ်ငန်းစီမံကိန်း (၄၅) ခုကို သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောသယံဇာတအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရေး၊ ရေဝေရေလဲများထိန်းသိမ်းရေးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရတစ်ခု တည်းဖြင့် ဆောင်ရွက်၍မရနိုင်ပါကြောင်း နိုင်ငံအတွင်းရှိသစ်တောများ ပြုန်းတီးမှုကိုကာကွယ်ရန်၊ သစ်တောများပြန်လည်ဖြစ်ထွန်းစေရန် အထက်ပါသစ်တောပြုစုထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာ၊ အထောက်အပံ့စသည့်တို့ကိုရယူပြီး ဒေသခံပြည်သူများ၏ အားကိုအဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်းစိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ပြည်သူများက ယခု ထက်ပိုမိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှသာလျှင် ရေရှည်ထာဝရထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။