ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အလုပ်အကိုင်ရရှိရေး ပြည်သူများစီးပွားတိုးတက်လာစေရေး၊ ပုဂ္ဂလိကလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများကို ပံ့ပိုးမှုတစ်ရပ်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ပြီး ချေးငွေများ ထုတ်ချေးနေသည်ကို ကြားသိနေရပါကြောင်း၊ မြို့ပေါ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းများမှာ အိမ်ဂရန်များအား အာမခံထားရှိ၍ ချေးငွေအရင်းအနှီးများ ရရှိနေပြီဖြစ်သော်လည်း မြို့နယ်၊ ကျေးရွာများတွင် လုပ်ငန်းရှင်များမှာ အကျိုးခံစားခွင့် လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာနားလည်းခြင်းမရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ချေးငွေနှင့် မတည်မှုငွေရရှိနိုင်ရေးအတွက်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းပိုင်းဆိုင်ရာနည်းလမ်းများ၊ ညွှန်ကြားချက်များနှင့် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း၊ ထို့အပြင် ကျေးရွာများတွင် မြေဂရန်ပြုလုပ်ရန် အခက်အခဲရှိသဖြင့် မြေဂရန်အစား မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
စီးပွားရေးလုပ်ငန်းများမှတ်ပုံတင်ရာတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြိကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင်လည်းကောင်း၊ အငယ်စားစက်မှုလုပ်ငန်းများကို အသေးစားစက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေအရ သမဝါယမဝန်ကြီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတွင်လည်းကောင်း၊ ဆန်စက်၊ ပဲခွဲစက် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ငါးပိ၊ ငါးခြောက် စီးပွားရေးလုပ်ငန်းများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စီးပွာရေးလုပ်ငန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင်လည်းကောင်း မှတ်ပုံတင်ကြရပါကြောင်း။
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေနှင့် မတည်ရင်းနှီးငွေရရှိရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေများသို့ ချေးငွေကျပ် ၂၀ ဘီလီယံကို ခွဲဝေချထားပေးခဲ့ရာ လုပ်ငန်းအရေအတွက် များပြားသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ချေးငွေကျပ် ၂ ဘီလီယံစီနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေများတွင် ငွေကျပ် ၁ ဘီလီယံစီ သတ်မှတ်၍ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ အဆိုပါ SME ချေးငွေသည် ပထမဆုံး စတင်အကောင်အထည်ဖော်ရခြင်း ဖြစ်ပါသဖြင့် လက်ရှိလုပ်ငန်းလုပ်ကိုင်နေသော စက်မှုလုပ်ငန်းများကို အခြေပြု၍ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ထားရှိ၍ မရွှေ့မပြောင်းနိုင်သော မြေနှင့် မြေပေါ်ရှိ အဆောက်အအုံများအား အပေါင်ပစ္စည်းအဖြစ်ထားရှိနိုင်ပြီး လုပ်ငန်းလည်ပတ်မှုရှိ၍ အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပါကြောင်း။
SME ချေးငွေရယူလိုသော စီပွားရေးလုပ်ငန်းရှင်များကို မိမိလုပ်ငန်းများတည်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်/ ကောင်စီနယ်မြေများရှိ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူးများမှတစ်ဆင့် လျှောက်ထားပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ် ချက်ရယူရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့မှ ချေးငွေထုတ်ပေးနိုင်ရန် လုပ်ငန်းရှင်များ၏ စာရင်းအား အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB သို့ ပေးပို့ပါကြောင်း၊ SMIDB အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအတိုင်း ချေးငွေလျှောက်ထားသူများ၏ အပေါင်ပစ္စည်းများ ခိုင်မာမှုရှိမှသာ ချေးငွေထုတ်ချေးခြင်းပြု၍ ချေးငွေရရှိမှုမကြန့်ကြာစေရန် လုပ်ငန်းရှင်များ၏ အပေါင်ပစ္စည်းများ ခိုင်မာမှုရှိ/မရှိကို တိုင်းဒေသကြီး/ပြည်နယ်နှင့် ကောင်စီနယ်မြေရှိ တာဝန်ရှိသူများက ကြိုတင်စိစစ်ပြီးမှသာ သက်ဆိုင်ရာအစိုးရအဖွဲ့ကို တင်ပြရမည်ဖြစ်ပါကြောင်း၊ SMIDB ၏ စည်းမျည်းစည်းကမ်းအရ စီးပွားရေးလုပ်ငန်းရှင်များမှ အခွန်ပေးဆောင်ပြီးစီးမှုပြေစာကို ယခုဘဏ္ဍာနှစ်အပါအဝင် မိတ္တူတင်ပြရမည် ဖြစ်သော်လည်း တစ်နှစ်အတွက်သာ တင်ပြလျှင်သော်လည်းကောင်း၊ လျှောက်ထားသူအမည် ပေါက်ဂရန်၊ ဘိုးဘွားပိုင်အာမခံမြေပိုင်ဆိုင်မှုဂရန် လက်ကျန်သက်တမ်းအား အနည်းဆုံး ၄ နှစ်ရှိရမည့်အစား အနည်းဆုံး ၄ နှစ်ရှိခဲ့လျှင်သော်လည်းကောင်း၊ SME ချေးငွေရရှိနိုင်ရန်အတွက် ဖြေလျော့မှုများ ပေးထားပါကြောင်း၊ ထို့အပြင် ချေးငွေလျှောက်ထားမှု၏ အာမခံမြေဂရန်အမည်ပေါက် ၃ (ခ) ပုံစံတွင် လယ်ယာမြေမဟုတ်ကြောင်း ထောက်ခံချက်ပါရှိပါက လက်ခံပေးပါကြောင်းနှင့် လုပ်ငန်းအရှုံး/အမြတ်စာရင်းကို ယခင်က ပြည်သူ့လက်မှတ်ရစာရင်းကိုင် ထောက်ခံချက်ဖြင့် ရေးဆွဲရန်လိုအပ်သော်လည်း ယခုအခါ SMIDB ၏ သတ်မှတ်ပုံစံအတိုင်း တစ်နှစ်စာအတွက် ပြင်ဆင်ရေးဆွဲတင်ပြနိုင်ပါက ချေးငွေရရှိရေးအတွက် ဖြေလျှော့လက်ခံပေးလျက် ရှိပါကြောင်း။
ကျေးရွာများကို မြေငှားဂရန်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ရန် ၁၈၉၂ ခုနှစ်၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ အပိုဒ် ၇၉ တွင်လည်းကောင်း၊ ၁၉၀၇ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများနည်းဥပဒေအပိုဒ် ၄၁ မှ ၄၉ အထိလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျေးရွာမြေအဖြစ် တရားဝင် အမိန့်ထုတ်ပြန် သတ်မှတ်ထားခဲ့ပြီးဖြစ်သော ဧရိယာအတွင်း၌ စနစ်တကျအကွက်ရိုက်ထားပြီးဖြစ်သော ကျေးရွာမြေကို ၎င်းကျေးရွာ အုပ်စုအတွင်း နေထိုင်သူမှ လူနေထိုင်ရန်၊ စက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လျှောက်ထားလိုပါက မြို့နယ်မြေစာရင်းဦးစီးဌာနမှ ရေးဆွဲပေးသော မြေစာရင်းပုံစံ ၁၀၅၊ မြေရာဇဝင်ပုံစံ ၁၀၆ များနှင့် ဆောက်လုပ်အသုံးပြုမည့် အဆောက်အအုံများနှင့်တကွ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို လျှောက်ထားရမည်ဖြစ်ပါကြောင်း။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အဆိုပါလျှောက်ထားချက်များနှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက်များကို အဆင့်ဆင့်စိစစ်တင်ပြစေပြီး ခရိုင်အုပ်ချုပ်ရေးမှူးက မြေပြင်ကွင်းဆင်း ဆောင်ရွက်ရပါကြောင်း၊ ထို့နောက် ပြဋ္ဌာန်းထားသော ဥပဒေသတ်မှတ်ချက်များနှင့် ကိုက်ညီပါက အနည်းဆုံး ၁၀ နှစ်မှ အများဆုံး ၃၀ နှစ်ရှိသော မြေငှားစာချုပ် Lease နှင့် စနစ်တကျအကွက်ရိုက်ထားခြင်းမရှိသော မြေများအတွက် အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ မြေငှားလိုင်စင် Lenience များ ခွင့်ပြုချထားပေးနိုင်ပါကြောင်း၊ သို့ရာတွင် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေအပိုဒ် ၇၉ အပိုဒ်ခွဲ(ဋ)နှင့် အောက်မြန်မာနိုင်ငံ မြို့ရွာနှင့် ကျေးရွာမြေနည်းဥပဒေအပိုဒ် ၄၉ အပိုဒ်ခွဲ(ခ) တို့တွင် ထိုမြေကို အသုံးပြုရာ၌ အများပြည်သူတို့အား အနှောင့်အယှက်ဖြစ်စေမည်ဟု မြေငှားစာချုပ်ထုတ် ပေးနိုင်သော အခွင့်အာဏာရှိသူက ထင်မြင်ယူဆပါက မြေကွက်ကို အငှားချထားပေးခြင်းမပြုရန် ပြဋ္ဌာန်းထားရှိပါကြောင်း၊ သို့ဖြစ်၍ ပြည်ထဲရေးဌာနအနေဖြင့် ကျေးရွာမြေများအဖြစ် တရားဝင်အမိန့်ထုတ်ပြန်ထားသော ဧရိယာအတွင်း ကျေးရွာတွင် အမှန်တကယ်နေထိုင်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အချက်အလက် အပြည့်အစုံဖြင့် တင်ပြလျှောက်ထားလာပါက ဥပဒေများနှင့်အညီ စိစစ်၍ ဂရန်များထုတ်ပေး လျက်ရှိပါကြောင်း ချေးငွေများထုတ်ပေးခြင်းအခြေအနေကို သိရှိနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။
