(ခ)-မဲဆွယ်စည်းရုံးစဉ်ကာလများ၌ မည်သည့် ပုံစံ၊ အသုံးအနှုန်း၊အပြုအမူ၊ပြောဆိုမှုစသည်များကိုမပြု လုပ်ရန်သတ်မှတ်ထားသည်နှင့် သတ်မှတ်ချက်များ ကိုကျူးလွန်ပါကမည်ကဲ့သို့အရေးယူမည်ကိုပြည်သူ များ ကြိုတင်သိရှိနိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၂၄)ရက်မြောက်နေ့ (၁၀.၃.၂၀၁၅)

ဒေါ်ခင်သန္တာ (တံတားဦး)၂၀၁၅ ခုနှစ် နှောင်းပိုင်း၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ယူထားသူများ၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံနိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီစနစ်၊ ယဉ်ကျေးမှုစတင်ချိန်တွင် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များကို ပြည်သူ အများစုနှင့် နိုင်ငံရေးပါတီတချို့ကပါ လုပ်ဆောင်ပေးနေသကဲ့သို့ ရည်ညွှန်းပြောဆိုမှုများ ရှိနေပါကြောင်း၊ တာဝန်ထမ်းဆောင်နေသူများ ကိုယ်တိုင်ကလည်း ပိုက်ဆံစိုက်ထုတ်ပေးနေ သကဲ့သို့ ပြည်သူများကို ပြောဆိုနေသည်ကို မိမိကိုယ်တိုင် ကြုံတွေဖူးပါကြောင်း၊ နားလည်သောပြည်သူတချို့၏ ဝေဖန်မှုများကိုလည်း မိမိတို့ မကြာခဏ ကြားနေရပါကြောင်း၊ တာဝန်ထမ်း ဆောင်နိုင်ရန်အတွက် ပြည်သူ့ဘဏ္ဍာငွေများနှင့် ပံ့ပိုးပေးထားသော မိမိတို့ အဆောင်ယောင်များ၊ ယင်းအဆောင်အယောင်များကို ပုဂ္ဂလိကကိုယ်ကျိုး မဲဆွယ်စည်းရုံးရာတွင် အသုံးချခွင့်ပြုမည်ဆိုပါက တရားမျှတမှု ရှိ/မရှိ၊ ဥပ‌ဒေနှင့်ညီ/မညီ၊ နိုင်ငံအတွက် နစ်နာမှုရှိ/မရှိ ကို စဉ်စားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မဲဆွယ်စည်းရုံးစဉ်ကာလတွင် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်၊ ပြည်သူကို ပုံမှားရိုက်ပြီး မဲဆွယ်သည့် မည်သို့သော ပုံစံ၊ အသုံးအနှုန်း၊ ပြောဆိုမှုများကို မပြုလုပ်ရန် သတ်မှတ်ထားသည် ကိုသိရှိလိုပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ဆန့်ကျင်ပြုမူ ကျူးလွန်ကြောင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပြည်သူများအနေဖြင့် မည်ကဲ့သို့ တိုက်ရိုက်တင်ပြ တိုင်ကြားနိုင်သည်နှင့် သတ်မှတ်ချက်များကို ကျူးလွန်ပါက မည်ကဲ့သို့ ထိရောက်စွာအရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးဝင်းကို (အဖွဲ့ဝင်)
အဖြေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးဝင်းကို (အဖွဲ့ဝင်)ရွေးကောက်ပွဲဥပဒေအခန်း (၁၃) တွင် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များကို သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ယင်းပြစ်မှုများသည် မည်သူမဆို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူခံရနိုင်သော ပြစ်မှုနှင့် ပြစ်ဒဏ်များ ဖြစ်ပါကြောင်း၊ အမှတ်စဉ်(၁၁)တွင် ပါရှိသော ပြုမူဆောင်ရွက်ချက်တစ်ရပ်သည် အဆိုပါ ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) တွင် ပြဋ္ဌာန်းထားသော ပြစ်မှုတစ်ရပ်ရပ်နှင့် အကျုံးဝင်ပါက ရဲအရေးယူ ပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်သည့်အတွက် ရဲစခန်းတွင် တိုင်ကြားအရေးယူနိုင်ပါကြောင်း၊ အဆိုပါပြုမူ ဆောင်ရွက်ချက်တစ်ရပ်သည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ပြစ်မှုများတွင် အကျုံးဝင်ပါက ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ပါက ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ပြီး ရဲအရေးယူပိုင်ခွင်မရှိသော ပြစ်မှုများဖြစ်ပါက သက်ဆိုင်ရာတရားရုံးများတွင် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဥပဒေနှင့်အညီ တိုင်တန်းလျှောက်ထားနိုင်ပါကြောင်း၊ ထို့အပြင် ပြုမူဆောင်ရွက်ချက်တစ်ရပ်သည် ရွေးကောက်ပွဲဥပဒေအခန်း (၁၄) တွင် သတ်မှတ်ပြဋ္ဌာန်းထားသော တရားမဲ့ ပြုကျင့်မှုများကို လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့ တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးကဖြစ်စေ ဖောက်ဖျက်ကျူးလွန်ပါက ရွေးကောက်ပွဲ ဥပဒေအခန်း (၁၅) ပါအတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ တင်သွင်းကန့်ကွက်နိုင်ပါကြောင်း၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့်နေရာတွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများအရလည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေအခန်း (၁၃) နှင့် (၁၄)တို့တွင် ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက ရွေးကောက်ပွဲဥပဒေအရလည်းကောင်း အရေးယူဆောင်ရွက်ခြင်းကို ခံရနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၆-၁-၂၀၁၅ ရက်စွဲပါကြေညာချက်ဖြင့် တစ်နိုင်ငံလုံးရှိပြည်သူများ ကြိုတင်သိရှိနိုင်ရန် အောက်ပါအတိုင်း အသိပေးကြေညာထားပြီးဖြစ်ကြောင်း။

(၁) ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲများကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းခန့်တွင် ကျင်းပတော့မည်ဖြစ်ရာ ကော်မရှင်က သတ်မှတ်ထုတ်ပြန်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးသည့်ကာလ မဟုတ်သေးသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေကြပြီဖြစ်သည်ကို တွေ့မြင်ကြားသိနေရပါကြောင်း၊ နိုင်ငံရေးပါတီအသီးသီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၆ အရ နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ်လပ်စွာ စည်းရုံးခွင့်ရှိပြီး ပုဒ်မ ၃၅၄ အရလည်း ဥပဒေနှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိကြပါကြောင်း၊ နိုင်ငံရေးပါတီများဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်တွင်လည်း ရွေးကောက်ပွဲအနိုင်ရရေး ရည်ရွယ်ချက်မှာ အဓိကကျသည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများက စည်းရုံးခွင့်ရှိပါကြောင်း။

(၂) သို့ရာတွင် နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှုပြုရာတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတမှုရှိစေရေးအတွက် အောက်ပါဥပဒေပြဋ္ဌာန်းချက်များကို သတိပြုလေးစားလိုက်နာကြရန်ဖြစ်ပါကြောင်း၊

(က) နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပါတီစည်းရုံးရေးကိစ္စအလို့ငှာ စည်းရုံးလှုပ်ရှားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေပုဒ်မ ၆ ပါဝန်ခံချက်များကိုလည်းကောင်း၊ ပုဒ်မ ၁၂ ပါ ပြဋ္ဌာန်းချက်များကိုလည်းကောင်း လေးစားလိုက်နာကြရန်၊ လေးစားလိုက်နာမှုမရှိပါက ပါတီအချင်းချင်းထိန်းကျောင်းခြင်းနှင့် ကော်မရှင်သို့ တင်ပြတိုင်တန်းခြင်းတို့ ပြုလုပ်ကြရန်၊

(ခ) နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စ အလို့ငှာ စည်းရုံးလှုပ်ရှားရာတွင် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃)ပါ ရွေးကောက်ပွဲပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၁၄)ပါ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေး လိုက်နာစောင့်ထိန်းရန်၊ (ပြစ်မှု/ပြစ်ဒဏ်များကို ချိုးဖောက်မှုရှိပါက လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုဖွင့်တိုင်ကြားရန် ဖြစ်ပါကြောင်း၊

(ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းသွင်း စိစစ်အတည်ပြုပြီးနောက် မဲဆွယ်စည်းရုံးမှုကာလ အတွင်း ဥပဒေဖောက်ဖျက်ကျူးလွန်မှုများ ရှိလျှင်လည်း အပိုဒ်(က)၊ (ခ)တို့ပါအတိုင်း တိုင်ကြားနိုင်သည့်အပြင် တရားမဲ့ပြုကျင့်မှုများကိုမူ လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း (၁၅)ပါအတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းနိုင်ခွင့်ရှိပါကြောင်း၊

(၃) လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ ပြည်သူများနှင့် ပါဝင်သက်ဆိုင်သူ Stakeholders များ၊ မီဒီယာများ အားလုံးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် အသိပေး ကြေညာအပ်ပါသည်ဟု မိမိတို့ ထုတ်ပြန်ကြေညာပြီးဖြစ်ပါကြောင်း။

ထို့ကြောင့် မဲဆွယ်စည်းရုံးမှုပြုလုပ်သည့်အခါ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်သန္တာ (တံတားဦး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးတစ်ဦးတည်း၏ ခရီးစဉ်တွင် ကား ၇ စီးနှင့် ၁၀ စီးကြားတွင် သွားလာနေသည်ကို တွေ့ရှိရပါသဖြင့် ပေးထားသော အဆောင်အယောင်များအပြင် ဌာနဆိုင်ရာ၏ ကားများလည်း အများအပြား လိုက်ပါကြပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၏ ကားများကိုပါ အသုံးပြုခွင့်ရှိ/မရှိနှင့် လိုက်ပါခွင့်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးဝင်းကို (အဖွဲ့ဝင်)

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ ပါ အရည်အချင်းများနှင့် ကိုက်ညီရပါကြောင်း၊ ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ခံခွင့်မရှိသော အရည်အချင်းများနှင့် ငြိစွန်းပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံပိုင်ခွင့် မရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသကဲ့သို့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ တွင်လည်း ဖော်ပြထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းသတ်မှတ်ချက်များမှာ နိုင်ငံံ့ဝန်ထမ်းဖြစ်ပါက နိုင်ငံံ့ဝန်ထမ်းက အငြိမ်းစားယူ နုတ်ထွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူမဟုတ်ရပါကြောင်း၊ သို့သော် နိုင်ငံပိုင်ငွေကြေးဟူသောစကားရပ်တွင် အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ချီးမြှင့်ထောက်ပံ့ထားသောလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်ပါကြောင်း၊ နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း၊ နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်း၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ မော်တော် ယာဉ်၊ ပစ္စည်း စသည်တို့ မပါဝင်ပါကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃)တွင် ပါရှိသော မဲဆွယ်စည်းရုံးသည့် ကာလအတွင်း ဆောင်ရွက်သည့် ပုဒ်မ ၅၇၊ ၅၈၊ (က)၊ (ခ) အစရှိသည့် ကိစ္စများတွင်လည်း လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှု၊ သွေးဆောင်သည့် အခွင့်အာဏာကိုသုံးပြီး မလျော်သြဇာသုံးသည့်ကိစ္စများတွင် ပြစ်မှုမြောက်ပါက ပြစ်မှုမြောက်သည်ဆိုသည့် ပြဋ္ဌာန်းချက်ပါရှိပါကြောင်း၊ ထို့အတူ တရားမဲ့ပြုကျင့်မှုများတွင်လည်း ပုဒ်မ ၆၆(က)(၁)၊ (၂)၊ (င)နှင့် (ည) တို့တွင် မလျော်သြဇာများ သုံးစွဲပြီး လာဘ်ပေးလာဘ်ယူမှုများ၊ ဝန်ထမ်း၏ အကူအညီကို ရယူပြီး မဲဆွယ်စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါက ရွေးချယ်ခံရပြီးသည့်တိုင် ကန့်ကွက်လွှာတင်သွင်းလျှင် ပြစ်မှုထင်ရှားပေါ်ပေါက်ပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။